backup og meta

သင့်အသားအရေအတွက် အရေးပါတဲ့ ကော်လာဂျင်ဓာတ်ကို သဘာဝအတိုင်းမြှင့်တင်ရအောင်

ကော်လာဂျင်ဆိုတာ ဘာလဲ

ကော်လာဂျင်ဆိုတာ ကိုယ်ခန္ဓာထဲမှာ အတွေ့ရများတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး ကြွက်သားချောင်း၊ အဆီ၊ အရွတ် စတာတွေအပြင် အခြားနေရာတွေမှာလည်း တွေ့ရတတ်ပါတယ်။ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ တစ်ခုနဲ့တစ်ခု အံဝင်ခွင်ကျ တွဲဆက်နိုင်အောင်၊ အရိုးဖွဲ့စည်းပုံ ကြံ့ခိုင်မှုရှိအောင် အထောက်အကူပြုပါတယ်။ ကော်လာဂျင်ပမာဏများရင် ကိုယ်ခန္ဓာဟာ တောင့်တင်းကြံ့ခိုင်ပြီး နုပျိုပါတယ်။

ကော်လာဂျင်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ သူ့ရဲ့ဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးနိုင်ရင် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု သံသရာဖြစ်စေတာပါပဲ။ ကော်လာဂျင်များလာရင် ကိုယ်ခန္ဓာကနေ နောက်ထပ် ကော်လာဂျင်များထွက်လာပြီး ထိန်းသိမ်းပေးထားဖို့ နှိုးဆွပေးပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ကိုယ်ခန္ဓာကနေ ကော်လာဂျင်ဓာတ်တွေ သဘာဝအလျောက် ပိုမိုထွက်ရှိလာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။

ရှားစောင်းလက်ပပ်

Aloe Vera ခေါ် ရှားစောင်းလက်ပပ်အဆီကို ထိခိုက်ရှနာတွေဖြစ်ရင် အနာကျက်မြန်စေဖို့ သုံးကြပါတယ်။ အကြောင်းအရင်းကတော့ ရှားစောင်းလက်ပပ်လိမ်းလိုက်တဲ့အခါ ကော်လာဂျင်ဓာတ် ပိုမိုထွက်ရှိလာစေလို့ ဖြစ်ပါတယ်။ ဆဲလ်တွေကို ဖွံ့ဖြိုးကြီးထွားလာစေတဲ့ အာနိသင်ရှိပြီး ကော်လာဂျင်ဓာတ်တွေကို ပိုမိုထွက်ရှိဖို့ အထောက်အကူပြုပါတယ်။ ရှားစောင်းလက်ပပ်ကို သဘာဝအတိုင်း လိမ်းနိုင်သလို ဈေးကွက်မှာ ရောင်းချနေတဲ့ တံဆိပ်မျိုးစုံအနေနဲ့လည်း ရနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ကို အားဖြည့်ဓာတ်စာအနေနဲ့လည်း သောက်သုံးနိုင်ပါတယ်။

ဗီတာမင်ကြွယ်ဝသော အစားအစာများ

ဗီတာမင် C ဟာ hyaluronic acid ဖွဲ့စည်းရာမှာ အဓိကကျတဲ့ အခန်းကနေ ပါဝင်ပါတယ်။ hyaluronic acid ဟာ နေထိုင်မကောင်းဖြစ်ချိန်မှာ နာလန်ထချိန်ပိုမြန်ဆန်အောင်၊ အဆစ်များနာကျင် ကိုက်ခဲခြင်း သက်သာအောင် အထောက်အကူ ပြုပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် C အလုံအလောက်မရှိရင် hyaluronic acid ပါတဲ့ အစားအစာတွေရဲ့ အာနိသင်ကို အပြည့်အ၀ မရနိုင်ပါဘူး။

သုတေသနတစ်ခုအရ hyaluronic acid ဟာ လူ့ခန္ဓာကိုယ်ကနေ ကော်လာဂျင်ထုတ်လုပ်ခြင်းကို အားမြှင့်ပေးပါတယ်။ hyaluronic acid ဟာကိုယ်ခန္ဓာထဲမှာ သဘာဝအလျောက်တွေ့နိုင်ပေမယ့် အသက်အရွယ်ကြီးလာရင် တဖြည်းဖြည်း လျော့နည်းသွားတတ်ပါတယ်။

အဆိုပါအချိန်မှာ ဗီတာမင် C နဲ့ အမိုင်နိုအက်ဆစ်ကြွယ်ဝတဲ့ အစားအစာများ စားသောက်ပေးခြင်းအားဖြင့် ကိုယ်ခန္ဓာထဲမှာ hyaluronic acid နဲ့ ကော်လာဂျင်ပမာဏကို မြင့်တက်စေပါတယ်။ လိမ္မော်သီး၊ ငရုတ်ပွ၊ ကိုက်လန်၊ ဂေါ်ဖီ၊ ပန်းပွင့်စိမ်း၊ စတော်ဘယ်ရီ စတာတွေမှာ ဗီတာမင် C ကြွယ်ဝပါတယ်။ hyaluronic acid ကို အားဖြည့်ဓာတ်စာအနေနဲ့ ဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါသေးတယ်။

ဂျင်ဆင်း

ဂျင်ဆင်းမှာ အရွယ်တင်နုပျိုစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ဂျင်ဆင်းဓာတ်ဟာ အရေပြားထဲဝင်ရောက်သွားတဲ့အခါ ဘေးထွက်ဆိုးကျိုးများမဖြစ်စေဘဲ အသားအရေကို တင်းရင်းအောင် ထိန်းသိမ်းပေးပါတယ်။

ဒါ့အပြင် ကော်လာဂျင်ဓာတ်ကို ထွက်လာစေပါတယ်။ ဂျင်ဆင်းဟာ အရေပြားကို နေရောင်ခြည်ကနေ ခရမ်းလွန်ရောင်ခြည်ထိခိုက်မိခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဂျင်ဆင်းလက်ဖက်ရည်၊ ဂျင်ဆင်းအားဖြည့်ဓာတ်စာ စတာတွေကို စားသုံးပြီးတော့လည်း ကော်လာဂျင်ဓာတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

နံနံပင်

နံနံပင်ဟာ မြန်မာပြည်မှာတော့ တို့စရာ၊ ဟင်းခတ်အမွှေးအကြိုင် စတာတွေအနေနဲ့ အသုံးပြုပါတယ်။ နံနံပင်မှာ ဗီတာမင်စီ ကြွယ်ဝတာမို့ ကော်လာဂျင်ထုတ်လုပ်ခြင်းကို အထောက်အကူပြုပါတယ်။ နံနံပင်မှာ linolenic acid ပါဝင်ပြီး အသားအရေကို နုပျိုစေတဲ့ အာနိသင်ရှိပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။

ရေညှိ

ပင်လယ်မှော် ရေညှိ စတာတွေဟာ အစားအသောက်များတင်မက အလှအပရေးရာကိစ္စနဲ့ ပတ်သက်ပြီး တစ်နေ့တခြား နာမည်ကြီးလာပါတယ်။ ပင်လယ်ရေညှိမှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ ပါဝင်ပြီး ကော်လာဂျင်ဓာတ်ကို ထွက်စေကာ အသားအရေကို တင်းရင်းစေပါတယ်။ အားဖြည့်ဓာတ်စာအနေနဲ့လည်း ရရှိနိုင်ပါတယ်။

အကြံပြုချက်

အလှအပဆိုတာ အရေပြားတစ်ထောက်ကိစ္စလို့ ဆိုပေမယ့် အဆိုပါအပေါ်ယံအရေပြားဟာ လူမှုဆက်ဆံရေးမှာလည်း အရေးပါတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ နုပျိုတင်းရင်းတဲ့ အသားအရေကို ပိုင်ဆိုင်ထားသူတစ်ယောက်အနေနဲ့ဆိုရင် နေ့စဉ်ဘဝမှာ မိမိကိုယ်ကို ယုံကြည်မှုရှိနေမှာ သေချာပါတယ်။

ဒါကြောင့် အသားအရေနုပျိုလှပစေဖို့ အထောက်အကူပြုတဲ့ ကော်လာဂျင်ဓာတ်ကို သဘာဝအတိုင်း လှုံ့ဆော်ပေးခြင်းဟာ အလှအပရော ကျန်းမာရေးရှုထောင့်ကပါ အရေးပါတာမို့ ပုံမှန်လုပ်ဆောင်သင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Ways to Boost Collagen https://www.healthline.com/health/ways-to-boost-collagen Accessed Date 17 January 2020

ယခုပုံစံ

05/07/2022

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်တွင်း ကော်လာဂျင်ထုတ်လုပ်မှုကို သဘာဝအတိုင်း မြှင့်တင်နိုင်မယ့် နည်းလမ်းများ ။ ။

ကော်လာဂျင်သောက်ပေးသင့်တဲ့ အကြောင်းအရင်း ၅ ချက်


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement