backup og meta

သင့်ကို ဝိတ်ကျ စေမယ့် စားပွဲအပြင်အဆင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကို ဝိတ်ကျ စေမယ့် စားပွဲအပြင်အဆင်

    ဝိတ်ကျ ဖို့ ဒါမှမဟုတ် ကိုယ်အလေးချိန်ထိန်းဖို့ဆိုရင် အစားလျှော့ရမယ်၊ များများလှုပ်ရမယ်ဆိုတာ အခြေခံစည်းမျဉ်းပါ၊၊ ဒါပေမယ့် ဒါက ထင်သလောက် မလွယ်ပါဘူး၊၊ အစားလျှော့ဖို့လည်း မလွယ်သလို၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ဆိုတာလည်း ခက်ပါတယ်၊၊ မဟုတ်ရင် လူတိုင်းက ဝိတ်ကျဖို့ စိတ်သောကရောက်နေရမှာ မဟုတ်ပါဘူး၊၊

    ဒါကြောင့် ဝိတ်ကျဖို့ ကိုယ့်ရဲ့ စိတ်ကို လှည့်စားတာ၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင် အခြေအနေကို ပြောင်းလဲတာတွေ လုပ်ဖို့ လိုလာပါတယ်၊၊ အထူးသဖြင့် စိတ်မထိန်းနိုင်ဘဲ စားမိပြီး ဗိုက်ဝမှ နောင်တရတတ်သူတွေအတွက် ခုပြောမယ့် နည်းလမ်းက အစားအသောက်ထိန်းစားဖို့ အထောက်အကူ ဖြစ်မှာပါ၊၊

    ဝိတ်ကျ စေဖို့ ထမင်းစားပွဲကို ဒီလိုပြင်ဆင်ကြည့်ရအောင်၊၊

    • ထမင်းစားပွဲမှာ ကျကျနနထိုင်စားပါ၊၊

    အစာစားတဲ့အခါ တတ်နိုင်သမျှ အာရုံမလွင့်တာ အကောင်းဆုံးပါ၊၊ အိပ်ရာထဲမှာ စားတာ၊ တီဗွီရှေ့မှာ စားတာ စတာတွေက အာရုံကို ပျံ့စေတာကြောင့် ထင်ထားတာထက်  ပိုစားမိတတ်ပါတယ်၊၊ ထမင်းစားပွဲမှာ ကျကျနန ထိုင်စားတာက စားတာကိုပဲ အာရုံစိုက်စေတဲ့အပြင် ဗိုက်ပြည့်တာကိုလည်း အလွယ်တကူ သိစေပါတယ်၊၊ သတိနဲ့ စားခြင်း Mindful eating ကိုလည်း လေ့ကျင့်ရလွယ်စေပါတယ်၊၊

    • စားပွဲကို ရှင်းထားပါ၊၊

    ထမင်းစားပွဲမှာ ကိုယ်စားမယ့် ထမင်းပန်းကန်၊ ဟင်းပန်ကန်၊ ရေခွက် စတာတွေက လွဲပြီး တခြားဟာတွေကို ရှင်းထားပါ၊၊ ပစ္စည်းတွေ ရှုပ်ပွနေတာက စိတ်ရှုပ်ပြီး အာရုံထွေပြားစေတာကြောင့် ပိုစားမိတတ်ပါတယ်၊၊ လေ့လာချက်တစ်ခုမှာ စားပွဲရှုပ်ရှုပ်မှာ ထမင်းစားတတ်တဲ့ သူတွေက သွားရေစာ စားနိုင်ခြေ ပိုများပါတယ်၊၊

  • ဖြည်းဖြည်းစားပါ၊၊
  • ပါးစပ်က စဝါးပြီ ဆိုတာနဲ့ မိနစ် ၂၀နေရင် ဦးနှောက်ကို ဗိုက်ပြည့်ပြီလို့ သတင်းပို့တတ်ပါတယ်၊၊ ဒါကို လူတိုင်းသိကြမှာပါ၊၊ မိနစ် ၂၀အတူတူကို ခပ်မြန်မြန် စားမိမယ်ဆိုရင် ကယ်လိုရီပိုဝင်ပြီး ဝလာနိုင်ပါတယ်၊၊

    ဒါနဲ့ ပြောင်းပြန် ထမင်းလုတ်သေးသေးကို အေးဆေးစားမယ်ဆိုရင် မိနစ် ၂၀ကြာတဲ့အခါ ဘာမှသိပ်မစားလိုက်ရပါဘဲနဲ့ ဗိုက်ပြည့်တဲ့ ခံစားချက်ကို ရပါလိမ့်မယ်၊၊ ဒီလိုမျိုး ဖြည်းဖြည်းစားဖို့ဆို

    -ထမင်းလုတ်ကို သေးသေးစားပါ၊၊

    -သေချာ အရသာ ခံစားပါ၊၊

    -ကြေညက်အောင် ဝါးပြီးမှ မျိုချပါ၊၊ (ဒီအချက်တွေက Mindful eatingရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်၊၊)

    -တချို့ မြန်မြန်စားတတ်တဲ့ သူတွေဆို မသန်တဲ့ လက်နဲ့ စားခိုင်းတာ (ဥပမာ ဘယ်လက်နဲ့ ဇွန်းကိုင်တာ)၊ ထမင်းတစ်လုတ်စားပြီးတိုင်း ဇွန်းကိုချ၊ ပြီးမှ ထပ်စားတာ စတဲ့ နည်းလမ်းတွေကို အသုံးပြုလို့ရပါတယ်၊၊

    • ပန်းကန်သေးသေးသုံးပါ၊၊

    ဇလုံတွေနဲ့ စားမယ့်အစား၊ ပန်းကန်လုံးသေးသေး၊ ပန်းကန်ပြားပြားသေးသေး၊ ဇွန်းသေးသေးကို သုံးပါ၊၊ ပန်းကန်ဆိုဒ်သေးတဲ့အခါကျတော့ နည်းနည်းထည့်ရုံနဲ့ များများစားရတယ်လို့ ထင်ရပါတယ်၊၊ ဒါပေမယ့် အပြည့်အမောက်ထည့်တာကိုတော့ ရှောင်ရပါမယ်၊၊ ဇွန်းသေးသေးနဲ့ စားတဲ့အခါကျတော့ ခဏခဏ ခပ်ရတဲ့အတွက် မိနစ် ၂၀ခဏလေးနဲ့ ပြည့်သွားပါတယ်၊၊

    စိတ်မှန်းနဲ့ ပန်းကန်ကို တစ်ဝက်ဝက်ပြီး အသီးအရွက်တွေနဲ့ ဖြည့်လိုက်ပါ၊၊ ကျန်တစ်ဝက်ကို နောက်ထပ် တစ်ဝက်ထပ်ဝက်ပြီး အသားတစ်ပုံ၊ ထမင်းတစ်ပုံ ထည့်လိုက်ပါ၊၊ ဒီလိုမျိုး ပိုင်းပြီး စားတာက အာဟာရမျိုးစုံပါဝင်အောင်၊ ပမာဏမှန်ကန်အောင် ထိန်းပြီးသား ဖြစ်သွားပါတယ်၊၊

    သင့်ကို ဝိတ်ကျ စေမယ့် စားပွဲအပြင်အဆင်

    • အရောင်တွေကလည်း အရေးကြီးပါတယ်၊၊

    အရောင်တွေက လူတစ်ယောက်နဲ့ စိတ်ခံစားချက်နဲ့ အစာစားချင်စိတ်ကို လွှမ်းမိုးနေပါတယ်၊၊ အညို၊ အပြာ၊ အမည်းနဲ့ မီးခိုးရောင်တွေက စိတ်ကို တည်ငြိမ်စေတဲ့အတွက် အစာစားချင်စိတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်၊၊ အနီ၊ လိမ္မော်နဲ့ အဝါရောင်တွေက စိတ်ကို တက်ကြွစေပြီး အစာစားချင်စိတ်ကိုလည်း လှုံ့ဆော်ပေးနိုင်ပါတယ်၊၊

    ဒီအရောင်တွေကို ကိုယ့်ရဲ့ ထမင်းစားပွဲမှာ၊ ကိုယ့်ရဲ့ ပန်းကန်၊ ဇွန်း စတာတွေမှာ အသုံးချနိုင်ရင် အစာစားချင်စိတ်ကို ထိန်းဖို့ အထောက်အကူ ဖြစ်နိုင်ပါတယ်၊၊ ဒါကြောင့်လည်း စားသောက်ဆိုင်တွေမှာ စားသုံးသူတွေ စားချင်စိတ်ဖြစ်လာအောင် အပေါ်မှာ ပြောခဲ့တဲ့ အရောင်တောက်တောက်တွေကို သုံးကြတာ ဖြစ်ပါတယ်၊၊

    • ရေသောက်ပါ၊၊

    ထမင်းစားတိုင်း အနားမှာ ရေခွက်ချထားပါ၊၊ ထမင်းမစားခင်မှာ ရေတစ်ခွက်လောက် သောက်လိုက်တာက ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်စေတဲ့အတွက် ဆာလောင်မှုနဲ့ အစာစားချင်စိတ်လည်း လျော့သွားပါတယ်၊၊

    တစ်ခါတလေမှာ ခန္ဓာကိုယ်က ရေဆာတာကို ဗိုက်ဆာတာလို့ အမှတ်မှားလေ့ရှိပါတယ်၊၊ အဲ့ဒီလိုအချိန်ဆို အငန်ဓာတ်ပါတာလေးကို အာသီသ ရှိကြပါတယ်၊၊ ရေတစ်ခွက်လောက် ဝဝသောက်လိုက်ရင် ရေဆာတာလား၊ ဗိုက်ဆာတာလား ကွဲသွားပါတယ်၊၊

    ထမင်းမစားခင် ရေသောက်တာက ဗိုက်ပြည့်စေတဲ့အတွက် စားတဲ့အခါ ကိုယ့်ကျန်းမာရေးနဲ့ ကိုက်ညီတာကို ပိုရွေးစားဖြစ်ပါတယ်၊၊ ဗိုက်ဆာလွန်းရင် ဘာလာလာ စားချင်နေတာကိုး၊၊ အဲ့ဒီအချိန်ကို ကိုယ့်ကို ဝစေလား၊ မဝစေလားလည်း မစဉ်းစားနိုင်တော့ပါဘူး၊၊ ဗိုက်ပြည့်ဖို့က အဓိက ဖြစ်နေတာကိုး၊၊ နောက်ပြီး ရေသောက်လို့ ဗိုက်ပြည့်သွားရင် စားတဲ့ ပမာဏကိုပါ ထိန်းပြီးသား ဖြစ်သွားပါတယ်၊၊

    • ထမင်းစားချိန်သည် Screen- free ဖြစ်ပါစေ၊၊

    ဒါက ကလေးရော လူကြီးရောအတွက် လိုအပ်ပါတယ်၊၊ ထမင်းစားချိန်မှာ တီဗွီကြည့်တာ၊ ဖုန်းသုံးတာမျိုးကို ရှောင်သင့်ပါတယ်၊၊ ဒီလိုမျိုုး ကြည့်တာ၊ သုံးတာတွေက အာရုံထွေပြားစေတာကြောင့် စားချင်သလောက် စားနေမိတတ်ပါတယ်၊၊ ဗိုက်ပြည့်လည်း မထဘဲ တီဗွီပြီးတဲ့အထိ၊ ဖုန်းကြည့်ပြီးတဲ့အထိ ဆက်စားနေမိတတ်ပါတယ်၊၊

    သေးသေးလေးက စပါ၊၊

    ဒီအချက်လေးတွေက ဝိတ်ကို တိုက်ရိုက်ကျစေတာ မဟုတ်ပေမယ့် ကိုယ့်ရဲ့ ဝိတ်ချခြင်း ခရီးစဉ်ကို ပိုမိုလွယ်ကူစေမှာပါ၊၊ အပြောင်းအလဲ သေးသေးလေးတွေက ရလဒ်ကြီးကြီးကို ပေးနိုင်တာကြောင့် ခုပဲ စလုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ၊၊

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement