အမျိုးသမီး တိုင်းလိုလိုဟာ သွေးဆုံးတဲ့ ကာလကို ရှောင်လွှဲဖို့ မဖြစ်နိုင်ပါဘူး။ သွေးဆုံးတာက ချက်ချင်းသလို ဖြစ်လာတာ မဟုတ်ဘဲ သွေးမဆုံးခင်မှာ လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။ ဒါတွေကို ကြည့်ပြီး သွေးဆုံးတော့မှာလား ဆိုတာကို ဆုံးဖြတ်တာပါ။ ဒီ လက္ခဏာတွေက အမျိုးသမီး တစ်ဦး နဲ့ တစ်ဦးမှာ ကွာခြားနိုင်သလို သွေးဆုံး လက္ခဏာ ခံစားရတဲ့ ကာလလည်း မတူကြပါဘူး။
သွေးဆုံးတော့မှာလား
များသောအားဖြင့်တော့ သွေးဆုံးတဲ့ လက္ခဏာတွေကို သွေးမဆုံးခင် လ အနည်းငယ် ဒါမှမဟုတ် နှစ် အနည်းငယ် အလိုမှာ စခံစား ရတတ်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ သွေးဆုံး လက္ခဏာက သွေးမဆုံးခင် ၄ နှစ် လောက် အလိုမှာ စပြတတ် ပါတယ်။ အချို့ အမျိုးသမီးတွေဆို သွေးမဆုံးခင် ၁၂ နှစ်လောက်အလိုကနေစပြီး သွေးဆုံးတော့မယ့် အရိပ်အယောင်တွေကို ခံစားကြရတာပါ။
သွေးဆုံး တာက ရုတ်တရက် မဖြစ်နိုင်ဘူး ဆိုပေမယ့် ကင်ဆာ ကုသမှုလိုမျိုး ကုသမှု တစ်ရပ်ရပ်ကို ခံယူမယ်၊ သားအိမ်ကို ဖယ်ထုတ် ရတာမျိုး ဖြစ်မယ် ဆိုရင်တေ့ ရုတ်တရက် သွေးဆုံးတာမျိုး၊ အရွယ်မတိုင်ခင် သွေးဆုံးတာမျိုး ဖြစ်နိုင်ပါတယ်။
သွေးဆုံးတော့မယ်ဆိုရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ။
အသက် ၄၀ ကျော် ကနေ အသက် ၅၀ ကျော် ကာလတွေမှာ သွေးဆုံးခါနီး လက္ခဏာတွေ ဖြစ်ကြတဲ့ အခုလို လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
- ပုံမှန် မဟုတ်ဘဲ သွေးဆင်းတယ်
- ရာသီမမှန်ဘူး
- မိန်းမကိုယ် ခြောက်သွေ့မယ်
- အသားတွေ ပူစပ်ပူလောင် ဖြစ်မယ်
- ချမ်းတုန်မယ်
- ညဘက်မှ ချွေးထွက်မယ်
- အိပ်ပျော်ဖို့ခက်ခဲမယ်။ အိပ်စက်မှု ပြဿနာတွေရှိမယ်
- စိတ်ခံစားမှုတွေ ပြောင်းလဲမယ်
- ကိုယ်အလေးချိန် တက်လာမယ်
- ဇီဝကမ္မ ဖြစ်စဉ် နှေးလာမယ်
- ဆံပင် ပါးလာမယ်
- အသားအရေ ခြောက်သွ့ လာမယ်
- အဆစ်တွေ တောင့်တင်းနာကျင်မယ်
- ကြွက်သားတွေ လျော့လာမယ်
- ခေါင်းကိုက်မယ်
- အာရုံစူးစိုက်ဖို့ ခက်လာမယ်
- မေ့တတ်လာမယ်
- မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်မယ်
- ရင်သား လျော့ရဲလာမယ်။
ဘယ်လို အခြေအနေမှာ ဆရာဝန်နဲ့ ပြမလဲ။
အသက်ကလည်း ၄၀ ကျော် ၅၀ ဝန်းကျင် ဖြစ်နေမယ်။ ရာသီသွေး ဆင်းတာ မမှန်ရင် ဒါမှမဟုတ် ရာသီသွေးတွေ အများကြီး ဆင်းနေမယ်။ ပုံမှန် သွေးဆင်းတဲ့ ကာလထက် ရက်ပိုများနေမယ်။ ရက်က အရမ်း နည်းနေမယ်။ ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ ပြောပါရစေ။
တစ်ခါတလေမှာ ဒီ လက္ခဏာတွေက သွေးဆုံး ခါနီးလို့ဆိုတာထက် ကင်ဆာ၊ သားအိမ်ထဲမှာ ရေအိတ်တည်တာ၊ အလုံးတည်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်နေနိုင် တာကြောင့်ပါ။
အမျိုးသမီးတွေ အနေနဲ့ သွားဖွားမီးယပ် ဆရာဝန် ဆီကို ပုံမှန် သွားပြီး စစ်ဆေးမှုတွေ လုပ်ဆောင် သင့်ပါတယ်။ ဒါမှ အမျိုးသမီးရောဂါ ကင်းပြီး သွေးဆုံးတာရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုပါ အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။
[embed-health-tool-ovulation]