ဆီးချိုက ကမ္ဘာတလွှားမှာ အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ အရင်က အသက် ၄၀ နောက်ပိုင်းလောက်မှ ဆီးချိုရောဂါ အဖြစ်များတာ ဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ အသက် ၃၀ ဝန်းကျင် သက်လတ်ပိုင်းတွေမှာပါ ဆီးချိုအဖြစ်များလာတာကို တွေ့လာရပါတယ်။
ဆီးချိုဆိုတဲ့နေရာမှာ ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားရတာ ရှိသလို ဒီအခြေအနေကို သတိမထားလိုက်မိရင်းက အမျိုးအစား – ၂ ဆီးချိုဖြစ်သွားကြတာတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ လေ့လာချက်တွေရဲ့ ရလဒ်ဖြစ်တဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားနေရသူတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်ခြေ ပိုများတယ်ဆိုတဲ့ အကြောင်းလေးကို ဗဟုသုတရအောင် ပြောပြပေးချင်ပါတယ်။
ဆီးချိုဆိုတာ
ဆီးချိုကို ဆီးချိုသွေးချိုရောဂါလို့လည်း ခေါ်ပါတယ်။ ဆီးချိုသွေးချိုရောဂါဆိုတာက နာတာရှည်ရောဂါတစ်မျိုးပါ။ သွေးတွင်းမှာ ဂလူးကို့စ်ပမာဏတွေ (သွေးတွင်းသကြားဓာတ်) အလွန်အကျွံ များနေတာကို ဆိုလိုတာပါ။
သွေးချိုဆီးချိုမှာ အမျိုးအစားတွေက ၅ မျိုးအထိ ရှိပါတယ်။
- အမျိုးအစား (၁) ဆီးချို၊
- အမျိုးအစား (၂) ဆီးချို၊
- ကိုယ်ဝန်ဆောင်ဆီးချို၊
- မျိုးဗီဇဆဲလ်ထဲမှာပါလာတဲ့ ဆီးချို monogenic diabetes (MODY)၊
- ပန်ကရိယ (မုန့်ချိုအိတ်)က အင်ဆူလင် ထုတ်တာနည်းလာတာကြောင့် ဖြစ်တဲ့ဆီးချို (LADA) ဆိုပြီးပေါ့။
ဆီးချိုရောဂါ အများစု အထူးသဖြင့် အမျိုးအစား – ၂ ဆီးချိုက ဆီးချိုမဖြစ်ခင်မှာ ဆီးချိုရောဂါ အကြိုလက္ခဏာကို ခံစားရပါတယ်။ ဒီလိုမျိုး ဆီးချိုရောဂါအကြိုလက္ခဏာကို ခံစားရသူတွေ အဓိကကတော့ လူလတ်ပိုင်းတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်ခြေ ပိုများနေပါတယ်။
ဆီးချိုရောဂါ လက္ခဏာများ
ဆီးချိုရောဂါ အမျိုးအစားတိုင်းမှာ ခံစားရတဲ့ အစောပိုင်း လက္ခဏာတွေက ခပ်ဆင်ဆင် တူပါတယ်။ ဆီးချိုရောဂါ အမျိုးအစား တစ်ခုခုကို ခံစားရပြီဆိုရင်
- ဆီးခဏခဏသွားမယ်
- ရေအရမ်းငတ်မယ်
- ခေါင်းက ပေါ့ပေါ့ကြီးနဲ့ မူးနေမယ်
- အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန် ပြောင်းမယ်ဆိုတာမျိုးတွေ ခံစားရနိုင်ပါတယ်။
ဒီလို လက္ခဏာတွေ တွေ့လာပြီဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။
ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားနေရသူတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်ခြေ ပိုများ
လူလတ်ပိုင်းတွေထဲမှာမှ ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားနေရသူတွေဟာ အခြားသော ဆီးချိုရောဂါ မခံစားရသူတွေထက် ရုတ်တရက် နှလုံးရပ်နိုင်ခြေ ပိုများနေပါတယ်လို့ လေ့လာမှုအသစ်တွေအရ သိရပါတယ်။
ဆီးချိုရောဂါ အကြိုလက္ခဏာခံစားနေရသူတွေမှာ သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် မြင့်တက်နေတတ်ပါတယ်။ မနက်စောစော အစာမစားခင်ချိန်တဲ့ သွေးချိုပမာဏက 100 and 125 mg/dL ရှိနေပါတယ်။
ဆီးချိုရောဂါ အကြိုလက္ခဏာခံစားနေရတာကို သေချာလေး ကုသတာမျိုး မလုပ်ဖူးဆိုရင် အမျိုးအစား -၂ ဆီးချိုအဆင့်ရောက်သွားပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားလာရပြီး ရုတ်တရက် နှလုံးရပ်တာနဲ့ အရွယ်မတိုင်ခင် သေဆုံးမှုတွေကို ခံစားရနိုင်ပါတယ်။ ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားနေရသူတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်ခြေက အခြားကျန်းမာတဲ့သူတွေထက် 1.7 ဆလောက် ပိုများနေပါတယ်။
ဆီးချိုရောဂါနဲ့ နှလုံးရောဂါတို့ကြားက ဆက်စပ်မှု
ဆီးချိုရောဂါ ရှိနေတာက နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများစေတဲ့အချက်ပါ။ ဆီးချိုရောဂါ ခံစားနေရပြီဆိုရင် နှလုံးရောဂါကို ခံစားရတာတင် မဟုတ်ပါဘူး။ သွေးတိုး ရောဂါ၊ သွေးတွင်းကိုလက်စထရော များတာတွေကိုပါ ခံစားရပါတယ်။ ဆေးလိပ်ပါသောက်မယ်ဆိုရင်တော့ ဆီးချိုရှိသူတွေမှာ နှလုံးရောဂါ ခံစားရနိုင်ခြေက ပိုများနိုင်ပါတယ်။
ဆီးချိုရှိသူတွေမှာ နှလုံးရောဂါဖြစ်ရတာက သွေးတွင်းသကြားဓာတ် မြင့်တက်တဲ့အခါ နှလုံး နဲ့ နှလုံးသွေးကြောတွေကို ထိန်းချုပ်ထားတဲ့ သွေးကြောတွေနဲ့ အာရုံကြောတွေကို ပျက်စီးစေနိုင်လို့ပါ။ ဒီလို ပျက်စီးမှုတွေက အချိန်ကြာလာတဲ့အခါ နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။
ဆီးချိုရောဂါ အကြိုလက္ခဏာနဲ့ အမျိုးအစား -၂ ဆီးချို ခံစားနေရသူ လူငယ်တွေကတော့ အခြား ဆီးချိုမရှိတဲ့သူတွေထက် နှလုံးရောဂါ ခံစားရနိုင်ခြေနဲ့ လေဖြတ်နိုင်ခြေက ၂ ဆလောက် ပိုများနေပါတယ်။
ဒါပေမယ့် သတင်းကောင်းတစ်ခုက သွေးချိုကို သေချာထိန်းမယ်။ အရက်နဲ့ ဆေးလိပ်ဖြတ်မယ်ဆိုရင်တော့ ဆီးချိုကြောင့် နှလုံးရောဂါ၊ ရုတ်တရက် နှလုံးရပ်တာနဲ့ လေဖြတ်တာတွေ ခံစားရနိုင်ခြေ နည်းပါတယ်။
ဆီးချိုရောဂါ လက္ခဏာများ
- ဆီးခဏခဏသွားမယ်
- ရေအရမ်းငတ်မယ်
- ခေါင်းက ပေါ့ပေါ့ကြီးနဲ့ မူးနေမယ်
- အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန် ပြောင်းမယ်ဆိုတာမျိုးတွေ ခံစားရနိုင်ပါတယ်။
[embed-health-tool-bmi]