home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer)

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer)

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer) ဆိုတာက ပါးစပ်၊ လည်ချောင်း၊ နှာခေါင်း၊ တံထွေးဂလင်းတွေမှာဖြစ်တဲ့ ကင်ဆာတွေနဲ့ ခံတွင်းကင်ဆာအမျိုးမျိုး၊ ဦးခေါင်းနဲ့ ဇက်တဝိုက်မှာဖြစ်တဲ့ ကင်ဆာတွေကို ဆိုလိုတာပါ။

များသောအားဖြင့် ဒီကင်ဆာ အမျိုးအစားက ပါးစပ်အတွင်းနံရံတွေ၊ နှာခေါင်းနဲ့ လည်ချောင်းအတွင်းနံရံတွေကနေ စဖြစ်တာများပါတယ်။ ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer)ကို ခံစားရသူ အများစုက ဆေးရွက်ကြီးသုံးစွဲတာ၊ ဆေးရွက်ကြီးနဲ့ အရက်သောက်သုံးမှုများတာတွေကြောင့် ဖြစ်ရတာပါ။

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer)က ဘယ်အပိုင်းတွေမှာ အဖြစ်များသလဲ။

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer)က ဦးခေါင်းနဲ့ ဇက်ပိုင်းတွေကနေစဖြစ်တာပါ။ အထူးသဖြင့်

  • ခံတွင်း – နှုတ်ခမ်း၊ လျှာအရှေ့ပိုင်း၊ သွားဖုံး၊ ပါးနဲ့နှုတ်ခမ်းအတွင်း အမြှေုးပါးနံရံ၊ လျှာအောက်ဘက်နားက ခံတွင်းကြမ်းခင်း၊ အာခေါင်မာ၊ အံဆုံးသွားအရှေ့ဘက်နားက သွားဖုံး စတဲ့နေရာတွေပါ။
  • လည်ချောင်း – လည်ချောင်းဆိုတဲ့နေရာမှာ နှာခေါင်းအနောက်ဘက် အစာရေမျိုနဲ့ဆက်ထားတဲ့ ပြွန်ရဲ့ အထက်ပိုင်း၊ အလယ်ပိုင်း၊ အောက်ပိုင်းတွေပါ။
  • အသံအိုး
  • နှာခေါင်းအထက်နားက အစိတ်အပိုင်း
  • တံထွေးဂလင်း စတဲ့နေရာတွေမှာ ဖြစ်တဲ့ကင်ဆာတွေပါ။
ဦးနှောက်၊ မျက်လုံး၊ အစာရေမျိုနဲ့ သိုင်းရွိုက်ဂလင်းတွေမှာဖြစ်တဲ့ ကင်ဆာတွေ၊ ဦးခေါင်းနဲ့ လည်ပင်းတဝိုက်က ဦးရေပြား၊ အရေပြား၊ ကြွက်သားနဲ့ အရိုးတွေမှာဖြစ်တဲ့ ကင်ဆာတွေကို ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer) လို့ သတ်မှတ်လေ့ မရှိပါဘူး။

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer) ဖြစ်ရတဲ့အကြောင်းအရင်း

အရက်နဲ့ ဆေးရွက်ကြီးသုံးစွဲမှုက ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer) ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေပါ။ ဒီအချက်အပြင် human papillomavirus (HPV) ဗိုင်းရပ်စ် ကူးစက်ခံရတာကလည်း ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer)ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။

ဒါတွေတင်မကသေးပါဘူး။
  • ကွမ်းဝါးတာ
  • တာရှည်ခံအစားအစာတွေစားတာ
  • အငန်ကဲတဲ့ အစားအစာတွေ စားတာ
  • အလုပ်ခွင်မှာ ထိတွေ့ရတဲ့ ဓာတုပစ္စည်းတွေ
  • ဓာတ်ရောင်ခြည်ကုထုံး
  • Epstein-Barr ဗိုင်းရပ်စ် ကူးစက်ခံရတာတွေကလည်း ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer)ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ။

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer) ကင်ဆာ ခံစားရတဲ့အခါ

  • ပြန်ရည်ကျိတ်တွေ ရောင်ရမ်းတာက အချိန်အတော်ကြာတဲ့အထိ မသက်သာတာ
  • လည်ချောင်းနာကတ အချိန်အတော်ကြာတဲ့အထိ မသက်သာတာ
  • အစာမျိုချရခက်လာတာ
  • အသံဝင်တာ
  • သွားဖုံး၊ လျှာ၊ ပါးစပ်အတွင်းနံရံတွေမှာ အနီစက်တွေ ထွက်တာ
  • မေးရိုးတွေရောင်တာ
  • သွားဖုံးကနေ သွေးယိုစီးတာ
  • သွားတွေနဲ့တာ
  • အသက်ရှူတဲ့အခါ၊ စကားပြောတဲ့အခါ လည်ချောင်းနာတာ
  • မျိုချတဲ့အခါ လည်ချောင်းနာတာ
  • မကြာခဏ ခေါင်းကိုက်တာ
  • ခေါင်းထဲက နာတာ၊ နားထဲမှာ အသံတွေကြားနေရတာ
  • အကြားအာရုံပြဿနာတွေ ခံစားရတာ
  • နှာခေါင်းက သွေးယိုတာ
  • အပေါ်သွားတွေနာတာ
  • နာတာရှည် sinus infections ကို ခံစားရတာ
  • ပါးနဲ့မေးရိုးတလျှောက် ရောင်ရမ်းတာ
  • မျက်နှာကြွက်သားတွေ ထုံတာ၊ ရွဲ့တာ
  • မျက်နှာက နာတာ
  • မေးရိုးနဲ့ ဇက်တဝိုက်ကနာတာတွေကို ခံစားရနိုင်ပါတယ်။

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer) ကို ဘယ်လို စစ်ဆေးသိရှိနိုင်မလဲ။

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer) ခံစားနေရလားဆိုတာကို အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတွေအပြင် လူနာရဲ့ ဆေးမှတ်တမ်း၊ ရုပ်ပိုင်းဆိုင်ရာ အနေအထား၊ စစ်ဆေးမှုရလဒ်တွေကို စစ်ဆေးမှုကနေ သိရှိနိုင်ပါတယ်။ ရောဂါကို စစ်ဆေးတဲ့အခါ ခံစားနေရတဲ့အခြေအနေ လက္ခဏာတွေပေါ်မူတည်ပြီး ကွာခြားမှုတွေရှိနိုင်ပါတယ်။

တစ်ရှူးစနမူနာယူစစ်ဆေးတာ၊ ပုံရိပ်ဖော်စစ်ဆေးနည်းတွေနဲ့ စစ်ဆေးတာ၊ဓာတ်ခွဲစမ်းသပ်မှုနည်းလမ်းတွေနဲ့ စစ်ဆေးတာမျိုးတွေကို လုပ်ဆောင်လို့ရပါတယ်။ ခံစားနေရတဲ့အခြေအနေကို သိရှိမှ ကုသမှုနည်းလမ်းတွေကို အကောင်းဆုံး လုပ်ဆောင်ပေးနိုင်မှာပါ။

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer) အတွက် ကုထုံးများ

ခံစားနေရတဲ့ အခြေအနေကိုလိုက်ပြီး တစ်ဦးနဲ့တစ်ဦး ကုသမှုတွေ ကွာခြားနိုင်ပါတယ်။ ကင်ဆာကျိတ်ရှိနေတဲ့နေရာ၊ ကင်ဆာအဆင့်၊ အသက်အရွယ်၊ အခြားကျန်းမာရေးပြဿနာတွေအပေါ်မူတည်ပြီး တစ်ဦးနဲ့တစ်ဦ ခံယူရတဲ့ ကုသမှုတွေ ကွာခြားမှာဖြစ်ပါတယ်။
  • ခွဲစိတ်ကုသမှု (surgery)
  • ဓာတ်ရောင်ခြည်ကုထုံး (radiation therapy)
  • ဆေးသွင်းကုထုံး (chemotherapy)
  • ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထား ဖျက်ဆီးပစ်တဲ့ ကုထုံး (targeted therapy)
  • ပေါင်းစပ်ကုထုံး ဆိုပြီး ကုသနည်းတွေက အမျိုးမျိုးပါ။

ဒီလိုကုထုံးတွေ ခံယူတဲ့အခါ HPV ရောဂါပိုးရှိသူနဲ့ ရောဂါပိုးမရှိသူတွေမှာလည်း ကုသမှုတွေ ကွာခြားနိုင်ပါသေးတယ်။

Takeaways

ဦးခေါင်းနှင့်လည်ပင်းပိုင်းတွင်ဖြစ်သော ကင်ဆာ (Head & Neck Cancer) မခံစားရစေဖို့ ဆေးလိပ်ဖြတ်တာ၊ အရက်လျှော့သောက်တာတွေကို လုပ်ဆောင်ပေးဖို့လိုပါမယ်။ အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတွေ တွေ့လာရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Head and Neck Cancers https://www.cancer.gov/types/head-and-neck/head-neck-fact-sheet Accessed Date 28 December 2020

Head and neck cancer https://www.cancercenter.com/cancer-types/head-and-neck-cancer Accessed Date 28 December 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 11/01/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။