backup og meta

ကိုယ်တွေနဲ့အတူ ဖေဖေမေမေတို့လည်း အသက်အရွယ်ကြီးရင့်လာတယ်ဆိုတာ မမေ့ပါနဲ့


Aye Thi Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်တွေနဲ့အတူ ဖေဖေမေမေတို့လည်း အသက်အရွယ်ကြီးရင့်လာတယ်ဆိုတာ မမေ့ပါနဲ့

    ကိုယ်တွေအရွယ်ရောက်အသက်ကြီးလာတာနဲ့အတူဖေဖေမေမေတို့ကလည်း အသက်အရွယ်ကြီးရင့်လာကြတယ်ဆိုတာကိုမေ့မထားသင့်ပါဘူး။ ငယ်ငယ်က ကိုယ်လိုချင်တာကိုမေမေဖေဖေတွေက ဝယ်ပေးတယ်။ စားချင်တာရှိရင်မေမေဖေဖေတို့က ဝယ်ကျွေးတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ကိုယ့်ဘက်က တစ်လှည့်ပြန်စောင့်ရှောက်ရတော့မှာပါ။ပြန်နားလည်စိတ်ရှည်ပေးရတော့မှာပါ။ ဒါကတော့ဖြစ်တတ်တဲ့လောကနိယာမတစ်ခုပဲလေလို့ ခပ်ပေါ့ပေါ့မတွေးလိုက်စေချင်ပါဘူး။

    ဖေဖေမေမေတို့ကို နားလည်ကြင်နာပါ

    မှတ်မိကြသေးလား။ ငယ်ငယ်က ဘာမှမလုပ်နိုင်သေးခင် စကားတောင်မပြောနိုင်ခင်မှာမေမေက အမူအရာလေးကိုကြည့်ပြီး နို့ဆာတာလား၊ ရှုးပေါက်ထားတာလား၊ရေဆာတာလား၊ အိပ်ချင်တာလားဆိုတာကိုသေချာလေးဂရုစိုက်ပေးခဲ့တာကို။ဖေဖေကလည်း အိပ်ချင်တဲ့အခါချော့သိပ်ပေးခဲ့တာ၊ လိုချင်တာကိုဝယ်ပေးခဲ့တာ၊ သွားချင်တဲ့ဆီကို လိုက်ပို့ပေးခဲ့တာတွေကိုလေ။

    အရွယ်ရောက်လာတာနဲ့အမျှ ကိုယ်ဆန္ဒရှိရာကို ကိုယ်လုပ်နိုင်တာများလာလေလေဖေဖေမေမေဆီက အကူအညီယူရတာနည်းလာလေလေဖြစ်တာကြောင့် ဒီအချက်လေးတွေကိုမေ့ကောင်းမေ့သွားနိုင်ပါတယ်။ ဒါပေမယ့် အခုလက်ရှိရရှိနေတဲ့အောင်မြင်မှုတွေ၊ အလုပ်ရာထူးတွေကကိုယ့်ကြိုးစားမှုတွေကြောင့်ရလာတာဆိုပေမယ့်မေမေဖေဖေတို့ရဲ့ ပျိုးထောင်စောင့်ရှောက်မှုတွေက တစ်စိတ်တစ်ပိုင်းက ပါနေတယ်ဆိုတာကိုမေ့ထားလို့မရပါဘူး။

    အခုကိုယ်တောင် ကိုယ်ဆန္ဒရှိရာကို ကိုယ်တိုင်ဝယ်နိုင်ပြီ။ ဆန္ဒရှိရာနေရာကို ကိုယ်တိုင်သွားနေနိုင်ပြီဆိုရင်မေမေဖေဖေတို့ကလည်း အသက်အရွယ်ကြီးရင့်လာနေပြီပေါ့။ အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓါကိုယ်က စိတ်သွားတိုင်း ကိုယ်မပါတော့ပါဘူး။မေမေဖေဖေတို့က အရင်ကလောက် သွက်သွက်လက်လက်မလုပ်နိုင်တော့ဘူး။ ဒီအချိန်ကကိုယ်တွေကပြန်စောင့်ရှောက်ရမယ့်အချိန်ပါ။

    ဖေဖေမေမေတို့ကို ဘယ်လိုစောင့်ရှောက်ပေးမလဲ……..

    ရင်ဖွင့်တာကိုနားထောင်ပေးပါတစ်နေ့တာမှာ အလုပ်တွေပင်ပန်းလာရင်တောင်မေမေဖေဖေတို့ရဲ့ တစ်နေ့တာအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ရင်ဖွင့်သံတွေကို နားထောင်ပေးပါ။ ငယ်ငယ်ကကျောင်းကပြန်လာရင် အတွေ့အကြုံတွေကိုပြန်ပြောပြရင်မေမေဖေဖေတို့က နားထောင်ပေးခဲ့ကြတယ်လေ။

    ပျော်ရွှင်စရာအချိန်လေးတွေဖန်တီးပါ -မေမေနဲ့ တူတူဈေးဝယ်ထွက်ခဲ့တာ ဘယ်တုန်းကလဲ။ပြန်စဉ်းစားပါ။ဖေဖေနဲ့ရော တူတူအော်ဟစ်လို့ အားကစားပွဲတွေအားပေးခဲ့တာ ဘယ်အချိန်ကနောက်ဆုံးလဲ။ မိသားစုလက်ဆုံ ညစာစားတာမျိုးဖြစ်ဖြစ်၊ပျော်စရာအစီအစဉ်လေးတွေကို တူတူကြည့်တာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။ ငယ်ငယ်ကဖေဖေမေမေတွေက သူတို့အကြိုက်မဟုတ်ပေမယ့် ကိုယ်တွေအကြိုက် ကာတွန်းကားကို တူတူကြည့်ပေးခဲ့တယ်၊ တိရစ္ဆာန်ရုံကိုလိုက်ပို့ပေးခဲ့တယ်လေ။

    လေ့ကျင့်ခန်းတူတူလုပ်ပါ -မေမေတို့နဲ့အတူလေ့ကျင့်ခန်းလုပ်ပေးတာကဖေဖေမေမေတို့ကို စိတ်ပျော်ရအင်စေတဲ့ အချက်တစ်ခုပါ။ ဂရုစိုက်မှုကိုပြသရာလည်းရောက်ပါတယ်။ အများကြီးမဟုတ်တောင် လမ်းအတူတူလျှောက်ပေးတာမျိုးလုပ်ပေးပါ။

    အတိတ်အကြောင်းတွေပြန်ပြောပါ – ငယ်ငယ်ကပုံရိပ်တွေကမေမေဖေဖေတို့ကို လန်းဆန်းတက်ကြွစေနိုင်ပါတယ်။ ငယ်ငယ်က ဘယ်သားသမီးက ဘယ်လိုဆိုတာမျိုးတွေကို မမောနိုင်မပန်းနိုင်ပြောတတ်ကြတာမေမေဖေဖေတွေပါ။ ဒီတော့ ငယ်ငယ်က ဓါတ်ပုံလေးတွေကို ကြည့်ရင်းဖြစ်ဖြစ် ငယ်ဘဝလေးကိုပြန်ပြောင်းပြောပါ။

    ဆေးအချိန်မှန်တိုက်ပေးပါ – အသက်ကြီးလာတဲ့အခါဖေဖေမေမေတို့က သတိမေ့နိုင်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ်ကဆေးသောက်ဖို့ရှိမယ်ဆိုရင် အချိန်မှန်မှန် နဲ့ ဂရုတစိုက်လေးဆေးတိုက်ပေးပါ။

    သတင်းစာဖတ်ပြပါ – လူကြီးတွေစိတ်ဝင်စားတတ်တာကနေ့တိုင်းသတင်းထူးတွေလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သတင်းစာဖတ်ပြတာကလည်းမေမေဖေဖေတို့ကို ဂရုစိုက်ရာရောက်ပါတယ်။

    တိုင်ပင်ပါ – တစ်ခုခုကို ဆုံးဖြတ်ဖို့ရှိတဲ့အခါဖေဖေမေမေတို့ကိုလည်း အလေးတစိုက်နဲ့ အကြံဉာဏ်တောင်းတာမျိုးလုပ်ပေးပါ။ ဒါမှဖေဖေမေမေတို့က သူတို့ကိုယ် သူတို့ ယုံကြည်မှုတိုးလာစေမှာပါ။

    ကျန်းမာရေးစစ်ဆေးမှုလုပ်ပေးပါ – ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်ပေးဖို့မမေ့ပါနဲ့။နောက်တစ်ချက်ကနေ့တိုင်း ဘယ်နေရာကနေမကောင်းလဲဆိုတာကိုမေးဖို့လည်း သတိရပါ။ ဒါမှဖေဖေမေမေတို့ကို ကျန်းမာပျော်ရွှင်နေအောင် လုပ်ဆောင်ပေးနိုင်မှာပါ။

    အာဟာရမျှတအောင်ကျွေးပါ -နေ့စဉ်စားသုံးတဲ့ အာဟာရတွေထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရတွေပါဝင်အောင် ဂရုစိုက်ကေမးပေးပါ။ ပုံမှန်အစားစားဖြစ်အောင်လည်းဂရုစိုက်ပေးပါ။ဖေဖေမေမေတိုပကိုရေဓါတ်မလုံလောက်တာမျိုးမဖြစ်စေဖို့ရေသောက်မိအောင်လည်း ဂရုစိုက်ပေးပါ။

    အိပ်ချိန်ဂရုစိုက်ပါ -ပြည့်ဝတဲ့ အိပ်စက်မှုက ကျန်းမာစေခြင်းရဲ့ လျှို့ဝှက်ချက်တစ်ခုပေါ့။ ဒါကြောင့် တစ်ညကို အနည်းဆုံး အိပ်ချိန် ၈ နာရီရှိအောင် ဂရုစိုက်ပေးပါ။

    တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပေးပါ – တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတဲ့နေရာမှာမေမေကတစ်ယောက်တည်းခေါင်းလျှော်ဖို့ မဖြစ်နိုင်တဲ့အခါခေါင်းလျှော်ပေးတာမျိုး၊ခြေသည်းလက်သည်းညှပ်ပေးတာမျိုးပါ။ လိုအပ်မယ့်အရာလေးတွေကိုသေချာလေးဂရုစိုက်လုပ်ပေးပါ။

    ဒီအချက်လေးတွေကို ဂရုစိုက်ပေးလို့မေမေဖေဖေတို့ကို ကျန်းမာပျော်ရွှင်စွာ အသက်ကြီးနိုင်အောင် ကူညီပေးလိုက်ပါ……..

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်၊ ရောဂါစစ်ဆေးစမ်းသပ်ချက် (သို့) ကုသမှုများကို မလုပ်ဆောင်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement