backup og meta

ဝိတ်ကျစေမယ့် ဗီတာမင်နဲ့သတ္တုဓါတ်တွေကဘာတွေဖြစ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝိတ်ကျစေမယ့် ဗီတာမင်နဲ့သတ္တုဓါတ်တွေကဘာတွေဖြစ်မလဲ
    ဝိတ်ချတယ်ဆိုရင် အများစုကတွေးမိတာက အစားလျှော့စားလိုက်ဖို့ပါ။ တကယ်တော့ တစ်ခါတလေမှာ အစားလျှော့စားတိုင်းလည် ဝိတ်ကျစေတာတော့မဟုတ်ပါဘူး။ ကျန်းမာစွာနဲ့ ဝိတ်ကျချင်ရင် အခုပြောတဲ့ ဗီတာမင်နဲ့သတ္တုဓါတ်လေးတွေကို အားကိုးကြည့်ဖို့ပြောပါရစေနော်။

    ဝိတ်ချဖို့ ဗီတာမင်တွေသောက်သင့်လား…..

    ဝိတ်ချတယ်ဆိုတာကပြောသလောက်လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ဆေးလေးသောက်လိုက်ရုံ၊ အစားလေးလျှော့လိုက်ရုံ၊လေ့ကျင့်ခန်းလေးလုပ်လိုက်ရုံတင်လားဆိုတော့ မဟုတ်ပါဘူး။ အားလုံးကို မျှတအောင်လုပ်မှ ကျန်းမာစွာနဲ့ ကိုယ်အလေးချိန်ကျလို့ ကျစ်လျစ်သွယ်လျသွားမှာပါ။ ဝိတ်ချနေချိန်မှာမေ့ထားလို့မဖြစ်တာက ကျန်းမာရေးနဲ့ညီညွတ်စွာဝိတ်ကျစေဖို့အတွက် ခန္ဓါကိုယ်မှာ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝနေစေဖို့ပါ။ ဒါမှလည်း ကျန်းမာစွာနဲ့ ကိုယ်အလေးချိန်ချနိုင်တော့မှာပေါ့။နောက်တစ်ခုက အချို့ဗီတာမင်နဲ့ သတ္တုဓါတ်တွေက ဝိတ်မတက်စေဘဲ ကျန်းမာရေးနဲ့ညီညွတ်လို့ မလိုအပ်တဲ့ အဆီပိုတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်တယ်ဆိုတာပါ။

    ဝိတ်ကျစေဖို့ ကူညီပေးမယ့် ဗီတာမင်တွေက ဘာတွေဖြစ်မလဲ

    ဒီဗီတာမင်တွေ ဝိတ်ကျစေဖို့ တကယ်ကို အထောက်အကူပြုနိုင်မှာပါ။

    (၁) ဗီတာမင် Bဗီတာမင် B ဆိုတဲ့နေရာမှာ ဗီတာမင် B အုပ်စုဝင်တွေဖြစ်တဲ့ သီရာမင်း (ဗီတာမင် B1)၊ ရီဗိုဖလာဗင် (ဗီတာမင် B2)၊ နီကာဆင် (ဗီတာမင် B3)၊pantothenic acid(ဗီတာမင် B5)၊pyridoxine(ဗီတာမင် B6)၊ ဘိုင်အိုတင် (ဗီတာမင် B7)၊ဖောလိတ် (ဗီတာမင် B9)၊cobalamin (ဗီတာမင် B12) တို့ပါဝင်နေတာပါ။ ဗီတာမင် B အုပ်စုတွေကကိုယ်တွင်းက ဇီဝကမ္မလုပ်ငန်းစဉ်တွေကို အကောင်းဆုံးလုပ်ဆောင်ပေးနိုင်စေပြီးစားသုံးလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ အဆီတွေကို အကောင်းဆုံးဖြိုခွဲပေးပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက ဝိတ်ကျစေဖို့ အကောင်းဆုံးတွန်းအားပေးနိုင်မှာပါ။

    ဘာတွေစားရမလဲ…. ပဲအမျိုးမျိုး၊ ပဲနီလေး၊ နို့၊ ဥအမျိုးမျိုး၊ အဆီမပါတဲ့အသား၊ အာလူး၊ ငှက်ပျောသီးတို့ကို စားသုံးပေးသင့်ပါတယ်။

    (၂) ဗီတာမင် Dကိုယ်ခံအားကောင်းစေဖို့ အရေးပါတဲ့ ဓါတ်တစ်ခုပေါ့။ ယနေ့ခေတ်မှာ လူတော်တော်များများကနေရောင်နဲ့ ထိတွေ့မှုနည်းလာကြပါတယ်။ ဒါကြောင့်လည်း ဗီတာမင် D ရရှိဖို့ ခဲယဉ်းလာကြပါတယ်။ ဗီတာမင် D ကိုရရှိနိုင်တဲ့ အဓိကရင်းမြစ်ကနေရောင်ခြည်ပါ။ ဗီတာမင် D ရရှိမှုနည်းပါးတာက အဝလွန်စေနိုင်သလို စိတ်ဓါတ်ကျမှုကိုလည်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် D ကိုလုံလောက်စွာရရှိအောင်လုပ်ဆောင်နိုင်မှုကလည်း ဝိတ်ကျစေဖို့ အထောက်အကူပြုပေးနိုင်မှာပါ။

    ဘာတွေစားရမလဲ….. ဗီတာမင် D ကို အဓိကရရှိစေနိုင်တာကနေရောင်ခြည်ပါ။ ဒါပေမယ့် ဆာဒင်းငါး၊ တူနာငါး၊ ဆယ်လ်မွန်ငါး၊ ကြက်ဥအနှစ်၊ ဗီတာမင် Dဖြည့်စွက်ထားတဲ့ နို့နဲ့ဒိန်ချဉ်တွေကိုစားပေးလို့လည်းရပါတယ်။

    (၃) သံဓါတ်စားလိုက်တဲ့ အစာအာဟာရတွေကို စွမ်းအင်အဖြစ်ပြောင်းလဲဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ သံဓါတ်က ခန္ဓါကိုယ်ကဆဲလ်တွေဆီကိုအောက်ဆီဂျင်ရောက်ရှိအောင်ပို့ဆောင်ပေးသလို ကြွက်သားတွေဆီကို လည်းအောက်ဆီဂျင်ကို ပို့ဆောင်ပေးပါတယ်။ သံဓါတ်ရဲ့နောက်ထပ်အားသာချက်တစ်ခုက အဆီတွေကိုလောင်ကျွမ်းစေနိုင်တာပါပဲ။

    ဘာတွေစားရမလဲ…….အဆီမပါတဲ့ အသား၊ အခွံမာပင်လယ်စာတွေ၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ်ရွက်တို့ကို စားပေးလို့ရပါတယ်။

    (၄) မဂ္ဂနီဆီယမ်ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးပေါ့။သွေးတွင်းသကြားဓါတ်ထိန်းညှိဖို့၊သွေးပေါင်ချိန်ထိန်းညှိဖို့၊ အရိုးတွေ သန်မာစေဖို့၊ အာရုံကြောစနစ်တွေ အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ထောက်ပံ့ပေးပါတယ်။ ခန္ဓါကိုယ်ကို မလိုအပ်ဘဲ ကိုယ်အလေးချိန်မတက်စေဖို့ဆိုရင် ဒီသတ္တုဓါတ်ကိုလည်းမေ့ထားလို့မဖြစ်ပါဘူး။

    ဘာတွေစားရမလဲ……. အခွံမာသီးတွေ၊ အစေ့အဆံတွေ၊ပဲတောင့်ရှည်၊ ဟင်းနုနွယ်လိုမျိုး အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကိုစားပေးဖို့လိုပါမယ်။

    (၅) ကယ်လ်ဆီယမ်ငယ်စဉ်ကတည်းကစပြီး အသက်ကြီးတဲ့အထိ ကယ်လ်ဆီယမ်က အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ အရိုးနဲ့သွားတွေကြံ့ခိုင်သန်စွမ်းစေဖို့ထောက်ပံ့ပေးသလို ကယ်လ်ဆီယမ်ကို လိုအပ်တဲ့ ပရိုတင်းနဲ့ သင့်တင့်မျှတအောင်စားသုံးပေးမယ်ဆိုရင် ကယ်လ်လိုရီတွေကို အထိရောက်ဆုံးလောင်ကျွမ်းပေးနိုင်မှာ အသေအချာပါ။ ကယ်လ်ဆီယမ်ကို ကယ်လ်လိုရီနည်းတဲ့ အစားအသေကာ်တွေနဲ့ တွဲဖက်စားသုံးပေးမှုကလေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ခန္ဓါကိုယ်က အဆီတွေကိုလောင်ကျွမ်းစေနိုင်မှာပါ။ ဒါကြောင့် ကိုယ်အလေးချိန်ကိုလျှော့ချချင်တယ်ဆိုရင် ကယ်လ်ဆီယမ်ကိုလည်းမေ့ထားလို့ မဖြစ်ပါဘူး။

    (၆) Omega-3 fatty acidsဝိတ်ကျစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။omega-3 fatty acids က ကိုယ်တွင်းကအဆီပိုတွေကိုဖယ်ရှားပေးတဲ့အပြင် နှလုံးကျန်းမာအောင်ထောက်ပံ့ပေးပါတယ်။သွေးကြောလေးတွေကို ကျန်းမာစေနိုင်ပြီးရောဂါတစ်ခုခုကြောင့် နှလုံးနဲ့ သွေးကြောလေးတွေ ထိခိုက်မှုမဖြစ်အောင်လည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

    ဘာတွေစားရမလဲ……. ဆယ်လ်မွန်၊ မက်ကာရယ်၊ ထရောက်ငါး၊ ဆာဒင်း၊ တူနာ တို့ကို စားသုံးပေးလို့ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement