စိတ်လှုပ်ရှားတဲ့အခါ၊ စိတ်ပူပန်တဲ့အခါ၊ တစ်ခုခုတွေးနေတဲ့အခါမျိုးမှာ လူတွေက အမှုမဲ့အမှတ်မဲ့ လုပ်မိနေတဲ့ အပြုအမူလေးတွေရှိနေတတ်ပါတယ်။ ဒါကကိုယ်ပိုင်အမှတသညာတစ်ခုပေါ့။ စာဖတ်ပရိသတ်ကြီးရော ဘာလုပ်တတ်တာလဲ။ခေါင်းကုတ်နေတတ်တာလား။ မျက်နှာကို ပွတ်မိနေတတ်တာလား။လက်ချောင်းလေးတွေ၊ ခြေချောင်းလေးတွေလှုပ်နေတတ်တာလား။ ဒါမှမဟုတ် လက်သည်းကိုက်တတ်တာလား။ ကျန်တာတွေကပြဿနာမရှိပေမယ့် သင်က လက်သည်းကိုက်တတ်တဲ့သူဆိုရင်တော့ ဒီအကျင့်ကပြင်မှဖြစ်မှာပါ။ ကလေးမို့လက်သည်းကိုက်တာကမေမေဖေဖေတွေမှာ တာဝန်ရှိတာဆိုပေမယ့် အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်ပြီ လက်သည်းကိုက်နေသေးရင်တော့ သတိထားပြီးပြင်ရပါတော့မယ်။
လက်သည်းကိုက်တာကို ရပ်တန့်သင့်တဲ့အကြောင်းအရင်းတွေ
လက်သည်းကိုက်တာကပြဿနာကြီးကြီးမားမားမဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် ခပ်ပေါ့ပေါ့သဘောထားရမှာတော့လည်း မဟုတ်ပါဘူး။ လက်သည်းကိုက်တဲ့အခါ –
လက်သည်းတွေပျက်စီးလာနိုင်တယ် – လက်သည်းကိုက်တာက အချိန်ကြာလာတာနဲ့အမျှ လက်သည်းနဲ့ လက်သည်းတဝိုက်က တစ်ရှုးတွေထိခိုက်ပျက်စီးစေပြီး လက်သည်းရဲ့ဖြစ်ပေါ်မှုကို ထိခိုက်စေနိုင်ပါတယ်။ လက်သည်းတွေကိုလည်း ပုံမကျ ပန်းမကျဖြစ်စေနိုင်ပါတယ်။
အပြုံးလှလှလေးတွေပျောက်ဆုံးလာနိုင်တယ် – လက်သည်းကမာကြောတဲ့အရာပါ။ ဒီမာကြောတဲ့အရာကို ကိုက်နေတဲ့အခါ သွားတွေက ပျက်စီးလာနိုင်ပါတယ်။ရေရှည်မှာ လက်သည်းကိုက်တာကြောင့်မေးရိုးပြဿနာတွေတောင်ရှိလာနိုင်ပါတယ်။ အပြုံးလေးတွေလှပချင်ရင် လက်သည်းကိုက်တဲ့အကျင့်ကိုဖျောက်ပါ။
နာမကျန်းဖြစ်စေနိုင်တယ် – လက်တွေက ဘက်တီးရီးယားတွေရဲ့ အဓိကနားခိုရာနေရာပါ။ လက်သည်းလေးတွေအောက်မှာ ဘက်တီးရီးယားတွေက အများဆုံး ခိုအောင်းနေနိုင်ပါတယ်။ လက်သည်းတွေကို ခဏခဏကိုက်တဲ့အခါ ဘက်တီးရီးယားတွေ ပါးစပ်ထဲရောက်သွားပြီး ဖျားနာမှုေတွဖြစ်လာနိုင်ပါတယ်။ ဒါတင်မကပါဘူး။ လက်သည်းကိုက်တာက အရေပြားကိုပါထိခိုက်ပျက်စီးစေနိုင်ပါတယ်။
လက်သည်းမကိုက်မိအောင် ဘာတွေလုပ်ရမလဲ
လက်သည်းမကိုက်မိအောင် သတိထားပေမယ့်လည်း မရဘဲ သတိလက်လွတ်ဖြစ်သွားတိုင်း ကိုက်မိနေမယ်ဆိုရင်တော့ ဒီအချက်လေးတွေက အသုံးဝင်မယ်ထင်ပါတယ်။
လက်သည်းကို ခပ်တိုတိုညှပ်ထားပါ – လက်သည်းတိုနေတာက လက်သည်းကိုက်မိနိုင်ခြေကို နည်းသွားစေမှာပါ။
လက်သည်းနီ ခါးခါးဆိုးထားပါ – လက်သည်းကို ကိုက်တဲ့အခါ လက်သည်းနီရဲ့ ခါးတဲ့အရသာကြောင့် ဆက်မကိုက်တော့အောင် ကာကွယ်နိုင်မှာပါ။
လက်သည်းပုံဖော်ပါ -လေဒီတွေအတွက် အသင့်တော်ဆုံးနည်းလမ်းပေါ့။ လက်သည်းမှာ ပုံလှလှလေးဖော်ထားတဲ့အခါ အလှပျက်မှာကို စိုးရိမ်ပြီး လက်သည်းကို သိပ်မကိုက်မိတော့ပါဘူး။ ဒါကလည်း လက်သည်းမကိုက်မိအောင် အသုံးတည့်မယ်ထင်ပါတယ်။
လက်သည်းကိုက်တဲ့ အကျင့်အစား တစ်ခုခုအစားထိုးပါ – လက်သည်းကိုက်တတ်တဲ့အကျင့်နေရာမှာ အလေ့အထကောင်းတစ်ခုကို အစားထိုးဖို့ကြိုးစားကြည့်ပါ။ လက်သည်းကိုက်တာအစား Stress ball ကစားတာမျိုးပေါ့။ လက်တွေကို မနားတမ်းအလုပ်များနေအောင်လုပ်ထားတာက လက်သည်းကိုက်ဖို့ အချိန်နည်းသွားစေမှာပါ။
လက်အိတ်ဝတ်ထားပါ -အေးမြတဲ့ရာသီဥတုအနေအထားမှာတော့ ဒီနည်းလမ်းက အဆင်ပြေမှာပါ။ လက်အိတ်ဝတ်ထားတာက လက်သည်းမကိုက်မိအောင် ကာကွယ်ပေးနိုင်မှာပါ။
အကြောင်းရင်းခံကို ရှာဖွေပါ – လက်သည်းကိုက်မိရခြင်းက လက်သည်းတွေရှည်နေလို့လား၊ စိတ်ဖိစီးနေတာလား၊ စိုးရိမ်စိတ်များနေတာလား၊ဘယ်လိုအခြေအနေမျိုးကြောင့် လက်သည်းကိုက်မိရတာလဲဆိုတာကိုသေချာဆန်းစစ်ပါ။ပြီးရင်တော့ ကာကွယ်မှုလုပ်ဖို့ပြင်ဆင်ပါ။
တဖြည်းဖြည်းချင်း အကျင့်ဖျောက်ပါ – အလေ့အကျင့်တစ်ခုက အလွယ်တကူဖျောက်ရခက်ပါတယ်။ ဒါပေမယ့်ဖြည်းဖြည်းချင်းကြိုးစားသွားမယ်ဆိုရင်တော့အောင်မြင်မှာ အသေအချာပါပဲ။ ဒါကြောင့် လက်သည်းကိုက်တတ်တဲ့ အကျင့်ကို သတိထားပြီးဖြည်းဖြည်းချင်းဖျောက်သွားပါ။
ကဲ လက်ချောင်းထိပ်လေးတွေရောင်ရမ်းနာကျင်တာ၊ ပိုးဝင်တာ၊ သွားနဲ့မေးရိုးတွေထိခိုက်တာ၊ လက်သည်းတွေမလှမပဖြစ်တာတွေကနေ ကင်းဝေးနိုင်ဖို့ အခုပြောခဲ့တဲ့အချက်လေးတွေအတိုင်းလိုက်လုပ်ကြည့်ပြီး လက်သည်းကိုက်တတ်တဲ့အလေ့အထကိုဖျောက်လိုက်ကြရအောင်နော်။
[embed-health-tool-bmi]