brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အမျိုးသမီးတွေဘာကြောင့် မိန်းမကိုယ်မှာ မကြာခဏပိုးဝင်တာလဲ

မိန်းကလေးတိုင်း လိုလိုက မွေးရာပါ အလှကြိုက် ကြသူတွေပါ။ လှပမှု ဆိုတဲ့ နေရာမှာလည်း ပြီးပြည့်စုံတဲ့လှပမှု ဖြစ်ဖို့ လိုအပ်ပါမယ်။ ဒီလို ပြီးပြည့်စုံတဲ့ လှပမှုဖြစ်ဖို့ဆိုရင် ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံးကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ ဒီလို ဂရုစိုက်တဲ့အခါမှာ မေ့မထားသင့်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခု ရှိပါသေးတယ်။ ဒါကတော့ မိန်းမကိုယ် ပါ။ အမျိုးသမီးတွေရဲ့ ကျန်းမာလှပမှု အတွက် အရေးပါတဲ့ နေရာကနေ ပါဝင်နေတာပါ။ မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်တာက ကျန်းမာရေးရော လှပမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။

အမျိုးသမီးတွေဘာကြောင့် မိန်းမကိုယ်မှာ မကြာခဏပိုးဝင်တာလဲ

တစ်ခါတစ်ရံမှာ မိန်းမကိုယ်ကနေ အဖြူဆင်းတာမိန်းမကိုယ် ယားယံတာ နဲ့ ပူစပ်ပူလောင် ဖြစ်တာမျိုးတွေ ခံစားရနိုင် ပါတယ်။ ဒီလို ဖြစ်တာက မိန်းမကိုယ်ရောင်ရမ်းတာကြောင့် ခံစားရတဲ့ လက္ခဏာတွေပါ။ မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်တာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ မိန်းမကိုယ် ဆိုင်ရာ ရောဂါတွေပါ။ ဒီလိုလက္ခဏာတွေ ခံစားရတဲ့အခါ မိန်းမကိုယ်က အနံ့ဆိုး ထွက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို ဖြစ်တဲ့အခါ ပြီးပြည့်စုံတဲ့ လှပမှု မရနိုင်တော့ပါဘူး။ ဒီတော့ပြီးပြည့်စုံတဲ့ လှပမှုကို ပိုင်ဆိုင်ချင်တဲ့လေဒီတွေအနေနဲ့ မိန်းမကိုယ် ကျန်းမာဖို့ကိုလည်းမေ့ထားလို့ မဖြစ်ပါဘူး။

ဒီတော့ မိန်းမကိုယ် ကျန်းမာအောင် ဘာလုပ်ရမလဲလို့ မေးစရာရှိလာမှာပါ။ အဓိကကတော့ မိန်းမကိုယ် ပိုးဝင်ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်ဖို့ပါ။ ကာကွယ်ဖို့ဆိုရင် အရင်ဆုံး သိထားဖို့လိုမှာက ရောဂါဖြစ်စေနိုင်တဲ့ အနေအထားတွေနဲ့ အကြောင်းအရင်းတွေ ကိုပါ။ ဒီတော့ မိန်းမကိုယ် အနံ့ဆိုး ဖြစ်စေတဲ့အကြောင်းအရင်းဖြစ်တဲ့ ပိုးဝင်ကူးစက်မှု အကြောင်းလေးတွေကို ဖော်ပြပေးပါရစေနော်။

ဒီအချက်တွေကြောင့် မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်ခံရနိုင်ပါတယ်

မိန်းမကိုယ်မှာ အကျိုးပြုဘက်တီးရီးယားတွေရော အကျိုးမပြု ဘက်တီးရီးယားတွေရော ရှိနေတတ် ပါတယ်။ အကျိုးပြု ဘက်တီးရီးယား အရေအတွက် များနေတဲ့အခါ သိပ်ပြဿနာ မရှိလှပေမယ့် အကျိုးမပြု ဘက်တီးရီးယား အရေအတွက် များလာတဲ့အခါမှာတော့ မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်တာတွေ ခံစားရနိုင်ပါတယ်။ ဒီအခြေအနေတွေကြောင့် မိန်းမကိုယ်မှာ ဘက်တီးရီးယားတွေ ဖြစ်ပေါ်ကူးစက် ခံရနိုင်ပါတယ်။

  • ကိုယ်ဝန်ဆောင် နေရတာ
  • သားအိမ်တွင်းထည့်ပစ္စည်း (IUD) အသုံးပြုနေရတာ
  • မကြာခဏ ဆိုသလို မိန်းမကိုယ် အတွင်းပိုင်း သန့်စင်မှု လုပ်တာ
  • လိင်ဆက်ဆံဖက် များတာ
  • တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ
  • အတွင်းခံတွေကို မလျှော်ဘဲ ပြန်ဝတ်တာ
  • သေချာ မခြောက်တဲ့ အတွင်းခံတွေကို ဝတ်ဆင်တာ
  • ပဋိဇီဝဆေးဝါးတွေ အလွန်အကျွံ အသုံးပြုတာ
  • ဆီးချိုရောဂါ ရှိနေတာ
  • အတွင်းခံ ကျပ်ကျပ် ဝတ်ဆင်တာ
  • ဟော်မုန်း အပြောင်းအလဲ ဖြစ်တာ
  • ကိုယ်ခံအား နည်းတာ
  • သန္ဓေတား သောက်ဆေး သောက်နေတာ
  • Tampon အသုံးပြုတာကြောင့် ထိခိုက်မိတာ
  • နိုင်လွန်ပါတဲ့ အတွင်းခံတွေ ဝတ်ဆင်တာ
  • အမွှေးနံ့ပြင်းတဲ့ သန့်စင်ခန်းသုံး တစ်ရှူးတွေ အသုံးပြုတာ
  • လစဉ်သုံးပစ္စည်းတွေကို ပုံမှန်လဲလှယ်တာမျိုး မလုပ်တာ
  • တစ်ရှုးတွေ ထိခိုက်ပျက်စီးတာတွေကြောင့် မိန်းမကိုယ်မှာယားယံမှုတွေ ဖြစ်ပြီး ပိုးဝင်ကူးစက်တာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။

သင့်အနေနဲ့ ဒီ အချက်လေးတွေကို သတိထား ဆင်ခြင်မယ် ဆိုရင်တော့ မိန်းမကိုယ် ခဏခဏ ပိုးဝင်ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာပါ။ ဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပြီး ပြီးပြည့်စုံတဲ့လှပမှုကို ပိုင်ဆိုင်တဲ့ လေဒီလေးအဖြစ်နဲ့နေ့ရက်တိုင်းကို ယုံကြည်မှု ရှိရှိ ဖြတ်သန်းလိုက်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။