တန်ဆောင်တိုင်ဂါရဝပြုလက်ဆောင်လို့ပြောလိုက်ရင် လူတိုင်းလိုလိုပြေးမြင်တာက စားစရာတွေနဲ့ အဝတ်အစား အသုံးအဆောင်တွေပါ။ စားကောင်းတာတွေနဲ့ ဝတ်ကောင်းစားလှတွေက ချစ်ခြင်းမေတ္တာကိုဖော်ထုတ်တဲ့အရာတွေလို့ အများက လက်ခံယူဆထားပုံရပါတယ်။ တကယ်တော့ ချစ်ခြင်းမေတ္တာကိုဖော်ပြတဲ့အခါ စားကောင်းသောက်ဖွယ်တွေနဲ့ အသုံးအဆောင်တွေအပြင် ကျန်းမာရေးစောင့်ရှောက်မှုကလည်း အထိရောက်ဆုံးဖော်ပြနိုင်မှာပါ။
ကိုယ်ချစ်ရတဲ့သူတွေကို ကျန်းကျန်းမာမာအသက်ရှည်ရှည်နေစေချင်တဲ့ဆန္ဒလူတိုင်းမှာရှိမှာပါ။ ဒီဆန္ဒကိုပြည့်မြောက်စေဖို့က အစားအသောက်နဲ့ အသုံးအဆောင်တွေနဲ့တင် မလုံလောက်ပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှုပါလုပ်ပေးဖို့လိုဦးမှာပါ။ ဒါဆိုတန်ဆောင်တိုင်ကာလမှာ ချစ်ရတဲ့သူတွေကို ဂါရဝပြူဖို့ စဉ်းစားရခက်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကနေ လမ်းညွှန်ပါရစေ။
တန်ဆောင်တိုင်အတွက် ကျန်းမာရေးဂါရဝ….
သီတင်းကျွတ်တုန်းက မကန်တော့ရသေးလို့ဖြစ်ဖြစ် သီတင်းကျွတ်မှာ ကန်တော့ပြီးပေမယ့် တန်ဆောင်တိုင်မှာ မှတ်မှတ်ရရလက်ဆောင်ပေးချင်လို့ဖြစ်ဖြစ်မေမေဖေဖေတို့အပါအဝင် ချစ်ခင်ရသူတွေကို မတူတဲ့လက်ဆောင်တစ်ခုခုပေးချင်တယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသုံးအဆောင်တွေပြင်ဆင်ပေးလို့ရပါတယ်။
ကျန်းမာရေးဆိုတဲ့နေရာမှာ အစာအာဟာရအပြင် ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းတွေပါပေးလို့ရတာပါ။ ကိုယ်ကန်တော့မယ့်သူက ဆီးချိုရှိနေယ်ဆိုရင်သွေးချိုတိုင်းစက်၊သွေးပေါင်ချိန်စက်အပြင် ဆီးချိုရှိသူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ဖြည့်စွက်အာဟာရတွေကိုပါ ကန်တော့လို့ရပါသေးတယ်။ ဒါဆိုရင် အသင့်တော်ဆုံးကဘာများဖြစ်မလဲ ကိုယ်တိုင်လေးရွေးချယ်ကြည့်နော်။
ဆေးဝါး
ရောဂါတစ်ခုခုရှိမှ မဟုတ်ဘဲနေအိမ်တိုင်းမှာဆောင်ထားသင့်တဲ့ဆေးဝါးလေးတွေရှိပါတယ်။ လူကြီးတွေရှိနေတဲ့နေအိမ်တွေမှာဆိုရင်ဆေးဝါးတွေကမဖြစ်မနေလိုအပ်မှာပါ။
- ဒဏ်ကြေလိမ်းဆေး
- လေဆေး
- အဖျားပျောက်ဆေး
- အနာလိမ်းဆေး
- အရက်ပြန်
- ပလာစတာ
- ပတ်တီး
- အကိုက်အခဲပျောက်ဆေး
- ဓါတ်ဆား
- အားဆေး
- ရှုဆေး စတာတွေပါ။
အာဟာရ
အသက်အရွယ်ကြီးရင့်လာတဲ့လူကြီးမိဘတွေမှာ အာဟာရလိုအပ်ချက်ပိုများနိုင်သလို ကိုယ်ခံအားကလည်းနည်းလာကြပါပြီ။ ဒီလိုအခြေအနေမှာ ကိုယ်ခံအားနည်းတာကြောင့်ရောဂါတွေထပ်တိုးခံစားရတာမျိုးမဖြစ်စေဖို့အတွက် လိုအပ်တဲ့ အာဟာရတွေကိုဖြည့်တင်းပေးနိုင်မှာပါ။
- ဖြည့်စွက်အာဟာရ
- အခွံမာသီး
- အစေ့အဆန်
- သစ်သီး
- စားစရာ (ကွတ်ကီး၊ပေါင်မုန့်၊ ကိတ်မုန့် စတာတွေပါ)
- သောက်စရာတွေ (ကော်ဖီမှုန့်၊ လက်ဖက်ရည်၊ လက်ဖက်ခြောက်၊ အချိုသိပ်မများတဲ့ အချိုရည်တွေ) ကိုလည်းကန်တော့လို့ရပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်း
ငယ်ငယ်တုန်းက သိပ်မသိသာပေမယ့် အသက်ကြီးလာတဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ဆောင်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ဆေးခန်းကိုနေ့တိုင်းသွားဖို့က မဖြစ်နိုင်ပါဘူး။ ဒီတော့သွေးချိုတိုင်းတာလောက်၊သွေးပေါင်ချိန်တာလောက်၊ပေါင်ချိန်တာလောက်ကိုနေအိမ်မှာပဲလုပ်နိုင်မယ်ဆိုရင် အဆင်ပြေတာပေါ့။ ဒီတော့ ကိုယ်ချစ်ရတဲ့ ဖိုးဖိုးဖွားဖွားကစလို့ဖေဖေမေမေတို့အပါအဝင် ချစ်ခင်ရတဲ့လူကြီးမိဘတွေကို တန်ဆောင်တိုင်မှာ သူမတူတဲ့ ဂါရဝအနေနဲ့
- သွေးချိုဆီးချိုရှိနေမယ်ဆိုရင်သွေးချိုတိုင်းစက်
- သွေးတိုးရှိနေမယ်ဆိုရင်သွေးပေါင်ချိန်စက်
- ကိုယ်အလေးချိန်တိုးလာလားကျသွားလား သိနိုင်စေဖို့ပေါင်ချိန်စက်
- ကြွက်သားတွေနာကျင်ကိုက်ခဲတဲ့အခါ အလွယ်တကူ အသုံးပြုနိုင်စေဖို့ လျှပ်စစ်ရေနွေးအိတ်
- အဖျားတိုင်းနိုင်စေဖို့ ဒစ်ဂျစ်တယ် အဖျားတိုင်းတံ
- ဒူးစွပ် အပါအဝင် အခြားသီးသန့်လိုအပ်မယ့်ကျန်းမာရေးအသုံးအဆောင်တွေကို ဝယ်ပေးလို့ရပါတယ်။
အချစ်ရဆုံးသူတွေကို ကျန်းမာရေးလက်ဆောင်ပေးတယ်ဆိုတာက သက်ဆုံးတိုင်တူတူနေချင်တယ်ဆိုတဲ့သဘောဖြစ်သလို ချစ်ခြင်းမေတ္တာကို အလေးအနက်ဖော်ပြရာလည်းရောက်ပါတယ်။ ဒါကြောင့် တန်ဆောင်တိုင်မှာ ချစ်ခင်ရသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းလေးတွေ လက်ဆောင်ပေးလို့ ချစ်ခြင်းမေတ္တာကိုဖော်ပြလိုက်ပါ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-bmi]