backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဆီးချိုရောဂါ အကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆီးချိုရောဂါ အကြောင်း

ဆီးချိုရောဂါ အကြောင်း ……… ဆီးချိုသွေးချိုရောဂါဆိုတာက နာတာရှည်ရောဂါတစ်မျိုးပါ။ သွေးတွင်းမှာ ဂလူးကို့စ်ပမာဏတွေ (သွေးတွင်းသကြားဓာတ်) အလွန်အကျွံ များနေတာကို ဆိုလိုတာပါ။ သွေးချိုဆီးချိုမှာ အမျိုးအစားတွေက ၅ မျိုးအထိ ရှိပါတယ်။ အမျိုးအစား (၁) ဆီးချိုအမျိုးအစား (၂) ဆီးချို၊ ကိုယ်ဝန်ဆောင်ဆီးချို၊ လူငယ်တွေမှာဖြစ်တတ်တဲ့ ဆီးချို maturity onset diabetes of young (MODY)နဲ့ ခုခံအားတုံ့ပြန်မှု မမှန်တာကြောင့် လူငယ်တွေမှာ ဖြစ်တဲ့ ဆီးချို  (LADA) ဆိုပြီးပေါ့။

သုတေသီတွေက အခုလက်ရှိမှာ  သွေးတွင်းသ​ကြားဓာတ် ပမာဏက ဦးနှောက်ကျန်းမာရေးနဲ့  အတော်လေး ဆက်စပ်နေတာ​ကြောင့် အယ်လ်ဇိုင်းမားကို တစ်ခါတလေမှာ အမျိုးအစား (၃) ဆီးချိုရောဂါလို့ သတ်မှတ်တာမျိုး ရှိကြပါတယ်။ ဒီရောဂါက နေထိုင်မှုပုံစံ၊ မျိုးဗီဇအကြောင်းအရာတွေ၊ အသက်အရွယ်တွေနဲ့ သက်ဆိုင်နေတဲ့ ရောဂါ တစ်မျိုးပါ။

ဆီးချိုအမျိုးအစားတွေကြားက ဆင်တူမှုများ

ဆီးချိုသွေးချို အမျိုးအစားတွေက အမျိုးအစားတွေအားဖြင့် ကွဲပြားသွားပေမယ့် အားလုံးမှာ တူညီနေတာက အင်ဆူလင်ထုတ်လုပ်မှုနဲ့ ဂလူးကို့စ်ဖြစ်ပျက်ပြောင်းလဲမှု ပုံစံ တူညီတာပါ။ ဂလူးကို့စ်က ကာဗိုဟိုက်ဒရိတ်ကနေရတဲ့ သကြားဓာတ် တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ စွမ်းအင် အရင်းအမြစ်ပါ။

ပန်ကရိယ (မုန့်ချိုအိတ်) က အင်ဆူလင်ကို မထုတ်ပေးခင်မှာ ဂလူးကို့စ်တွေက သွေးကြောထဲမှာ လှည့်ပတ်စီးနေပြီး  အင်ဆူလင် ဟော်မုန်းထွက်ရှိလာမှာ အင်ဆူလင်ရဲ့ အကူအညီနဲ့ ဆဲလ်တွေထဲကို ဝင်ရောက်ပြီး စွမ်းအင်အဖြစ် ပြောင်းလဲပါတယ်။

အင်ဆူလင်က ခန္ဓာကိုယ်က ဂလူးကို့စ်တွေကို သိမ်းဆည်းနိုင်စေဖို့ အသုံးပြုနိုင်စေဖို့ ကူညီပေးတာပါ။ ဆီးချို အမျိုးအစားကိုလိုက်ပြီး အင်ဆူလင် ထုတ်လုပ်မှု နည်းတာကနေ လုံုံဝ မထုတ်လုပ်တာမျိုးအထိ ရှိနိုင်ပါတယ်။

အမျိုးအစား (၁) ဆီးချိုနဲ့ LADAတို့မှာ ခုခံအားက အင်ဆူလင်ထုတ်တဲ့ ဆဲလ်တွေကို ဖျက်ဆီးတာကြောင့် အင်ဆူလင်က ပမာဏ လုံလောက်အောင် မထုတ်နိုင်တာပါ။

အမျိုးအစား (၂) ဆီးချိုနဲ့ ကိုယ်ဝန်ဆောင်ဆီးချိုမှာတော့ အင်ဆူလင်ကို ခန္ဓာကိုယ်က ကောင်းကောင်း မတုံ့ပြန်နိုင်တာပါ။

ဆီးချို အမျိုးအစားတွေမှာ ကာလတို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်ကြတဲ့ ပင်ပန်းနွမ်းနယ်တာ၊ ရေအရမ်းငတ်တာ၊ ဆီးခဏခဏ သွားတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ အနေနဲ့ အမြင်အာရုံ ပြောင်းလဲတာ၊ နှလုံးရောဂါ ခံစားရနိုင်ခြေ မြင့်တာ၊ လေဖြတ်နိုင်ခြေ မြင့်တာ၊ ကိုယ်ဝန်ဆောင်ဆီးချိုကလည်း ကိုယ်ဝန်ဆောင်နေချိန်နဲ့ မွေးဖွားပြီးချိန်မှာ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ ခံစားရနိုင်ပါတယ်။

ဆီးချိုအမျိုးအစားတိုင်းကို သေချာ ကုသမယ်ဆိုရင် နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်မှာပါ။

ဆီးချိုရောဂါ လက္ခဏာများ

ဆီးချိုရောဂါ အမျိုးအစားတိုင်းမှာ ခံစားရတဲ့ အစောပိုင်း လက္ခဏာတွေက ခပ်ဆင်ဆင် တူပါတယ်။ ဆီးချိုရောဂါ အမျိုးအစား တစ်ခုခုကို ခံစားရပြီဆိုရင်

  • ဆီးခဏခဏသွားမယ်
  • ရေအရမ်းငတ်မယ်
  • ခေါင်းက ပေါ့ပေါ့ကြီးနဲ့ မူးနေမယ်
  • ဗိုက်ခဏခဏဆာတာမျိုးတွေ ခံစားရနိုင်ပါတယ်။
  • ဒီလို လက္ခဏာတွေ တွေ့လာပြီဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။

    ဆီးချိုရောဂါ အကြောင်း ကို ကြားလိုက်ရရင် အများစုက စိတ်ညစ်တတ်ပေမယ့် စောစောသိ စောစော ကုသတာက နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်ပါတယ်။ ဆီးချိုက သွေးတွင်းမှာ ဂလူးကို့စ် များနေနိုင်သလို ဆီးထဲမှလည်း ဂလူးကို့စ် များနေနိုင်ပါတယ်။ ဆီးချို အမျိုးအစားကို လိုက်ပြီး ကုသမှုက ကွာခြားနိုင်ပါတယ်။

    • အမျိုးအစား (၁) ဆီးချို

     ပန်ကရိယ (မုန့်ချိုအိတ်) က အင်ဆူလင် ထုတ်လုပ်မှုကို လုံးဝနီးပါး ရပ်ဆိုင်းလိုက်တဲ့အခါ ဒါမှမဟုတ် လုံးဝမထုတ်တော့တဲ့ အခြေအနေပါ။ အင်ဆူလင်ပေါ် မှီခိုရတဲ့ ဆီးချိုလို့ ခေါ်သလို မွေးရာပါ ဆီးချိုလို့လည်း ခေါ်ကြပါတယ်။

    အမျိုးအစား (၁) ဆီးချိုက ကလေးဘဝကတည်းက ခံစားရတာဖြစ်ပြီး လက္ခဏာ သိပ်မပြင်းထန်တာမျိုး ရှိသလို လက္ခဏာ တအား ပြင်းထန်တာမျိုးလည်း ရှိပါတယ်။

    ဆီးချို လက္ခဏာလို့ သေသေချာချာ မတွေ့ရခင် ကလေးမှာ မကြာခဏ အိပ်ရာထဲမှာ သေးပေါက်ချတာ၊ အမြဲလိုလို အိပ်ငိုက်နေတာ၊ ကြီးထွားမှု ပုံမှန် မဟုတ်တာ၊ သင်ယူနိုင်စွမ်း အားနည်းတာမျိုးတွေ ရှိနိုင်ပါတယ်။ သွေးထဲမှာ  သကြားဓာတ် တအားမြင့်လာတဲ့အခါ ကလေးက တက်တာ၊ သတိလစ်တာတွေကို ခံစားရနိုင်ပါတယ်။

    အမျိုးအစား (၁) ဆီးချို ဖြစ်စေရတဲ့ အကြောင်းအရင်းကို သေသေချာချာ မသိရသေးပါဘူး။ ဒါပေမယ့် မိဘမျိုးရိုးမှာ ဆီးချိုရှိသူရှိမယ်ဆိုရင် မွေးလာမယ့် ကလေးမှာ အမျိုးအစား (၁) ဆီးချိုရောဂါ ခံစားရနိုင်ခြေက မြင့်နေနိုင်ပါတယ်။

    အမျိုးအစား (၁) ဆီးချိုဟာ ကိုယ်ခံအားက မုန့်ချိုအိတ်ဆဲလ်တွေကို တိုက်ခိုက်တာကြောင့် ဖြစ်လာတဲ့ autoimmune disease တစ်ခုလို့လည်း သတ်မှတ်ထားပါတယ်။ အမျိုးအစား (၁) ဆီးချိုဟာ ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    အမျိုအစား (၁) ဆီးချိုရှိသူတွေဟာ နေ့စဉ် အင်ဆူလင် ထိုးဖို့ လိုပါမယ်။ သွေးတွင်းသ​ကြားဓာတ်ကို မကြာခဏ စစ်ဆေးပြီး အင်ဆူလင်ထိုးတာတွေ လုပ်ဖို့လိုသလို အစားအစား စားသောက်မှုပုံစံကိုလည်း သေချာ ဂရုစိုက်ရပါမယ်။ အိပ်ရေးဝဖို့. ကိုယ်လက်လှုပ်ရှားမှု ရှိစေဖို့လည်း ဂရုစိုက်ရပါမယ်။

    နေ့စဉ် စားသုံးမှုမှာ ကောက်နှံတွေ၊ အဆီမပါတဲ့ အသား၊အခွံမာသီးတွေ၊ ပဲအမျိုးမျိုး၊ သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။

    • အမျိုးအစား (၁.၅) ဆီးချိုရောဂါ

    ဒီဆီးချို အမျိုးအစားက အမျိုးအစား (၁) ဆီးချိုနဲ့ အတော်လေး ဆင်တူပါတယ်။ ကွာခြားနေတာ တစ်ခုက သူက မွေးရာပါ မဟုတ်ဘဲ အသက်အရွယ် တော်တော်လေး ရောက်လာမှ ခံစားရတာမျိုးပါ။ များသောအားဖြင့် အသက် ၃၀ ဝန်းကျင်လောက်မှာ ခံစားရနိုင်ပါတယ်။

    ဒါကြောင့်လည်း Latent Autoimmune Diabetes in Adults (LADA)လို့ ခေါ်တာပေါ့။ ဒီအမျိုးအစား ဆီးချိုက ဆယ်ကျော်သက်အရွယ်လောက်မှ ခံစားရတာ များပါတယ်။  ဒီအမျိုးအစား ဆီးချိုကို အမျိုးအစား (၂) ဆီးချိုနဲ့ အမှတ်မှားတတ် ကြပါတယ်။ လက္ခဏာတွေက ခပ်ဆင်ဆင် တူတာကြောင့်လည်း ပါပါတယ်။

    ဒီ အမျိုးအစား ဆီးချိုမှာ ခန္ဓာကိုယ်က မုန့်ချိုအိတ်က ဘီတာဆဲလ်တွေကို တိုက်ခိုက်တာကြောင့်  အင်ဆူလင် ထုတ်လုပ်မှုကို အပြင်းအထန် ကန့်သတ်ခံရပြီး သွေးတွင်း သကြားဓာတ် မြင့်လာရတာပါ။

    မျိုးရိုးထဲမှာ အမျိုးအစား (၁) ဆီးချို၊ ဒါမှမဟုတ် အမျိုးအစား (၂) ဆီးချို ခံစားရသူတွေမှာ ပိုအဖြစ်များပါတယ်။ အချိန်ကြာလာတဲ့အခါ အမျိုးအစား (၁) ဆီးချိုလိုပဲ အင်ဆူလင် လုံးဝ မထွက်တော့တာမျိုးဖြစ်လာနိုင်ပါတယ်။

    ဒီ ဆီးချို အမျိုးအစားအတွက် ကုသမှုမှာ အင်ဆူလင် ထိုးတာ ပါသလို အခြားဆေးဝါးတွေ သောက်သုံးရတာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာတွေကို ဂရုတစိုက် လုပ်ဆောင်ဖို့ လိုပါမယ်။

    • အမျိုးအစား (၂) ဆီးချို

    ခန္ဓာကိုယ်က အင်ဆူလင်ကို လုံလောက်အောင် မထုတ်နိုင်တော့တဲ့အခါ အမျိုးအစား (၂) ဆီးချိုကို ခံစားရပါတယ်။ ဒီအခြေအနေကို အင်ဆူလင် ကောင်းစွာ မတုံ့ပြန်တာလို့လည်း ခေါ်ကြပါတယ်။

    အမျိုးအစား (၂) ဆီးချို ခံစားရတဲ့အခါ အစောပိုင်းကာလမှာ အမြဲလိုလို ပင်ပန်းတာ၊ မကြာခဏ ဆီးသွားတာတွေ ခံစားရနိုင်ပါတယ်။ များသောအားဖြင့်ကတော့ အမျိုးအစား (၂) ဆီးချိုကို အစောပိုင်;ကာလမှာ မသိကြတာ များပါတယ်။

    အမျိုးအစား (၂) ဆီးချိုကို သေချာ ဂရုစိုက ထိန်းသိမ်းတာမျိုး မရှိဘူးဆိုရင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ အနေနဲ့ကတော့ နှလုံးသွေးကြောဆိုင်ရာ ရောဂါ၊ ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

    အမျိုးအစား (၂) ဆီးချို ရောဂါ ခံစားရတဲ့အခါ အစောပိုင်းမှာ အကြို ဆီးချို ရောဂါ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာတွေက သွေးတွင်းသ​ကြားဓာတ်မြင့်တာ၊ သွေးပေါင်တက်တာ၊ သွေးတွင်း ကိုလက်စထရောများတာ၊ ကိုယ်အလေးချိန် တက်တာ၊ အဝလွန်တာတွေရဲ့ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင် တူပါတယ်။

    တစ်ခါတရံမှာ ကိုယ်အလေးချိန် ထိန်းလိုက်တာက အမျိုးအစား (၂) ဆီးချို အစောပိုင်းကာလမှာ ရောဂါအခြေအနေ ထပ်မဆိုးလာအောင် ထိန်းချုပ်လိုက် သလိုပါပဲ။

    အမျိုးအစား (၂) ဆီးချို ရှိသူတွေအနေနဲ့ အင်ဆူလင် ထွက်ရှိမှု ကောင်းအောင် ဆေးသောက်တာတွေလုပ်ပေးရသလို ကိုယ်အလေးချိန် လျှော့တာ၊ စိတ်ဖိစီးမှု လျှော့ချတာ၊ ထိရောက်တဲ့ ကုသမှုတွေ ခံယူတာမျိုး လုပ်ဖို့ လိုပါမယ်။

    • ကိုယ်ဝန်ဆောင် ဆီးချို

    အရင်က ဆီးချို မရှိဘဲ ကိုယ်ဝန်ရှိချိန်မှာ သွေးချိုက မြင့်နေမယ်ဆိုရင် ဒါဟာ ကိုယ်ဝန်ဆောင် ဆီးချို ခံစားနေရတာပါ။ ဒီဆီးချိုက ကလေး ကြီးထွားဖွံဖြိုးမှုအပေါ် သက်ရောက်နေသလို  ကိုယ်ဝန်ဆောင်ချိန်မှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေနဲ့ မွေးဖွားမှု အခက်အခဲတွေ ရှိနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင် ဆီးချို ခံစားနေရပြီဆိုရင် သွေးချိုကို ပုံမှန် စစ်ဆေးဖို့ လိုသလို ကိုယ်အလေးချိန်၊ ကလေးကြီးထွားမှုတွေကို စစ်ဆေးပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို အထိရောက်ဆုံး ကာကွယ်ဖို့ လိုပါမယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ အချင်းက ထွက်တဲ့ ဟော်မုန်းက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ပန်ကရိယက အင်ဆူလင်ကို လုံလောက်အောင် မထုတ်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ သွေးတွင်းသကြားဓာတ်က အမြဲလိုလို မြင့်တက်တဲ့အခါကိုယ်ဝန်ဆောင် ဆီးချို ဖြစ်လာပါတယ်။

    မျိုးရိုးရှိသူတွေ၊ အဝလွန်နေသူတွေက အခြားသူတွေထက် ကိုယ်ဝန်ဆောင်ဆီးချို ခံစားရနိုင်ခြေပိုများပါတယ်။ ကလေးမွေးပြီးချိန်မှာ သွေးချိုပမာဏက ကျသွားတတ်ပြီး သွေးတွင်းသကြားဓာတ်က ပုံမှန် အခြေအနကို ပြန်ရောက်သွားတတ်ကြပါတယ်။

    အမျိုးသမီးတွေက  အမျိုးအစား (၂) ဆီးချို ရောဂါထက် ကိုယ်ဝန်ဆောင် ဆီးချို ခံစားရနိုင်ခြေက ပိုများပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်း သကြားဓာတ် ပမာဏ မြင့်နေမယ်ဆိုရင် သေချာ ကုသမှု ခံယူဖို့ လိုပါမယ်။

    နေထိုင်မှု ပုံစံ ပြောင်းလဲတာ၊  ကာဗိုဟိုက်ဒရိတ် လျှော့စားတာ၊ သင့်တင့်တဲ့ လေ့ကျင့်ခန်း လုပ်တာမျိုးတွေ လုပ်​ဆောင်ပေးဖို့ လိုပါမယ်။  ဒါတွေက သွေးတွင်း သကြားဓာတ်ကို အကောင်းဆုံး အနေအထားမှာ ထိန်းထားနိုင်မှာပါ။

    ဒီလောက်ဆို ဆီးချိုရောဂါ အကြောင်း ကို ပြည့်ပြည့်စုံစုံသိလောက်ပါပြီ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 18/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement