backup og meta

မိန်းမကိုယ် ကို သန့်ရှင်းကျန်းမာအောင် ဘယ်လိုထားမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ် ကို သန့်ရှင်းကျန်းမာအောင် ဘယ်လိုထားမလဲ

    တချို့နိုင်ငံတွေမှာ ရာသီလာချိန်ဆို မိန်းကလေးတွေကို သီးခြားနေရာမှာတောင် နေစေတာတဲ့။ နီပေါတို့၊ အိန္ဒိယတို့မှာ ရာသီသွေးဆင်းနေတဲ့ မိန်းကလေးကို မိသားစုထဲ၊ ကိုယ့်အိမ်ထဲမှာတောင် မနေခိုင်းပါဘူး။ တကယ်တော့ မိန်းမကိုယ် ဆိုတာ ရွံစရာမဟုတ်ပါဘူး။ တခြားသူတွေမှာလို၊ တခြားနေရာတွေလိုပဲ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။ သန့်သန့်ရှင်းရှင်းနေမယ်ဆို ခြေထောက်၊ လက်အရေပြားတွေထက်တောင် သန့်နေပါလိမ့်ဦးမယ်။ ဒါပေမယ့် မိန်းကလေးတွေ ကိုယ်တိုင်ကကို ညစ်ပေတဲ့ နေရာတစ်ခုဖြစ်မှာ၊ အနံ့ထွက်မှာ၊ရောဂါပိုးဝင်မှာ စိုးရိမ်မှုတွေကြောင့် အနံ့မွှေးတဲ့ ဆပ်ပြာတွေ၊ ဖျန်းဆေးတွေအပြင် ရေမွှေးတွေပါသုံးကြ၊ မကြာခဏ ဆေးကြောတတ်ကြရာက နုနယ်တဲ့ မိန်းမကိုယ်အရေပြားကို ထိခိုက်စေနိုင်ပါတယ်။

    မိန်းမကိုယ်ဟာ ညစ်ပေတဲ့နေရာ ဘယ်အချိန်မှာဖြစ်လာလဲဆိုရင် တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတဲ့အခါ၊ အဝတ်အစားမသန့်ရှင်းတဲ့အခါ ရောဂါပိုးဝင်လာချိန်ဖြစ်ပါတယ်။ရောဂါပိုး အထူးသဖြင့်မှိုပိုးဝင်တဲ့အခါ ယားယံတာ၊ အနံ့ဆိုးထွက်တာ၊ မသန့်ရှင်းတဲ့ အဖြူဆင်းတာတွေဖြစ်လာနိုင်ပါတယ်။ အဲဒီအချိန် လိုအပ်တဲ့ကုသမှုမဟုတ်ဘဲ တခြားဆေးတွေလိမ်းတာ၊ ထည့်တာ၊ အမွှေးနံ့ပြင်းတာတွေ သုံးပစ်တာတွေ ရမ်းသမ်းလုပ်မယ်ဆို မသက်သာဘဲ ပိုတောင်ဆိုးနိုင်ပါတယ်။ မိန်းမကိုယ်ဟာ ပြင်ပအသားအရေမှ မဟုတ်ဘဲလေ။

    သူ့အတွက် အကောင်းဆုံးနည်းက ရိုးရှင်းပါတယ်။ ဓာတုပစ္စည်းပါတဲ့အရာတွေမသုံးဘဲ အမြဲတမ်းသဘာဝကျကျ သန့်ရှင်းအောင်ထားပေးဖို့ပါပဲ။ အထူးတလည် မကြာခဏ ဆေးကြော၊ သန့်စင်နေဖို့ မလိုအပ်ပေမယ့် မိန်းမကိုယ်မှာ ရောဂါကင်းဖို့ ဒီအချက်လေးတွေတော့ အရင်ဆုံးထည့်စဉ်းစားရပါလိမ့်မယ်။

    မိန်းမကိုယ် ကို သန့်ရှင်းကျန်းမာအောင် ဘယ်လိုထားမလဲ

    • တစ်ကိုယ်ရေ သန့်ရှင်းရေးဂရုစိုက်ပါ

    လူတစ်ကိုယ်လုံးကျ မသန့်ရှင်းဘဲနဲ့ မိန်းမကိုယ်တစ်ခုတည်းကွက်ပြီး ဆေးကြောနေလို့တော့ မရနိုင်ပါဘူးနော်။ ရေမှန်မှန်ချိုး၊ သန့်သန့်ရှင်းရှင်းနေထိုင်မှ၊ အဝတ်အစားသန့်သန့် ဝတ်ဆင်မှ (အထူးသဖြင့် အတွင်းခံတွေပေါ့) တစ်ကိုယ်ရေသန့်ရှင်းရေး ရှိနိုင်မှာပါ။ အတွင်းခံမသန့်ရင်၊ လစဉ်သုံးပစ္စည်းပုံမှန်မလဲရင် ရောဂါပိုးက ကပြီးတောင် ဝင်လာပါဦးမယ်။

    • အတွင်းခံနေ့တိုင်းလဲပါ

    အတွင်းခံဘောင်းဘီကို တစ်နေ့တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်တော့လဲဝတ်ရမှာပါ။ ဝတ်တဲ့အခါလည်း သက်သောင့်သက်သာရှိတဲ့အသား၊ ဒီဇိုင်းကိုရွေးချယ်သင့်ပါတယ်။ ကျပ်စည်းနေတာတွေ၊ ပူအိုက်လှောင်မယ့်အသားတွေကို ရှောင်ပါ။ မဟုတ်ရင် ချွေးတွေနဲ့ စိုစွတ်ပိတ်လှောင်ပြီး မှိုပိုးပေါက်ဖွားမှု လွယ်ကူစေနိုင်ပါတယ်။

    မိန်းမကိုယ် ကို သန့်ရှင်းကျန်းမာအောင် ဘယ်လိုထားမလဲ

    • ဆပ်ပြာမသုံးပါနဲ့

    ရေချိုးတဲ့အခါ ရေချိုးဆပ်ပြာတွေနဲ့ တစ်ကိုယ်လုံးအကြိုက် သန့်စင်ရတာ သဘောကျကြပါတယ်။ တစ်ကိုယ်လုံးသန့်အောင်ဆိုပြီး ပေါင်ခြံအတွင်း မိန်းမကိုယ်နဲ့ စအိုဝအထိ ပွတ်ဆေးကြတာ တကယ်တော့ မလုပ်သင့်ပါဘူး။ ကိုယ်တိုက်ဆပ်ပြာမွှေးတွေ၊ ရေချိုးဆပ်ပြာရည်တွေမှာ မိန်းမကိုယ်မှာရှိသင့်တဲ့ pH အဆင့်ထိန်းသိမ်းတဲ့စနစ်ကို ပျက်ယွင်းစေနိုင်ပြီး မိန်းမကိုယ်မှာ အက်စစ်ဓာတ် ပိုများစေနိုင်တာကြောင့် အလိုအလျောက်သန့်ရှင်းပေး၊ ကာကွယ်ပေးတာမလုပ်နိုင်တော့ပါဘူး။ အဲဒီအချိန် ဘက်တီးရီးယားနဲ့ တခြားရောဂါပိုးတွေဝင်ဖို့ ပိုလွယ်စေပါတယ်။

    ဓာတုပစ္စည်း၊ အရောင်ဆိုးဆေး၊ အနံ့အတုတွေမပါဘဲ သဘာဝပစ္စည်းတွေကို အခြေခံတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေကို ရွေးချယ်သုံးပါ။ အထူးသဖြင့် မိန်းမကိုယ် ရဲ့ သဘာဝကာကွယ်မှုစနစ်မှာပါဝင်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေအတွက် အားဖြည့်ပေးတဲ့ အမျိုးအစားဆို ပိုကောင်းပါတယ်။ နေ့စဉ်သုံးလို့ရ၊ ရက်မကြာမကြာလည်းသုံးလို့ရပေမယ့် တစ်နေ့ကို နှစ်ကြိမ်ထက်တော့ပိုမသုံးသင့်ပါဘူး။

  • အစားအသောက်ကလည်း ကူညီနိုင်ပါတယ်
  • သိပ်တော့ သတိထားမိမှာမဟုတ်ပေမယ့် အာဟာရပြည့်တဲ့အစားအစာတွေ ညီမျှအောင်စားတာ၊ အရည်များများသောက်တာတွေက မိန်းမကိုယ်ကျန်းမာရေးမှာ သက်ရောက်မှုရှိနိုင်ပါတယ်။ ဥပမာ ဒိန်ချဉ်ဟာ အကျိုးပြုဘက်တီးရီးယား probioticတွေ ကြွယ်ဝလို့ မှိုပိုးဝင်ခြင်းကိုကာကွယ်ပေးနိုင်တယ်။

  • လစဉ်သုံး ဒါမှမဟုတ် နေ့စဉ်သုံးပစ္စည်းကို ပုံမှန်လဲဖို့မမေ့ပါနဲ့
  • အမျိုးသမီးသုံး padတွေကို လေးနာရီ ဒါမှမဟုတ် ရှစ်နာရီကြာတိုင်း တစ်ကြိမ်လဲပေးဖို့ ကျန်းမာရေးအဖွဲ့အစည်းတွေက အကြံပြုထားပါတယ်။ စိုစွတ်မှုတွေအကုန် စုပ်ယူထားတာဆိုတော့ ရောဂါပိုးတွေ ပေါက်ဖွားဖို့ပိုလွယ်စေနိုင်ပါတယ်။ ညအိပ်ခါနီးမှ လဲထားတာဆိုလည်း အိပ်ရာနိုးတာနဲ့ အသစ်လဲပေးသင့်ပါတယ်။

    မိန်းမကိုယ် ကို သန့်ရှင်းကျန်းမာအောင် ဘယ်လိုထားမလဲ

    • အမွှေးနံ့ပြင်းတာတွေ မသုံးပါနဲ့

    အနံ့ဆိုးထွက်မှာကိုပဲ စိုးရိမ်မနေပါနဲ့။ အနံ့ဆိုးဆိုတာ ရောဂါပိုးဝင်တဲ့လက္ခဏာမို့ သန့်ရှင်းမှုကို ဂရုစိုက်ရင် အနံ့ပျောက်အောင်လို့ မွှေးကြိုင်တာတွေ စွတ်သုံးဖို့မလိုပါဘူး။ ခဏတာ မွှေးကြိုင်ဖို့အတွက်နဲ့ နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာတွေကို ထည့်တွေးသင့်ပါတယ်။ အမွှေးနံ့ပြင်းတဲ့ဆပ်ပြာတွေ၊ အသုံးအဆောင်ပစ္စည်းတွေကြောင့် ဓာတုပစ္စည်းတွေကြောင့် မိန်းမကိုယ်မှာခြောက်သွေ့တာ၊ ယားယံတာ၊ လောင်တာ၊ ပိုးဝင်တာတွေဖြစ်စေနိုင်တယ်။

  • ချွေးစို၊ ရေစိုနဲ့ အကြာကြီးမနေပါနဲ့
  • ဂျင်မ်သွားတာပဲဖြစ်ဖြစ်၊ အပြင်သွားတာပဲဖြစ်ဖြစ် ချွေးတွေစိုရွှဲနေတဲ့ အတွင်းခံအဝတ်တွေနဲ့ အကြာကြီးတော့မနေပါနဲ့။ အိမ်ပြန်ရောက်တာနဲ့ အမြန်လဲဝတ်ပါ။ ရေစိုဝတ်နဲ့ ကြာကြာနေပြီးရင်လည်း ဒီတိုင်းတော့ အခြောက်မခံလိုက်ပါနဲ့။ အပေါ်ယံအဝတ်တွေ ခြောက်လည်း အတွင်းခံမှာ အစိုဓာတ်ကျန်မှာပဲ။ လဲဖြစ်အောင်လဲပါ။

    • အရှေ့ကနေ အနောက်ကိုပဲ ဆေးကြောသန့်စင်ပါ

    သန့်စင်ခန်းသွားလို့ ရေသုံးတဲ့အခါပဲဖြစ်ဖြစ်၊ တစ်ရှူးသုံးတဲ့အခါပဲဖြစ်ဖြစ် အရှေ့ဘက်ကနေ အနောက်ဘက်ကိုပဲဆေးကြောသန့်စင်ပါ။ အနောက်ကနေ အရှေ့ကိုသန့်စင်တဲ့အခါ စအိုဘက်က အညစ်အကြေးတွေ၊ ဘက်တီးရီးယားပိုးတွေက မိန်းမကိုယ် ဒါမှမဟုတ် ဆီးလမ်းကြောင်းဆီ ရောက်လာနိုင်ပါတယ်။

    ဒီအချက်တွေ လိုက်နာပြီးပြီဆိုရင်တော့ မိန်းမကိုယ် ကျန်းမာရေးအတွက် စိတ်ချရသလောက်ရှိနေပါပြီ။ သန့်ရှင်းတဲ့ မိန်းမကိုယ်ကို ပိုင်ဆိုင်ထားမှ သွားလာနေထိုင်ရာမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိတဲ့မိန်းကလေးတွေဖြစ်နိုင်မှာပေါ့။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement