အသားအရေလှပဖို့ ဘာတွေလိုအပ်လဲ။ ဘာတွေလုပ်သင့်သလဲ။
အသားအရေလှပဖို့ကနေ့စဉ်လုပ်နေကျ အလေ့အထတွေထဲက အသားအရေကိုထိခိုက်စေနိုင်တဲ့ အလေ့အထတွေကိုရှောင်ကြဉ်ဖို့လိုအပ်သလို ကျန်းမာရေးကောင်းအောင် ဂရုစိုက်ဖို့လည်းလိုအပ်ပါတယ်။ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေသုံးဖို့လည်းလိုပါသေးတယ်။ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကို အသုံးပြုတယ်ဆိုရာမှာလည်း ကိုယ့်အသားအရေအမျိုးအစားနဲ့လိုက်ဖက်တာကိုသေချာရွေးချယ်ဖို့ကလည်းမေ့ထားလို့မရတဲ့ အချက်တစ်ခုပါပဲ။ အသားအရေလှဖို့အတွက် တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်မျက်နှာသစ်ပေးပါ။တော်တော်များများတော့သိပြီးဖြစ်မှာပါ။ အလှအပကြိုက်တဲ့ပျိုမေတွေဆိုရင်တော့ အလှအပနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေအကြံပြုချက်တွေမှာအမြဲလိုလိုပါနေလို့ နားရည်တောင်ဝနေလောက်ပြီထင်ပါရဲ့။
အဆီပြန်တတ်တဲ့အသားအရေကိုပိုင်ဆိုင်ထားတယ်ဆိုရင်တော့ မျက်နှာသစ်ပြီးရင် တိုနာပြန်သုံးပေးတာက အဆင်အပြေဆုံးဖြစ်ပါလိမ့်မယ်။ တိုနာက မျက်နှာသစ်လိုက်ပေမယ့် မစင်ဘဲကျန်ခဲ့တဲ့ ဖုန်မှုန့်တွေနဲ့ ဆဲလ်သတွေကိုဖယ်ရှားပေးပါတယ်။ အသားအရေကို ကျန်းမာအောင် အထောက်အကူပြုပေးပါတယ်။ပြီးရင်တော့ အစိုဓါတ်ထိန်းခရင်လူးပေးပါ။ အသားအရေခြောက်သွေ့တယ်ဆိုရင်တော့ အစိုဓါတ်ထိန်းခရင်မ်ကို မဖြစ်မနေလူးပေးရမှာပါ။ မျက်နှာပေါ်က ဆဲလ်သေတွေကိုဖယ်ရှားတာက အသားအရေကြည်လင်တောက်ပစေဖို့အတွက် အရေးပါဆုံးသောလုပ်ဆောင်မှုတစ်ရပ်ပါ။
အသားအရေချွေးပေါက်ကျယ်နေတာ၊ အစက်အပြောက်တွေဖြစ်နေတာ၊ဝက်ခြံတွေထွက်နေတာ၊အသားအရေအရောင်မညီညာတာမျိုးဖြစ်နေမယ်၊ အရေပြားပြဿနာတစ်ခုခုဖြစ်နေမယ်ဆိုရင် အသားအရေကကျန်းမာတယ်၊လို့ပြောလို့မရပါဘူး။ အသားအရေအရောင်ကွာခြားပေမယ့် လှပတဲ့အသားအရေလို့သတ်မှတ်နိုင်ဖို့က အသားအရေကျန်းမာဖို့လိုတာချင်းတော့အတူတူပါပဲ။
ပန်းရောင်သမ်းတဲ့အသားအရေ
အမျိုးသမီးတွေဟာ ကလေးငယ်လေးတွေလို ပန်းရောင်သန်းတဲ့အသားအရေကိုနှစ်သက်ကြပါတယ်။ တကယ်လည်း ပန်းရောင်သန်းတဲ့အသားအရေက လှပမှုနဲ့ ကျန်းမာမှုကို ရည်ညွှန်းပြဆိုပါတယ်။ ပန်းရောင်သန်းနေတယ်ဆိုတာက အဲဒီအသားအရေ ပတ်ဝန်းကျင်မှာရှိတဲ့သွေးကြောလေးတွေဟာသွေးစီးဆင်းမှုကောင်းမွန်နေတယ်၊သွေးလှည့်ပတ်မှုကောင်းမွန်နေတယ်ဆိုတာကို ရည်ညွှန်းပေးနေတာပါ။
ညအချိန်မှာ အသားအရေက အာဟာရဓါတ်တွေကိုစုပ်ယူမှုအကောင်းဆုံးဖြစ်တာကြောင့် ညမအိပ်ခင်မှာ မျက်နှာကိုသန့်စင်အောင်ဆေးကြောပြီး ညလိမ်းခရင်မ်တစ်မျိုးလိမ်းပေးဖို့လိုပါလိမ့်မယ်။ တစ်နေ့တာလုံးညစ်ညမ်းတဲ့အရာတွေနဲ့ ထိတွေ့မှုကြောင့်အသားအရေထိခိုက်ပျက်စီးမှုကိုပြုပြင်ပေးပြီးရေဓါတ်ကိုဖြည့်တင်းပေးတဲ့ ညလိမ်းခရင်မ်ကိုလူးပြီးအိပ်စက်အနားယူမယ်ဆိုရင် အိပ်စက်နေချိန်မှာ အသားအရေကိုပြုပြင်ပြီးသားဖြစ်နေစေမှာပါ။
လှပမှုကိုပေးစွမ်းနိုင်တဲ့နောက်ထပ်တစ်ခုက စိတ်ပျော်ရွှင်ခြင်းပါပဲ။ စိတ်ကျန်းမာရင်လူကျန်းမာတယ်ဆိုတဲ့အတိုင်း စိတ်ဖိစီးမှုကင်းပြီး စိတ်ချမ်းသာနေတာကလည်းအသားအရေကို ကျန်းမာလှပစေနိုင်တဲ့အချက်တစ်ခုပါပဲ။ အသားအရေကျန်းမာလှပဖို့နောက်ထပ်မေ့မထားသင့်တာက ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာပါ။လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓါကိုယ်ထဲကအဆိပ်အတောက်တွေကချွေးအဖြစ်နဲ့ ထွက်သွားတတ်တာကြောင့် အသားအရေကို ကျန်းမာလှပစေမှာဖြစ်ပါတယ်။
ခန္ဓါကိုယ်လည်းကျန်းမာ စိတ်လည်းချမ်းသာအောင်နေထိုင်ရင်း အသားအရေထိန်းသိမ်းမှုပစ္စည်းလေးတွေကို နည်းစနစ်မှန်မှန်အသုံးပြုပေးမယ်ဆိုရင်တော့ ပျိုမေတိုင်း ကျန်းမာလှပတဲ့အသားအရေကိုပိုင်ဆိုင်နိုင်ကြမှာဖြစ်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။