backup og meta

လူကြီး ပန်းနာရင်ကြပ် အကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူကြီး ပန်းနာရင်ကြပ် အကြောင်း

    ပန်းနာရင်ကြပ် ဆိုတာ ကလေးဘဝတည်းက စဖြစ်တယ်လို့ လူအများ သိထားကြပါတယ်။ ကလေးဘဝတည်းက ဂေါက်လေး တရှူရှူနဲ့ပေါ့။ တကယ်တော့ ပန်းနာရင်ကြပ်မှာ အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ဒီထဲမှာ ကလေးဘဝမှာ ဘာမှမဖြစ်ဘဲ လူကြီးဖြစ်တော့မှ (ကြီးကောင်ဝင်တော့မှ) ပန်းနာရင်ကြပ်ထဖြစ်ကြတာတွေလည်း ရှိပါတယ်။ အလွယ်ပြောရင် လူကြီးပန်းနာရင်ကြပ်ပေါ့။

    လူကြီးပန်းနာရင်ကြပ် ဘာလို့ ဖြစ်တာလဲ။

    ငယ်ငယ်တုန်းက အကောင်း ကြီးမှ ဘာကြောင့် ပန်းနာရင်ကြပ်ထဖြစ်တာလဲဆိုတာ ခုထိ မသိကြသေးပါဘူး။ အသက် ၂၀လောက်မှာ စဖြစ်တတ်ကြပါတယ်။ အများစုက ဓာတ်မတည့်တာနဲ့ ဆက်စပ်နေတာပါတယ်။ လူကြီးပန်းနာရင်ကြပ်ရဲ့ ၃၀ရာခိုင်နှုန်းလောက်က ဓာတ်မတည့်တာကြောင့်ပါတဲ့။

    ALAအဆိုအရတော့ ၆လောက်မှာ ၁ယောက်လောက်က ပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်က ပစ္စည်းတွေကြောင့် ဖြစ်တာပါတဲ့။ ဒါကြောင့် အသက် ၄၅နှစ်နဲ့ ၆၄နှစ်အရွယ်တွေမှာ အများဆုံး တွေ့ရပါတယ်။

    တချို့ကလည်း ငယ်ငယ်တုန်းက ဒီလို ဓာတ်မတည့်တဲ့ ပစ္စည်းတွေနဲ့ ထိတွေ့မှု မရှိလို့ လက္ခဏာမပြဘဲ အရွယ်ရောက်လို့ လုပ်ငန်းခွင်ဝင်မှ ထိတွေ့မှု ရှိပြီး လက္ခဏာပြတယ်လို့ ဆိုကြပါတယ်။

    အဖြစ်များတဲ့သူတွေကတော့

    • အမျိုးသမီးတွေ (အထူးသဖြင့် ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့ ရာသီလာခါနီးတို့၊ သွေးဆုံးခါနီးတို့၊ ကိုယ်ဝန်ဆောင်ချိန်တို့ )
    • အအေးမိ၊ တုပ်ကွေး ဖြစ်တဲ့သူတွေ
    • အမွေးတွေ၊ အမှုန်တွေ ဓာတ်မတည့်သူတွေ
    • လုပ်ငန်းခွင်မှာ ဆေးလိပ်ငွေ့၊ အမှုန်အမွား၊ ဖုန်မှုန့်၊ မီးခိုးငွေ့၊ အနံ့အသက်တွေနဲ့ ထိတွေ့မှု များတဲ့သူတွေမှာ ပိုတွေ့ရတတ်ပါတယ်။

    ဘာလက္ခဏာတွေ ပြတတ်သလဲ။

    ပန်းနာရင်ကြပ်တို့ရဲ့ ပုံစံအတိုင်း လေပြွန်ကျဉ်းတာကြောင့် လက္ခဏာတွေကအတူတူပါပဲ။

    • ချောင်းဆိုးမယ် (အထူးသဖြင့် မနက်လင်းအားကြီး အချိန်မှာ)
    • အသက်ရှူကြပ်မယ်
    • အသက်ရှူရင် တရွှီရွှီမြည်မယ်
    • မောမယ်
    • ရင်ဘတ်ထဲမှာ ကြပ်မယ် စတဲ့ လက္ခဏာတွေ ခံစားရမှာပါ။

    လူတိုင်း ဒီလက္ခဏာတွေ အကုန် ခံစားရတာ မဟုတ်ပါဘူး။ တချို့က ချောင်းပဲ ဆိုးပါတယ်။ ဒါကြောင့် ပန်းနာရင်ကြပ်ရှိလို့ ရှိမှန်း မသိကြပါဘူး။

    ကလေးပန်းနာရင်ကြပ်နဲ့ ဘာကွာသလဲ။

    ကလေးပန်းနာရင်ကြပ်နဲ့ လူကြီးပန်းနာရင်ကြပ်က ခံစားရတဲ့ လက္ခဏာရော၊ ကုသမှု ပုံစံရော သိပ်မကွာပါဘူး။ ဒါပေမယ့် ကလေးပန်းနာရင်ကြပ်က ဖြစ်လိုက် ပျောက်လိုက်ပါပဲ။ သူတို့က ကြားထဲမှာ မေ့လောက်မှ ပြန်ကြွတာပါ။ လူကြီးပန်းနာရင်ကြပ်က သက်သာတဲ့ အချိန်နည်းပြီး ထိန်းရလည်း ခက်ပါတယ်။

    လူကြီးတွေမှာက အသက်ကြီးလာလေလေ အသက်ရှူလမ်းကြောင်းရဲ့ စွမ်းဆောင်နိုင်စွမ်းက လျော့လာလေလေပါ။ ရင်ခေါင်းမှာ ရှိတဲ့ ကြွက်သားတွေ၊ အရိုးတွေကလည်း ပိုမာလာတာကြောင့် ကလေးဘဝတုန်းကလို ကုသရ မကောင်းတော့ပါဘူး။

    ရောဂါကို ဘယ်လိုသတ်မှတ်မလဲ။

    အထက်ပါ လက္ခဏာတွေ မကြာခဏ ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ သေသေချာချာ ပြသသင့်ပါတယ်။ ဆရာဝန်က လိုအပ်တဲ့ ရောဂါရာဇဝင်မေးမြန်းမှုတွေ၊ စမ်းသပ်မှုတွေ လုပ်မယ်။ လိုအပ်ရင် ဆေးစစ်ချက်တွေ လုပ်ပါမယ်။ ပြီးမှ ရောဂါသတ်မှတ်ပါတယ်။

    ဘယ်လိုကုသမလဲ။

    ရောဂါကို မကုသခင် ရောဂါပြင်းထန်မှု အဆင့် သတ်မှတ်ပါတယ်။ ဒါမှ အဆင့်အလိုက် ကုသမှုတွေ သတ်မှတ်လို့ရမှာပါ။

    • မပြင်းထန်ဘူး။ ရံဖန်ရံခါမှ လက္ခဏာပြတဲ့ အဆင့်

    -နှစ်ပတ်ကို တစ်ခါလောက်ပဲ ကြပ်တယ်။ ညဘက်ထကြပ်တာက တစ်လလုံးမှ နှစ်ကြိမ်တောင် မပြည့်ဘူး။

    -အဆုတ်စွမ်းဆောင်ရည်ကလည်း ၈၀ ရာခိုင်နှုန်းအထက်ရှိတယ်။

    ဒါဆိုရင်တော့ ဆေးစွဲရှူစရာ မလိုပါဘူး။ ကြပ်လာရင် ရှူဖို့ ဆေးဆောင်ထားရင် ရပါပြီ။

    • မပြင်းထန်ပေမယ့် လက္ခဏာပြတာ စိပ်တဲ့ အဆင့်

    -တစ်ပတ်ကို ၃ကြိမ်ကနေ ၆ကြိမ်အထိ ကြပ်တယ်။

    -ညဘက်ကြပ်လို့ ထရတာ တစ်လကို ၃-၄ခါလောက် ရှိတယ်။

    -အဆုတ်စွမ်းဆောင်ရည်ကလည်း ၈၀ ရာခိုင်နှုန်းအထက်ရှိတယ်။

    • အတန်အသင့် ပြင်းထန်ပြီး လက္ခဏာပြတာ စိပ်တဲ့အဆင့်

    -နေ့တိုင်းနီးပါးလောက်ကြပ်တယ်။

    -ညဘက်ကြပ်လို့ ထရတာ တစ်လကို ၅ခါနဲ့အထက်ရှိမယ်။

    -ကြပ်လို့ အလုပ်မလုပ်နိုင်တာ တစ်ပတ်ကို နှစ်ခေါက်လောက် ဖြစ်မယ်။

    -အဆုတ်စွမ်းဆောင်ရည်ကလည်း ၆၀နဲ့ ၈၀ ရာခိုင်နှုန်းကြား ရှိတယ်။

    • ပြင်းထန်အဆင့်

    -ညတိုင်းနီးပါး ထထကြပ်နေမယ်။

    -အလုပ်ပျက် အကိုင်ပျက် ဖြစ်လာမယ်။

    -အဆုတ်စွမ်းဆောင်ရည်က ၆၀ရာခိုင်နုန်းအောက်ပဲ ရှိတော့တယ်။

    ဘာဆေးတွေကို အသုံးပြုသလဲ။

    ပန်းနာရင်ကြပ်ဆိုတာ နာတာရှည် ရောဂါဖြစ်ပြီး ထိန်းလို့ပဲရပါတယ်။ အပြီးပျောက်အောင် ကုလို့မရပါဘူး။ ကုသရခြင်းရဲ့ ရည်ရွယ်ချက်ကတော့

    • ပုံမှန်အတိုင်း နေနိုင်ဖို့
    • နောက်ဆက်တွဲရောဂါတွေ မဖြစ်ဖို့
    • နေ့စဉ် အလုပ်တွေ လုပ်နိုင်ဖို့
    • အလုပ်ပျက် ကျောင်းပျက် မဖြစ်ဖို့
    • ခဏခဏ ဆေးရုံမတက်ရဖို့ပဲ ဖြစ်ပါတယ်။

    ရောဂါကုသမှုကတော့ အဆင့်ပေါ်လိုက်ပြီး ဆေးအတိုးအလျော့လုပ်ပြီး ကုသပါတယ်။ အသုံးများတဲ့ ဆေးတွေကတော့ စတီးရွိုက်လို့ခေါ်တဲ့ အရောင်ကျဆေးနဲ့ လေပြွန်ကျယ်ဆေးတွေပဲ ဖြစ်ပါတယ်။ ဆေးရှူရတာ ရှိသလို သောက်ဆေးတွေလည်း ရှိပါတယ်။ ရောဂါလိုအပ်ချက်ပေါ်မူတည်ပြီး ကုသပေးသွားမှာပါ။

    လူနာအနေနဲ့ လိုက်နာအနေနဲ့ ဆောင်ရန်ရှောင်ရန်များ

    ဆေးတွေပုံမှန်ရှူ၊ သောက်နေတာအပြင် လူနာဘက်ကလည်း ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာဖို့လိုပါတယ်။ ဒါမှ ပန်းနာရင်ကြပ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ပြီး လိုမှ ဆေးရှူတဲ့အဆင့်အထိ သက်သာသွားမှာပါ။ လိုက်နာရမယ့် အချက်တွေကတော့

    • နေ့တိုင်း ရှူရမယ့်၊ သောက်ရမယ့် ဆေးတွေကို ပုံမှန်သောက်ပါ။
    • လှုပ်လှုပ်ရှားရှားနေပါ။
    • မတည့်တာကို မှတ်ထားပြီး ရှောင်ကြဉ်ပါ။
    • အမှုန်အမွားတွေ၊ ဆေးလိပ်ငွေ့တွေ၊ တခြားကိုယ်နဲ့ မတည့်တဲ့ အနံ့အသက်တွေကနေ ဝေးဝေးနေပါ။
    • ရောဂါကြွတဲ့ အချိန်တွေကို သေချာ ရေးမှတ်ထားပါ။
    • ရက်ချိန်းလည်း မှန်မှန်သွားပါ။

    ဒီနည်းလမ်းတွေက ပန်းနာရင်ကြပ်ကုသမှုမှာ အများကြီး အထောက်အကူပြုပါလိမ့်မယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement