backup og meta

ဆီးချိုရှိတဲ့ မေမေ့အတွက် ဝယ်ပေးသင့်တဲ့ အကောင်းဆုံးအစေ့အဆန်(၅)မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရှိတဲ့ မေမေ့အတွက် ဝယ်ပေးသင့်တဲ့ အကောင်းဆုံးအစေ့အဆန်(၅)မျိုး
    ကိုယ့်မိသားစုမှာ အားလုံးကျန်းမာပျော်ရွှင်နေတာကိုမြင်ချင်ကြတာလူတိုင်းပါပဲ။ မိသားစုဆိုတဲ့စကားလုံးလေးက ကိုယ်တည်ဆောက်တဲ့ကိုယ့်အိမ်ထောင်ကိုပဲဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ဆိုတာဖြစ်လာအောင်မွေးထုတ်ပေးခဲ့တဲ့သူတွေ၊ ကိုယ်ကမွေးဖွားလိုက်တဲ့ မျိုးဆက်သစ်လေးတွေ၊ ကိုယ့်ကိုစောင့်ရှောက်ခဲ့တဲ့ ဖိုးဖွားဆွေမျိုးတွေအားလုံးနဲ့သက်ဆိုင်တဲ့ဝေါဟာရလေးပါ။ ကိုယ့်သားသမီးတွေအတွက် အမြဲဂရုစိုက်စိတ်ပူပေးကြသလို ကိုယ့်ကိုတစ်သက်လုံးချစ်မြတ်နိုးစွာနဲ့ဂရုစိုက်ပေးခဲ့တဲ့ဖေဖေမေမေတို့အတွက်ရော အကောင်းဆုံးဖြည့်ဆည်းပေးဖို့ လိုပါတယ်။
    ကိုယ့်မိသားစုထဲက လူကြီးမိဘတွေမှာသွေးတိုး၊ဆီးချိုတို့လိုရေရှည်ဂရုစိုက်ပေးရမယ့်ရောဂါတွေရှိနေပြီဆိုရင်ရော ဂရုစိုက်ပေးဖို့ ကိုယ့်မှာကျန်းမာရေးဗဟုသုတပြည့်စုံလုံလောက်နေပြီလား။ အကောင်းဆုံးတွေပေးချင်လို့ဆိုပြီး စားကောင်းသောက်ဖွယ်တွေဝယ်ကျွေးလို့ရော ကိုယ့်မေမေကဘေးကင်းနိုင်ပါ့မလား။ သူ့ရဲ့ရောဂါအမျိုးအစား၊ လက်ရှိ ကျန်းမာရေးအခြေအနေနဲ့ကိုက်ညီပြီး အာဟာရပြည့်၊ အရသာရှိမယ့် အစားအသောက်တွေကိုရွေးချယ်ဖို့က လိုအပ်လာပါပြီ။

    မေမေ့မှာ ဆီးချိုရှိနေရင်

    အမျိုးအစား ၂ ဆီးချိုရောဂါက အဖြစ်များတဲ့ရောဂါဖြစ်ပါတယ်။ ဖြစ်လာပြီဆို ဘာမှမတည့်တော့ဘူး၊ အကုန်ရှောင်ရမယ်ဆိုပြီး လူကြီးတွေက စိတ်ဓါတ်ကျတတ်တယ်။ မထူးပါဘူးဆိုပြီး မရှောင်တမ်းစွတ်စားတဲ့လူကြီးဆိုးလေးတွေရှိသလို ဘာမှမစားရဲ၊မသောက်ရဲဘဲ အကုန်ငတ်ခံ၊ အာဟာရမဝင်၊ အားနည်းလာတဲ့ လူကြီးမိဘတွေရှိပါတယ်။ ဒီအချိန်မှာ သူတို့အတွက်လည်း စိတ်ကျေနပ်စေမယ့်၊ဆီးချိုလည်းမတက်စေနိုင်တဲ့ သရေစာမုန့်လေးတွေ စီစဉ်ပေးထားဖို့က ကိုယ်တွေတာဝန်ပဲနော်။
    ဒါ့ကြောင့် ဆီးချိုသမားတွေအတွက် သင့်တော်တဲ့အစားအသောက်တွေထဲမှာ သရေစာအဖြစ်ရေနွေးကြမ်းလေးနဲ့စားလို့ရတဲ့ အစေ့အဆန်တွေအကြောင်းကိုပြောပြချင်ပါတယ်။မေမေတို့ကြိုက်မှာသေချာတဲ့ အကောင်းဆုံးအစေ့အဆန် (၅) မျိုးကိုသေချာမှတ်ပြီး ဝယ်ကျွေးလိုက်ပါနော်။

    ဆီးချိုအတွက် အကောင်းဆုံး အစေ့အဆန် (၅) မျိုး

    အခွံမာသီးနဲ့ အစေ့အဆန်တွေမှာက အကျိုးပြုအဆီဓါတ်တွေကြွယ်ဝတာကြောင့် နှလုံးအပါအဝင် အရေးပါတဲ့ကိုယ်တွင်းအင်္ဂါတွေကို ကာကွယ်ပေးတာ၊ ဆဲလ်ဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးတာလိုမျိုး အရေးပါတဲ့လုပ်ဆောင်ချက်တွေမှာ ကူညီပေးပါတယ်။ အစေ့အဆန်တွေမှာ အမျှင်ဓါတ်၊ ဗီတာမင် E၊ဖောလိတ်၊ ဗီတာမင် Bတွေ၊ မဂ္ဂနီဆီယမ်နဲ့ပိုတက်စီယမ်၊ ကာရိုတီးနွိုက်၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလို အာဟာရဓါတ်တွေ အများကြီးပါဝင်တဲ့အပြင် ပရိုတင်းလည်းကြွယ်ဝပါတယ်။

    အစေ့အဆန်တွေက ဆီးချိုသမားတွေအတွက်ကောင်းတယ်ဆိုပေမယ့် တစ်ခုသတိထားရမှာက အရသာဖြည့်စွက်ထားတဲ့ ဒါမှမဟုတ် အငန်ကဲတဲ့ အမျိုးအစားမဖြစ်ဖို့ အရေးကြီးပါတယ်။ နောက်ဆက်တွဲပြဿနာတွေ အများကြီးရှိလာနိုင်တဲ့အတွက် အငန်ကိုရှောင်ရပါမယ်။ ဘယ် (၅) မျိုးလဲ ဆက်ကြည့်ရအောင်။

    (၁) ဗာဒံစေ့ (Almonds)

    ဗာဒံစေ့က အမျိုးအစား ၂ ဆီးချိုရောဂါရှိသူတွေမှာ နှလုံးရောဂါဖြစ်လာနိုင်ခြေနည်းစေနိုင်ပါတယ်။ ၂၀၁၁ ခုနှစ်ကလေ့လာမှုတစ်ခုအရ အမျိုးအစား၂ ဆီးချိုရောဂါရှိသူတွေဟာ ၁၂ ပတ်ကြာ ဗာဒံစေ့စားခဲ့ပြီးနောက်သွေးတွင်းသကြားဓါတ်ထိန်းညှိမှုမှာ သက်ရောက်မှုရှိတာတွေ့ရပြီး နှလုံးရောဂါအန္တရာယ်ပိုနည်းတာကိုတွေ့ရပါတယ်။

    ၂၀၁၇ ခုနှစ်က သုတေသနအရ ၂၄ ပတ်ကြာ ဗာဒံစေ့နေ့တိုင်းစားခဲ့တဲ့ ဆီးချိုဝေဒနာရှင်တွေမှာသွေးတွင်းသကြားဓါတ်ထိန်းညှိပေးနိုင်တာတွေ့ရပါတယ်။ ဗာဒံစေ့က မကောင်းတဲ့ကိုလက်စထရောတွေကိုလျော့နည်းစေပြီး နှလုံး သွေးကြောတွေကို ရှင်းလင်းစေပါတယ်။

    (၂) သစ်ကြားသီး (walnut)

    သစ်ကြားသီးက ဆီးချိုရောဂါဖြစ်နိုင်ခြေကိုတောင်လျော့နည်းစေတဲ့ အခွံမာသီးပါ။ ကယ်လိုရီကြွယ်ဝပေမယ့် ကိုယ်အလေးချိန်တက်ဖို့ကို ကြီးမားတဲ့သက်ရောက်မှုမရှိပါဘူး။ သုတေသနရလဒ်တွေအရ သစ်ကြားသီးစားပေးရင် မကောင်းတဲ့ကိုလက်စထရောနဲ့ အကျိုးပြုကိုလက်စထရောတွေကို အချိုးအဆထိန်းညှိပေးနိုင်ပါတယ်တဲ့။

    (၃) သီဟိုဠ်စေ့ (Cashews)

    သီဟိုဠ်စေ့ကလည်း အကျိုးပြုကိုလက်စထရောကိုအကူအညီပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။သီဟိုဠ်စေ့စားသုံးသူတွေမှာသွေးတိုးကိုကျစေနိုင်ပြီး မကောင်းတဲ့ကိုလက်စထရောတွေကိုကျစေနိုင်တယ်။

    (၄) ရင်ကွဲသီး(Pistachios)

    ရင်ကွဲသီးလို့လည်းခေါ်ကြတဲ့Pistachio ဟာ ခွန်အားကိုပြည့်ဝစေနိုင်စွမ်းရှိတဲ့အပြင် အမျှင်ဓါတ်နဲ့ အကျိုးပြုအဆီဓါတ်တွေပါဝင်ပါတယ်။ ၂၀၁၅ ခုနှစ်ကသုတေသနအရPistachio ပုံမှန်စားသုံးတဲ့ အမျိုးအစား ၂ ဆီးချိုရှိသူတွေမှာသွေးတွင်းအဆီဓါတ်လျော့ကျတာကိုတွေ့ရပါတယ်။

    (၅) မြေပဲ

    အသားဓါတ်နဲ့အမျှင်ဓါတ်ကြွယ်ဝတယ်။မြေပဲက အဆီကျဖို့ကိုအထောက်အကူပြုပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေတယ်။ ဒါပေမယ့် မြေပဲဆီစစ်ဖို့တော့လိုပါတယ်။ ၂၀၁၃ ခုနှစ်က သုတေသနတစ်ခုမှာ အမျိုးအစား ၂ ဆီးချိုရောဂါရှိတဲ့အဝလွန်အမျိုးသမီးတွေကိုလေ့လာခဲ့တဲ့အခါမြေပဲစားခြင်းကသွေးတွင်းသကြားဓါတ်နဲ့ အစာစားချင်စိတ်ကိုထိန်းညှိပေးနိုင်တာတွေ့ရပါတယ်။

    အစေ့အဆန်တွေဟာ ဘယ်အစားအစာ၊ ဘယ်မုန့်တွေမှာမဆို အလွယ်တကူထည့်သွင်းစားသုံးလို့ရတဲ့ စားစရာတစ်မျိုးဖြစ်တဲ့အပြင် အရွယ်အစားနဲ့မလိုက်အောင် အာဟာရဓါတ်တွေ(ပရိုတင်းနဲ့အကျိုးပြုအဆီအဓိကပါဝင်)ကြွယ်ဝတာကြောင့် စားသင့်တဲ့အထဲပါဝင်ပါတယ်။ ဆီးချိုကိုမထိခိုက်စေဘဲ ကျန်းမာရေးအတွက်ကောင်းကျိုးပေးတဲ့သရေစာလည်းဖြစ်နေတာကြောင့် ဆီးချိုရှိတဲ့သူတွေအတွက် သင့်တော်ပါတယ်။ ကယ်လိုရီအတွက်စိတ်ပူတယ်ဆိုရင်တော့ တစ်ခါတည်းအများကြီးမစားဘဲ နည်းနည်းချင်း စားပါ။ အငန်နဲ့အချိုတွေဖြည့်စွက်ပြင်ဆင်မထားတာကိုပဲရွေးချယ်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement