သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းပေးနိုင်မယ့် နည်းလမ်းတစ်ရပ် (သို့မဟုတ်) အင်ဆူလင် အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဆီးချို…. ဒီစကားလုံးက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်က လူတိုင်းနဲ့ သိပ်ရင်းနှီးကျွမ်းဝင်ရှိလှတဲ့ စကားလုံးမဟုတ်ပါဘူး။ ဆီးချိုရောဂါ ဖြစ်နေတယ်လို့ ပြောလိုက်ရင်။ အော်…. ဆီးချိုလား။ အခုမှ ကြားဖူးတာဆိုသူက ခပ်များများရယ်။
အခုကတော့ ဆီးချိုဆိုတာကို ကြားဖူးရုံသာမက ကိုယ်တိုင်ခံစားနေရသူအရေအတွက် အတော်လေးများနေပါတယ်။ ကမ္ဘာပေါ်က လူသန်းပေါင်းများစွာဟာ ဆီးချိုရောဂါကို ခံစားနေရတာပါ။ ကလေးလေးတွေက အစပေါ့။
ဆီးချိုက နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး နေထိုင်စားသောက်မှုပုံစံကို ဂရုစိုက်မယ်။ ပုံမှန်ဆေးသောက်မယ်။ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို ခံယူမယ်ဆိုရင် သက်တမ်းစေ့နေနိုင်မယ့် ရောဂါတစ်မျိုးပါ။
ဆီးချိုဘာကြောင့်ဖြစ်ရတာလဲ။
ခန္ဓာကိုယ်က အင်ဆူလင်လို့ ခေါ်တဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးကို အလုံအလောက်မထုတ်လုပ်ပေးနိုင်တဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် ဆီးချိုရောဂါကို ခံစားရတာပါ။ ဆီးချိုဆိုတဲ့နေရာမှာ အမျိုးအစား (၁) ဆီးချို၊ အမျိုးအစား (၂) ဆီးချိုဆိုပြီး အဓိကအနေနဲ့ နှစ်မျိုးခွဲထားပါတယ်။
အမျိုးအစား (၁) ဆီးချို
အမျိုးအစား (၁) ဆီးချို ဆိုတာက autoimmune disease တစ်မျိုးပါ။ ခန္ဓာကိုယ်က ကိုယ်ခံအားဆဲလ်တွေကို မှားယွင်းတိုက်ခိုက်ရာကနေ အစပြုလာတဲ့ ရောဂါအခြေအနေတစ်မျိုးပေါ့။ အမျိုးအစား (၁) ဆီးချို ခံစားရတဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင်ကို မထုတ်လုပ်နိုင်ပါဘူး။ အကြောင်းကတော့ ကိုယ်ခံအားစနစ်က အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေကို ဖျက်ဆီးလိုက်လို့ပါ။
အမျိုးအစား (၁) ဆီးချိုက ကလေးငယ်တွေ၊ လူငယ်တွေမှာ အဖြစ်များပါတယ်။
အမျိုးအစား (၂) ဆီးချို
အမျိုးအစား (၂) ဆီးချိုဆိုတာကတော့ အင်ဆူလင်ဟော်မုန်းခုခံအားတက်လာတဲ့အခြေအနေပါ။ ခန္ဓာကိုယ်မှာ အင်ဆူလင်မတိုးတော့တာပေါ့။ ဒါကဘာကိုဆိုလိုသလဲဆိုတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ ခန္ဓာကိုယ်က အင်ဆူလင်ကို ပိုမိုလိုအပ်တယ်ဆိုတဲ့သဘောပါ။
ဒီလိုအခြေအနေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့အတွက် ခန္ဓာကိုယ်က အင်ဆူလင်ကို ပိုမိုထုတ်လုပ်ပါတယ်။ ဒီလိုထုတ်လုပ်မှုက နှစ်ကာလကြာလာတဲ့အခါ အင်ဆူလင်ထုတ်ပေးတဲ့ ပန်ကရိယကဆဲလ်တွေ အားအင်ကုန်ခမ်းပြီး အင်ဆူလင်ထုတ်နိုင်စွမ်းကျသွားပါတော့တယ်။ ဒီလိုနဲ့ လုံလောက်တဲ့ အင်ဆူလင်ကို မရတဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်ပြီး အမျိုးအစား(၂) ဆီးချို ဖြစ်လာပါတယ်။
အမျိုးအစား (၂) ဆီးချိုက အသက်အရွယ်မရွေးဖြစ်နိုင်ပြီး သက်လတ်ပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။
သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းပေးနိုင်မယ့် နည်းလမ်းတစ်ရပ် (သို့မဟုတ်) အင်ဆူလင်
သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းပေးနိုင်မယ့် နည်းလမ်းတစ်ရပ် (သို့မဟုတ်) အင်ဆူလင် လို့ ဘာကြောင့် ပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးချိုဖြစ်တဲ့အခါ သွေးတွင်းသကြားဓာတ်မြင့်တက်တာကို ထိန်းဖို့အတွက် အစားအသောက်ဂရုစိုက်ရတာ၊ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်ရတာတွေနဲ့အတူ ဆေးသောက်ရတာတွေရှိလာပါမယ်။ ဆေးသောက်တဲ့အခါ ကျောက်ကပ်ကို အလုပ်ပေးသလို ဖြစ်နိုင်တာကြောင့် ဆရာဝန်တွေက အင်ဆူလင် ထိုးဖို့ အကြုံပြုတတ်ကြပါတယ်။
ဆီးချိုဆိုတဲ့ စကားလုံးက မြန်မာနိုင်ငံက လူတွေနဲ့ ရင်းနှီးလာပေမယ့် အင်ဆူလင်ထိုးတယ်ဆိုတဲ့ စကားလုံးကတော့ နည်းနည်း ခပ်စိမ်းစိမ်း ဖြစ်နေဆဲပါ။ ဒီတော့ အင်ဆူလင် ထိုးရမယ်လို့ ဆရာဝန်က ပြောတဲ့အခါ မထိုးဖို့ အတင်းငြင်းဆန်ကြတော့တာပါပဲ။
ဒီလိုငြင်းဆန်တာက အပ်ကိုကြောက်တာကြောင့်ဆိုတာထက် အင်ဆူလင်ထိုးရတာက ဆီးချိုနောက်ဆုံးအဆင့်လို့ မှားသိထားတာတွေ၊ အင်ဆူလင်ထိုးရတာက အလုပ်ပိုမယ်လို့ ယူဆထားတာတွေကြောင့်ပါ။
အင်ဆူလင်ထိုးတာက နောက်ဆုံးအဆင့် မဟုတ်ပါဘူး။ သွေးတွင်းသကြားဓာတ်ကို ထိန်းရခက်တဲ့အချိန်မျိုးမှာ အင်ဆူလင်ကို စောစောစထားတာက ကိုယ်တွင်းက အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေကို သက်ညှာရာရောက်ပါတယ်။ ဆီးချိုကို ကောင်းကောင်းထိန်းနိုင်လို့ နောက်ဆက်တွဲဖြစ်လာမယ့်အချိန်ကို ဆွဲဆန့်နိုင်ပါတယ်။
ဒါ့ပြင်အင်ဆူလင်ထိုးတာက အလုပ်မပိုပါဘူး။ အပ်ဆိုတာကလည်း တော်တော်လေးကိုသေးတဲ့ အပ်လေးပါ။ နာကျင်မှုဆိုတာကလည်း ပုရွက်ဆိတ်ကိုက်သလောက်လေးပဲနာတာပါ။ ဆေးပမဏ မသိမှာကို စိုးရိမ်တာလား။ ဒါကဆရာဝန်ညွှန်ကြားတဲ့ပမာဏကို သိထားရင်ကို သေချာချိန်လို့ရမယ့် အင်ဆူလင်ဆေးထိုးအပ်လေးတွေရှိနေပါပြီ။
တိုးတက်လာတဲ့ ဆေးပညာအရ အရင်ကလို ဆေးကို ပုလင်းထဲကနေ စုပ်နေစရာ မလိုတော့ဘူး။ အပ်နဲ့ ဆေးကို စုပ်တဲ့အခါ ပမာဏမှားစုပ်မိမှာ စိုးတဲ့အတွက် အလွယ်တကူ ပမာဏချိန်ညှိလို့ရမယ့် အင်ဆူလင်penတွေ ပေါ်လာပါပြီ။
ဘောပင်လေးလို အတံလေးမှာမှ အနောက်ဘက်ဖျားမှာ အင်ဆူလင်ပမာဏကို လှည့်ပြီးချိန်လို့ရမယ့် လှည့်စရာလေးရယ် ပမာဏကိုပြတဲ့ ဂဏန်းလေးတွေရယ်ကပါပြီးသားပါ။ အရှေ့ဖျားမှာက ဘောပင်လို အဖုံးလေးကို ချွတ်လိုက်ရင် အပ်လေးကိုဖုံးထားတဲ့ အစွပ်သေးသေးလေးပါမယ်။ ဒီအစွပ်သေးသေးလေးကို ဖယ်လိုက်ရင် မှင်တံထိပ်ဖျားထက်တောင်သေးတဲ့ အပ်လေးပါမယ်။ ဒီအပ်လေးကို ပေါင်၊ တင်ပါး၊ လက်မောင်းစတဲ့နေရာလေးမှာ တည့်တည့်စိုက်ပြီး နောက်ဖျားက ခလုတ်လေးကို နှိပ်လိုက်ရုံပါနော်။
အင်ဆူလင်ရဲ့ နောက်ထပ်အားသာချက်တစ်ခုက ခန္ဓာကိုယ်ကတစ်ရှူးတွေဆီကို မြန်မြန်ရောက်ရှိနိုင်တာပါ။ အချိန်တိုအတွင်းမှာ ရောက်ရှိမှုက သွေးတွင်းသကြားဓာတ်ကို စွမ်းအင်အဖြစ် ထိထိရောက်ရောက် ပြောင်းပေးနိုင်မှာပါ။
နောက်တစ်ခုက တချို့ အင်ဆူလင်တွေ ထိုးတဲ့အခါ သွေးတွင်းသကြားဓာတ်ကို ဖောက်စစ်ဖို့ လိုပါလိမ့်မယ်။ သွေးတွင်းသကြားဓာတ်နည်းနေချိန်မှာ ထိုးမိရင်၊ လိုတာထက် ပိုထိုးမိရင် ပိုပြီးကျသွားနိုင်လို့ပါ။ ဒါကြောင့်လည်းပဲ ပမာဏကို ညှိပြီး အလွယ်တကူထိုးနိုင်တဲ့ အင်ဆူလင်ဘောပင်လေးတွေ ခေတ်စားလာတာပါ။
အင်ဆူလင်က ဘာလုပ်ပေးတာလဲ။
အင်ဆူလင်ဆိုတာက အစာအိမ်နောက်ဘက်ခြမ်းမှာရှိတဲ့ ပန်ကရိယကနေ ထုတ်ပေးတဲ့ ဟော်မုန်းတစ်မျိုးပါ။ အင်ဆူလင်က သွေးတွင်းသကြားဓာတ်ကို စွမ်းအင်အဖြစ်ပြောင်းလဲပေးတာပါ။ အင်ဆူလင် လုံလောက်အောင် မထုတ်နိုင်တဲ့အခါ စားလိုက်သမျှ အချိုဓာတ်တွေက စွမ်းအင်အဖြစ်ပြောင်းမသွားဘဲ သွေးထဲမှာ စုပုံနေရင်းက သွေးတွင်းသကြားဓာတ် မြင့်တက်လာပါတော့တယ်။
ဒီလို သွေးတွင်းသကြားဓာတ် မြင့်တက်မှုကနေတဆင့် ဆီးချိုဖြစ်လာတာပေါ့။ ဆီးချိုဖြစ်တဲ့အခါ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ ခန္ဓာကိုယ်က အင်ဆူလင် လုံလောက်အောင် မထုတ်နိုင်တာကြောင့် ပြင်ပကနေ အင်ဆူလင်ကို ထိုးသွင်းပေးဖို့လိုပါမယ်။ ဒါမှ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်မှာဖြစ်ပြီး သွေးတွင်းသကြားဓာတ် မြင့်တက်မှုကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်မှာပါ။
ဒါကြောင့် ဆီးချိုရောဂါဖြစ်လာပြီဆိုရင် အမျိုးအစား (၁) ပဲဖြစ်ဖြစ်၊ အမျိုးအစား (၂) ပဲဖြစ်ဖြစ် ကျန်းမာပျော်ရွှင်ပြီး သက်တမ်းစေ့စေ့နေနိုင်ဖို့အတွက် အစားအသောက်ဂရုစိုက်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ နေထိုင်မှုပုံစံကိုပြောင်းလဲတာအပြင် နောက်ထပ်လိုက်နာရမယ့် အချက်တစ်ခုက ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု ရယူပြီး ဆေးသောက်ဖို့လိုရင် ဆေးသောက်တာ၊ အင်ဆူလင်ထိုးဖို့လိုမယ်ဆိုရင် ထိုးဖို့ လိုပါမယ်။
အင်ဆူလင်ထိုးတာက ကျန်းမာရေးကို ထိခိုက်စေမယ့် အရာတစ်ခုမဟုတ်သလို အလုပ်လည်းမပိုစေဘဲ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်မယ့် ဘေးကင်းစိတ်ချရတဲ့နည်းလမ်းပါလို့ အကြံပြုလိုက်ပါရစေ။
[embed-health-tool-bmi]