backup og meta

မိုးတွင်းမှာ အသားအရေလေးကို ဘယ်လိုဂရုစိုက်မလဲ


Ye Myo Myat မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားပြဿနာတွေက ရာသီဥတုမရွေး ဖြစ်နိုင်တယ်နော်။ ခုဆို အပြင်မှာ မိုးတွေလည်းရွာနေပြီ၊ ချမ်းစိမ့်စိမ့်လေကလည်း တိုက်နေပြီဆိုတော့ ရာသီအပြောင်းအလဲကာလမှာ ကိုယ့်အသားအရေကို သေချာလေး ဂရုစိုက်ဖို့တော့ လိုမယ်နော်။ အထူးသဖြင့် မိုးရာသီဆိုတော့ အဝတ်အစားတွေ၊ ပြီးရင် ကိုယ့်ရဲ့ အရေပြားက အမြဲတမ်းရေစိုနေမှာပါ။ ဒီအခါ ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေ ပေါက်ဖို့ ပိုလွယ်ပြီး အရေပြားမှိုစွဲတာတွေအပြင် ပွေး၊ ညှင်း၊ ဝဲခြောက်၊ ယားနာ၊ အဖုအပိမ့်တွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ခုလို မိုးရာသီမှာ ကိုယ့်ရဲ့ အရေပြားလေး အလှမပျက်စေဖို့ ဂရုစိုက်ပေးနိုင်တဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

    ၁။ မျက်နှာကို တစ်နေ့ ၂ကြိမ်မှန်မှန်သစ်ပါ။

    မျက်နှာသစ်တယ်ဆိုတာ ရာသီမရွေး လုပ်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလုပ်ဖြစ်ပါတယ်။ မနက်အိပ်ရာထတဲ့တစ်ခါ မျက်နှာသစ်မယ်။ ညအိပ်ခါနီးမျက်နှာသစ်မယ်။ ဒါမှပဲ မျက်နှာက ဘက်တီးရီးယားပိုးတွေကို အမြဲဖယ်ရှားပေးနိုင်ပြီး ဝက်ခြံေတွမထွက်လာဖို့ ကာကွယ်ပေးနိုင်မှာပေါ့။ အထူးသဖြင့် အပြင်သွားလိုက်ရင် မျက်နှာက မိုးရေနဲ့ ချွေးရည်နဲ့ ရောသွားတော့ ဘက်တီးရီးယားပွားဖို့ ပိုလွယ်တဲ့အတွက် မျက်နှာကို သန့်ရှင်းအောင် ထားဖို့ အရေးကြီးတယ်နော်။ပြီးရင်လည်း မျက်နှာကို လက်နဲ့ မပွတ်ဖို့၊ မသန့်ရှင်းတဲ့ လက်နဲ့ ဝက်ခြံမညှစ်ဖို့ ဂရုစိုက်ပေးပါ။

    ၂။ အစိုဓါတ်ထိန်းပါ။

    အပြင်မှာ ရာသီဥတုအေးနေတယ်၊ အရေပြားက အမြဲစိုစွတ်နေတယ်ဆိုလို့ အစိုဓါတ်ရှိတယ်လို့ မထင်လိုက်ပါနဲ့။ ကိုယ်ခန္ဓါထဲက အပူချိန်တွေ၊ တစ်နေ့လုံး အပြင်ထွက်သွားလာပြီးတဲ့အခါ လူကမောပန်းပြီး ချွေးတွေထွက်မယ်။ အဲ့တော့ အရေပြားက အစိုဓါတ်ကော ရေဓါတ်ပါ ဆုံးရှုံးတော့မှာပေါ့။ ဒါကြောင့် မိုးရာသီဆိုလည်း ရေများများသောက်ဖို့ မမေ့ပါနဲ့။ ဟင်းသီးဟင်းရွက်များများစားပါ။ ဗီတာမင် စီ များတဲ့ အသီးအနှံတွေလည်း စားပေးပါ။ ဗီတာမင် စီ က အသားအရေကို ကြည်လင်စိုပြေစေတဲ့အပြင် ကော်လဂျင်ဆဲလ်ကိုပါ ထုတ်လွှတ်ပေးနိုင်လို့ အသားက မွဲခြောက်ခြောက်မဖြစ်အောင်၊ အသားမပပ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ညဘက် မျက်နှာသစ်ပြီးတဲ့အခါ အစိုဓါတ်ထိန်းခရင်မ် ပါးပါးလေး လိမ်းပြီးမှ အိပ်ပါ။

    ၃။ နေလောင်ကာခရင်မ်ကို အမြဲဆောင်ထားပါ။

    အပြင်မှာ မိုးအုံ့နေရင်တောင် နေရောင်ခြည်ဒဏ်က အနည်းနဲ့ အများကျရောက်နိုင်တဲ့အတွက် ကိုယ့်အသားအရေကို မပျက်စီးစေဖို့ နေလောင်ကာခရင်မ်ကို လိမ်းဖို့ လိုတယ်နော်။ နေလောင်ကာခရင်မ်ရဲ့ အားသာချက်က အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် မပျက်စီးစေဖို့၊ မွဲခြောက်ခြောက်ဖြစ်ပြီး အရောင်မမှိန်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    ၄။ ဦးရေပြားကို ဂရုစိုက်ပါ။

    မိုးရာသီရဲ့ အဓိကပြဿနာက အရေပြားက အမြဲစိုစွတ်နေလို့ မှိုစွဲကပ်ဖို့ အရမ်းလွယ်တာပါပဲ။ လူကလည်း မိုးမိထားတယ်၊ အပြင်မှာ တစ်နေကုန်နေရတဲ့အခါ ခေါင်းက ဗောက်တွေထလာမယ်၊ လှိုင်းအတွန့်တွေ ဖြစ်လာမယ်၊ ယားကျိကျိဖြစ်လာမယ်၊ အဆိုးဆုံးကတော့ အရေပြားမှိုစွဲတာပါ ဖြစ်လာမှာပါ။ ဒါတွေကို ကာကွယ်ပေးဖို့ ပန်းသီးရှာလကာရည်ကို ရေနည်းနည်းရောပြီး ဦးရေပြားကို နှံ့စပ်နေအောင် လိမ်းပေးရပါမယ်။ ပြီးသွားရင် ခေါင်းလျှော်ရည်အပျော့စားလေးနဲ့ သေချာခေါင်းလျှော်ပေးရပါမယ်။ အထူးသဖြင့် အပြင်က ခေါင်းစိုစိုနဲ့ ပြန်လာရင် ခေါင်းကိုခြောက်အောင် အဝတ်သန့်သန့်နဲ့ သုတ်ပြီးမှ ခေါင်းလျှော်ဖို့ သတိထားပေးပါနော်။

    ၅။ ရေမှန်မှန်ချိုးပါ။

    ရာသီဥတုကလည်း အေးနေတော့ တစ်ရက်လောက် ရေမချိုးလည်း ဘာမှမဖြစ်ပါဘူးလို့ ထင်ရင်မှားသွားမယ်နော်။ အရေပြားက ရေတစ်ရက်လောက် မချိုးတာနဲ့ အနံ့အသက်တွေ အောင်းလာပြီး ဘက်တီးရီးယားပိုးေတွ အကြိုက် အရေပြားကို ကောင်းကောင်းဒုက္ခပေးတော့မှာပါ။ ဒါကြောင့်မို့ အပြင်မှာ ဘယ်လောက်အေးအေး ရေကိုတော့ မှန်မှန်လေး ချိုးပေးရမယ်နော်။ ရေအေးနဲ့ မချိုးရင်တောင် ရေကျက်နွေးနဲ့ဖြစ်ဖြစ် ချိုးပေးတာ ပိုကောင်းပါတယ်။

    ၆။ အဝတ်အစားတွေကို သန့်ရှင်းအောင် ထားပါ။

    ကိုယ်ဝတ်တဲ့ အဝတ်အစားတွေ မသန့်ရှင်းရင် ကိုယ့်အရေပြားကိုပဲ အရင်ဆုံးထိခိုက်မှာပါ။အဝတ်စိုစိုကြီးကို နောက်တစ်ကြိမ်ပြန်ဝတ်တာ၊ အမြန်မလျှော်ဘဲ ပုံထားလိုက်မယ်ဆိုရင် အဝတ်က ဖားဥတွေ စွဲလာမယ်၊ မှိုပိုးတွေလည်း ကပ်လာနိုင်တယ်နော်။ ဒါကြောင့် အပြင်က ပြန်လာတာနဲ့ စိုနေတဲ့ အဝတ်တွေကို အမြန်ဆုံးချွတ်ပြီး လျှော်လိုက်ပါ။ ပြီးမှပဲ ရေချိုးပေးနော်။

    ၇။ ခြေသည်းမှိုစွဲတာ မဖြစ်ဖို့ ဂရုစိုက်ပါ။

    မိုးရာသီမှာ စိတ်ညစ်ရတဲ့ ဒုက္ခတွေထဲမှာ ခြေထောက်မှိုစွဲတာ၊ သဲဝဲစားတာ၊ ဝဲပေါက်တာ၊ ခြေစွယ်ငုတ်တာတွေအပြင် အနာကျက်နှေးတာ၊ အနာထဲ ပိုးဝင်ပြီး ပြည်တည်တာ၊ အနာရင်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အပြင်ကနေ ပြန်လာတာနဲ့ အဝတ်တွေကို ချွတ်လဲပြီး ခြေထောက်ကို သေချာပြောင်စင်အောင် ဆေးဖို့ လိုပါတယ်။ ဆေးတဲ့အခါ ဆပ်ပြာနဲ့ သေချာတိုက်ပြီး ဒူးခေါင်းကနေ ရေစလောင်းပါ။ ပြီးသွားရင် ခြေချောင်းကြား၊ ခြေသည်းတွေကြားကို ဆပ်ပြာနဲ့ သေချာတိုက်ချွတ်ဖို့လည်း မမေ့ပါနဲ့။

    မိုးရာသီမှာ မလိုလားအပ်တဲ့ အရေပြားပြဿနာတွေ မဖြစ်စေဖို့ ဒီနည်းလမ်းတွေနဲ့ ကြိုတင်ကာကွယ်လို့ ရတယ်နော်။ တစ်ကိုယ်ရေ သန့်ရှင်းမှုကိုသာ အလေးထားဂရုစိုက်မယ်ဆိုရင် ဘယ်ရာသီမှာမဆို အရေပြားပြဿနာတွေ ကင်းဝေးပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နေ့ရက်တွေကို ဖြတ်သန်းသွားနိုင်မှာ အသေအချာပါပဲ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement