backup og meta

ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်နိုင်စေဖို့ ဘဝနေထိုင်မှုပုံစံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်နိုင်စေဖို့ ဘဝနေထိုင်မှုပုံစံ

    ဆီးချိုက ကမ္ဘာ့လူဦးရေ တော်တော်များများ ခံစားရတဲ့ ရောဂါ တစ်ခုပါ။ ဒီရောဂါက စစချင်းမှာ တစ်ယောက်တည်း လာတတ်ပေမယ့် အချိန် ကြာလာနဲ့အမျှတွေ့သမျှ ရောဂါတွေကို ဖိတ်ခေါ်တော့တာပါပဲ။ အချိန်ကြာလာတာနဲ့အမျှ ဆီးချိုကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေ များလာပါတယ်။ ဒီတစ်ခေါက်တော့ ဆီးချိုဝေဒနာ ခံစားနေရတဲ့ သူတွေအတွက် ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်နိုင်စေဖို့ ဘဝနေထိုင်မှုပုံစံ ကို ပြောပြပေးချင်ပါတယ်။

    ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဝေဒနာတွေ

    ဆီးချို သက်တမ်းရင့်လာတဲ့အခါ ဒီရောဂါတွေက မဖိတ်ခေါ်ဘဲ သူ့သဘောနဲ့ သူဝင်လာတတ်ပါတယ်။

    ဆီးချိုကြောင့်ဖြစ်လာမယ့်နောက်ဆက်တွဲဝေဒနာတွေကို ဒီလိုကာကွယ်ပါ

    ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်နိုင်စေဖို့

    ကိုယ်အလေးချိန် ချပါ – ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ အထောက်အကူပြု ပေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် ကိုယ်အလေးချိန် ထိန်းဖို့ သတိထားပေးပါ။

    ပုံမှန် သွေးချို တိုင်းပါ -ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သွေးချိုကို ပုံမှန် တိုင်းတာပေးပါ။ အိမ်မှာ သွေးချိုတိုင်းစက်လေး ဝယ်ထားပြီး တိုင်းပေးလို့ ရသလို နီးစပ်ရာ ဆေးခန်းတွေ ဆေးဆိုင်တွေမှာ သွားရောက်ပြီး တိုင်းတာစစ်ဆေးလို့လည်း ရပါတယ်။ သွေးချို အရမ်းမြင့်နေရင် ထိန်းဖို့လိုအပ်ပါမယ်။

    ကာဗိုဟိုက်ဒရိတ်ကို စစ်ဆေးပါ – တစ်နေ့တာမှာ ကိုယ်အနေနဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏ ဘယ်လောက်ထိစားလိုက်လဲဆိုတာကို သိဖို့လိုအပ်သလို သတိထားဆင်ခြင်ဖို့လည်း လိုအပ်ပါမယ်။ ကာဗိုဟိုက်ဒရိတ်စားသုံးမှုကို ထိန်းနိုင်မှသွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်မှာပါ။ အစားစားတဲ့အခါ အဆီနည်းပြီး အမျှင်ဓာတ်များတဲ့ အစားအစာတွေကို အဓိကထားစားပေးပါ။ အသီးအရွက်တွေပဲအမျိုးမျိုးနဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို စားသုံးပေးပါ။

    သွေးပေါင်ချိန်ကိုထိန်းညှိပါ – ဆီးချိုရဲ့နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါဝင်လာနိုင်တယ်ဆိုတာကို သိထားပြီးဖြစ်မှာပါ။ ဒါကြောင့် သွေးပေါင်ချိန်ကို မေ့ထားလို့မရပါဘူး။ အရိပ်တကြည့်ကြည့်နဲ့ကို စောင့်ကြည့်သင့်တာပါ။ သွေးတိုးရောဂါခံစားနေရမယ်ဆိုရင်လည်း ဆရာဝန်နဲ့ သေချာလေးတိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှုကိုခံယူဖို့ ပြောချင်ပါတယ်။

    သွေးတွင်းကိုလက်စထရော စစ်ဆေးပါ -သွေးတွင်းကိုလက်စထရောများတာက ရောဂါတွေကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံတစ်ခုပါ။ ဒါကြောင့် ပုံမှန်သွေးတွင်းကိုလက်စထရောပမာဏကို စစ်ဆေးဖို့ လိုပါမယ်နော်။

    ကိုယ်လက်လှုပ်ရှားမှုရှိပါစေ -နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလုပ်တာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးရာရောက်သလို သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ သွေးပေါင်ချိန်နဲ့ သွေးတွင်းကိုလက်စထရောပမာဏကိုပါ ထိန်းညှိပေးနိုင်မှာပါ။ ပုံမှန် လမ်းလျှောက်တာဖြစ်ဖြစ် စက်ဘီးစီးတာမျိုးဖြစ်ဖြစ်လုပ်ပေးပါနော်။

    အိပ်ရေးဝပါစေ – အိပ်ရေးပျက်တဲ့အခါ ပိုစားမိနိုင်ပါတယ်။ ဒီလိုစားမိတာက ကိုယ်အလေးချိန်တက်လာစေနိုင်သလို သွေးတွင်းသကြားဓာတ်ကိုပါ တက်လာစေနိုင်ပါတယ်။ ဒီလိုစားသုံးမိမှုက နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ပြဿနာတွေ တော်တော်လေးများပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်ပါ။ အိပ်ရေးဝတာက ကျန်းမာတဲ့ စားသောက်မှုပုံစံကိုရရှိစေနိုင်သလို သွေးတွင်းသကြားပမာဏကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

    စိတ်ဖိစီးမှုကင်းနေအောင် ဂရုစိုက်ပါ – စိတ်ဖိစီးမှု နဲ့ ဆီးချိုက တွဲစပ်မထားသင့်တဲ့အရာတွေပါ။ စိတ်ဖိစီးမှုများလာတဲ့အခါ သွေးတွင်းသကြားဓာတ်က အလိုလိုတက်လာတာပါ။ ဒါကြောင့် စိတ်ဖိစီးမှုကင်းစေဖို့ တစ်ယောက်တည်း တိတ်ဆိတ်တဲ့နေရာမှာနေတာမျိုး၊ တရားထိုင်တာမျိုး၊ ယောဂ ကစားတာမျိုးလုပ်ပေးပါ။

    ဆရာဝန်နဲ့ ပုံမှန်ပြသပေးပါ – ဆီးချိုအတွက် ဆရာဝန်နဲ့ ပုံမှန်ပြသပေးပါ။ တစ်ခုခုခံစားရတဲ့အခါမျိုးမှာ ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးပြသတာမျိုးလုပ်ပေးပါ။ သွေးတိုး ပုံမှန်တိုင်းပေးပါ။ တစ်နှစ် တစ်ကြိမ် မျက်လုံးစစ်ဆေးပါ။ ကျောက်ကပ်စစ်ဆေးမှု၊ နှလုံးစစ်ဆေးမှု နဲ့ အာရုံကြောထိခိုက်မှုတွေရှိ၊ မရှိ စစ်ဆေးပေးပါ။ ခြေထောက်တွေကို သေချာစစ်ဆေးပေးပါ။နောက်ဆက်တွဲရောဂါတစ်ခုခုခံစားနေရတဲ့ လက္ခဏာတွေ့ရပြီဆိုတာနဲ့ ဆရာဝန်ကို ချက်ချင်းသွားပြပေးပါ။

    ဆေးပုံမှန်သောက်ပါ – ဆီးချိုနဲ့ တခြားရောဂါတွေအတွက်ပေးထားတဲ့ ဆေးတွေကို အချိန်မှန်မှန်၊ ပမာဏမှန်မှန်နဲ့ သေချာလေးသောက်ပေးပါ။

    နေ့တိုင်း အစားအသောက်အနေအထိုင်တွေကို သေချာဂရုစိုက်လို့ ပုံမှန်စစ်ဆေးမှုတွေလုပ်ပြီး ဆီးချိုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement