backup og meta

မိန်းကလေးတိုင်း သတိမူသင့်တဲ့ သားအိမ်ကင်ဆာလက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 30/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းကလေးတိုင်း သတိမူသင့်တဲ့ သားအိမ်ကင်ဆာလက္ခဏာများ

    မိန်းကလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာကတော့ သွေးသားနဲ့ သက်ဆိုင်တာတွေပါပဲ။ ရာသီစက်ဝန်းနဲ့ ပတ်သက်တဲ့ ဝေဒနာတွေ၊ ကိုက်ခဲတာတွေကတစ်မျိုး၊ သွေးဆုံးပြန်တော့ သွေးဆုံးကိုင်တာ တွေရောပေါ့။ ခြုံကြည့်ရရင် သားအိမ် နဲ့ပတ်သက်တဲ့ ရောဂါဝေဒနာတွေက အများဆုံးပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေနဲ့ ရောနေနိုင်တာက အမျိုးသမီးတွေအတွက် အန္တရာယ်ကြီးတဲ့ သားအိမ်ကင်ဆာ ပါပဲ။ ဒီတစ်ခေါက်တော့ မိန်းကလေးတိုင်း သတိမူသင့်တဲ့ သားအိမ်ကင်ဆာလက္ခဏာများ အကြောင်း ဗဟုသုတ ရအောင် ပြောပြပေးချင်ပါတယ်။

    သားအိမ်ခေါင်းကင်ဆာအကြောင်း အသိပညာပေးတာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြချိန်မှာ သားအိမ်ကင်ဆာ ကိုလည်း မေ့လျော့ထားဖို့ မသင့်ပါဘူး။

    မိန်းကလေးတိုင်း သတိမူသင့်တဲ့ သားအိမ်ကင်ဆာလက္ခဏာများ

    သားအိမ်ကင်ဆာဟာ အမျိုးသမီးတွေအတွက် လက်နက်ပုန်း တစ်ခုလို တစ်ခါတလေမှာ တခြားကိုယ်တွင်းအင်္ဂါတွေဆီ ပျံ့သွားတဲ့အချိန်ထိကို လက္ခဏာ မပြဘဲနေတတ်ပါတယ်။ ဒါပေမယ့် သားအိမ်ကင်ဆာကို များသောအားဖြင့် စဖြစ်ကာစ အချိန်မှာ မိန်းမကိုယ် သွေးဆင်းခြင်းလို လက္ခဏာတွေနဲ့ စတင် သိရှိနိုင်ပါတယ်။ အဖြစ်များဆုံး သားအိမ်ကင်ဆာလက္ခဏာများ ကတော့ –

    • ပုံမှန်မဟုတ်တဲ့ သွေးဆင်းခြင်း သို့မဟုတ် မိန်းမကိုယ်ကနေ အရည်၊ အချွဲဆင်းခြင်း

    သွေးမဆုံးခင် အမျိုးသမီးတွေမှာ ပုံမှန်နဲ့ မတူတဲ့ သွေးဆင်းများခြင်း ဒါမှမဟုတ် အကြိမ်ရေ ခဏခဏ သွေးဆင်းခြင်း၊ သွေးဆုံးပြီး အမျိုးသမီးတွေမှာ သွေးဆင်းခြင်း

    • ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်း

    မိန်းမကိုယ်မှ ပန်းရောင်ဖျော့တဲ့ အရည် ကျဲကျဲ ဆင်းခြင်းကနေ အနံ့ဆိုးတဲ့ အညိုရောင်ပျစ်ပျစ် ဆင်းခြင်းအထိ အမျိုးမျိုးရှိနိုင်ပါတယ်။

    • ဆီးသွားရခက်ခဲခြင်း သို့မဟုတ် ဆီးသွားရနာကျင်ခြင်း၊
    • လိင်ဆက်ဆံချိန်မှာ နာကျင်ခြင်း၊
    • ရုတ်တရက် ကိုယ်အလေးချိန်ကျဆင်းခြင်း၊
    • ဝမ်းဗိုက်အောက်ပိုင်း၊ ခါး၊ ခြေထောက်တို့မှာ အားနည်းခြင်း၊ နာကျင်ခြင်း

    ကင်ဆာက တခြား ကိုယ်တွင်းအင်္ဂါတွေအထိ ပျံ့နှံ့သွားတဲ့အခါ ဖြစ်လာနိုင်ပါတယ်။

    သားအိမ်ကင်ဆာကို ဘယ်လိုနည်းလမ်းတွေနဲ့ စစ်ဆေးနိုင်မလဲ

    သားအိမ်ကင်ဆာ ရှိ၊ မရှိကို ဒီနည်းလမ်းတွေနဲ့ စစ်ဆေးအတည်ပြုနိုင်ပါတယ်။

    • မမျိုးပွားအင်္ဂါများအား စမ်းသပ်စစ်ဆေးခြင်း

    ဆရာဝန်က လူနာရဲ့ လိင်အင်္ဂါ အပြင်ဘက်ကို ဦးဆုံး စမ်းသပ်စစ်ဆေးမှာ ဖြစ်ပါတယ်။ နောက်တဆင့် အနေနဲ့ မိန်းမကိုယ်ထဲ လက်ချောင်း ၂ချောင်းထည့်ပြီး ကျန်လက်တစ်ဖက်က ဝမ်းဗိုက်ပေါ်ဖိခြင်းအားဖြင့် ခန္ဓာကိုယ်တွင်းက သားအိမ်နဲ့ သားဥအိမ်တွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းကို ကောင်းစွာမြင်ရဖို့ မိန်းမကိုယ်ထဲ ပစ္စည်းတစ်မျိုး ထည့်ပြီး စမ်းသပ်စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။

    • မိန်းမကိုယ်မှတဆင့် အာလ်ထရာဆောင်း ရိုက်ခြင်း

    ဒီ နည်းလမ်းကတော့ မိန်းမကိုယ်ထဲကို အသံလှိုင်း အာရုံခံ ကိရိယာတစ်မျိုး ထည့်ပြီး သားအိမ် အတွင်းပိုင်း နံရံရဲ့ မျက်နှာပြင် အခြေအနေကို ပုံဖော်စစ်ဆေးတဲ့နည်းလမ်း ဖြစ်ပါတယ်။

    • သားအိမ်မှန်ပြောင်းကြည့်ခြင်း

    သင့်သားအိမ် အတွင်းပိုင်း နံရံကို မှန်ပြောင်း အသုံးပြုပြီး ကြည့်ရှုစစ်ဆေးခြင်း ဖြစ်ပါတယ်။

    သားအိမ်ကင်ဆာ ဟုတ်၊ မဟုတ် ရောဂါရှာဖွေအတည်ပြုနိုင်တဲ့ နောက်ထပ် နည်းလမ်း တစ်ခုကတော့ သားအိမ်အတွင်းပိုင်း နံရံက တစ်ရှူးနမူနာ အနည်းငယ်ကိုယူပြီး ဓါတ်ခွဲခန်းမှာ စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ အသားစယူခြင်းကို မေ့ဆေး ထုံဆေး အသုံးမပြုဘဲ ပြုလုပ်နိုင်ပါတယ်။

    • သားအိမ်ခေါင်းချဲ့ပြီး သားအိမ်ခြစ်ခြင်း

    အသားစယူရုံနဲ့ ဓါတ်ခွဲခန်းမှာ စစ်ဆေးဖို့ လုံလောက်တဲ့ တစ်ရှူး ပမာဏ မရရှိဘူး ဆိုရင်တော့ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ဆရာဝန်က လူနာရဲ့ သားအိမ်အတွင်းပိုင်း နံရံက တစ်ရှူးတွေကို ခြစ်ယူပြီး ကင်ဆာဆဲလ်တွေ ရှိ၊ မရှိ စစ်ဆေးမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 30/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement