ပုံမှန်အားဖြင့် အဆင့်မြင့်ရေကူးကန်တွေမှာ ရေကို သန့်စင်ဖို့နဲ့ ပိုးမွှားတွေကို သေစေဖို့ ကလိုရင်းတွေကို သတ်မှတ်ထားတဲ့ ပမာဏတစ်ခု ထည့်ပေးရပါတယ်။ ကလိုရင်းပုံမှန် ခတ်ပေးထားတဲ့ ရေကူးကန် မှာသာ လူမျိုးမရွေး ကူးခတ်သင့်ပါတယ်။
ကိုယ်ကူးနေတဲ့ ရေကန်က ကလိုရင်း သေချာမခတ်ထားတဲ့အခါ၊ ရေကူးကန်သန့်ရှင်းရေး၊ ထိန်းသိမ်းရေး မလုပ်တဲ့အခါ၊ မြစ်၊ ချောင်းတွေမှာ သွားကူးတဲ့အခါ ရေထဲက ကပ်ပါးပိုးမွှားများ အရေပြားမှာ ကပ်တွယ်ပြီး အဖုအပိမ့်များထွက်ကာ ယားယံခြင်းကို ဖြစ်စေနိုင်ပါတယ်။
ရောဂါရဲ့ ဇစ်မြစ်
ဒီရောဂါကို Cercarial Dermatitis လို့ခေါ်ပြီး ကပ်ပါးပိုးမွှားကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတစ်မျိုး ဖြစ်ပါတယ်။ တိရစ္ဆာန်တွေဟာ ရေနားမှာ ကူးခတ်ကျက်စားရာမှ ကပ်ပါးပိုးမွှားများကို ရေထဲ စွန့်ထုတ်ပါတယ်။ ကလိုရင်း ပုံမှန်ခတ်တဲ့ ရေတွေမှာ ဒီပိုးမွှားတွေဟာ ချက်ချင်းသေသွားတတ်ပြီး လူတွေကို ဒုက္ခပေးနိုင်စွမ်း မရှိပါဘူး။ ဒါပေမယ့် မသန့်ရှင်းတဲ့ ရေနေရာတွေမှာတော့ ကပ်ပါးပိုးမွှားများဟာ ကောင်းစွာ ရှင်သန်နိုင်ပြီး လူ့အရေပြားထဲ ထိုးဖောက်ဝင်ရောက်ရာမှ ယားယံခြင်း၊ အဖုအပိမ့်များကို ဖြစ်စေနိုင်ပါတယ်။
ငှက်၊ ဘဲ၊ တွင်းအောင်းသတ္တဝါ၊ ကြွက်၊ ဘဲ အစရှိတဲ့ တိရစ္ဆာန်တွေမှာ ဒီလိုကပ်ပါးပိုးမွှားများကို တွေ့ရတတ်ပါတယ်။ အစပိုင်းမှာ ရေထဲကို စွန့်ထုတ်ရာမှ ခရုကောင်တွေမှာ ကပ်တွယ်ပြီး ထိုမှတစ်ဆင့် ရေထဲမှာ ကူးခတ်နေတဲ့ လူတွေရဲ့ အရေပြားထဲကို ဝင်ရောက်ပါတယ်။ သွေးကြော သို့မဟုတ် နက်ရှိုင်းတဲ့ တစ်ရှူးထဲထိ ထိုးဖောက်နိုင်ခြင်း မရှိဘဲ အပေါ်ယံအရေပြားကိုသာ ထိုးဖောက်တာ ဖြစ်တဲ့အတွက် အသက်အန္တရာယ်တော့ မရှိနိုင်ပါဘူး။
ရောဂါလက္ခဏာများ
ရေထဲမှာ ကူးခတ်နေစဉ် ကပ်ပါးပိုးမွှားများသည် လူ့ရဲ့အရေပြားထဲ ထိုးဖောက်ဝင်ရောက်ပြီး ယားယံခြင်းဝေဒနာကို စတင်ခံစားရပါတယ်။ ရေထဲကနေ ပြန်တက်လာပြီး နာရီအနည်းငယ်ကြာတဲ့အခါ ယားယံတာ၊ အင်ပျဉ်ထတာတွေ ခဏတာ ရပ်တန့်သွားပါတယ်။ စစချင်းယားယံချိန်မှ နောက် ၁၀ – ၁၅ နာရီအတွင်း ယားယံခြင်းဝေဒနာကို ထပ်ခံစားရပြီး အနီရောင် အဖုသေးသေးလေးတွေ ဆက်တိုက်ပေါက်လာပါတယ်။ ထိုအဖုမှသည် အရည်ကြည်ဖုသို့ ပြောင်းလဲသွားပြီး ယားယံတဲ့ ဝေဒနာ ပိုဆိုးသွားတတ်ပါတယ်။ ရက်အနည်းငယ်မှ တစ်ပတ်ကျော်လောက်ထိ ဒီဝေဒနာကို ခံစားရနိုင်ပါတယ်။
ဘယ်လိုအခြေအနေတွေမှာ ပိုဆိုးသွားနိုင်လဲ။
ပုံမှန်အားဖြင့် ဒီကပ်ပါးပိုးကောင်တွေဟာ လူ့အပေါ်ယံ အရေပြားကိုသာ ထိုးဖောက်ဝင်နိုင်ပြီး သွေးကြောထဲထိတော့ မဝင်ရောက်နိုင်ပါဘူး။ အကယ်လို့ ယားယံတဲ့နေရာကို လက်သည်းဖြင့် ကုတ်ဖဲ့ရင်း သွေးထွက် အနာတရ ဖြစ်သွားတဲ့အခါ နဂိုအရေပြားထဲမှာ အောင်းနေတဲ့ ပိုးမွှားများအပြင် လက်သည်းထဲက ဖုန်၊ အညစ်အကြေးတွေပါ သွေးကြောထဲ ဝင်သွားပြီး အနာရင်းတာ၊ ပြည်တည်တာ၊ အရေပြားရောဂါများဖြစ်တဲ့အထိ ဆိုးသွားနိုင်ပါတယ်။
သေချာသန့်ရှင်းမှု မလုပ်ထားတဲ့ ရေကူးကန်များ၊ မြစ်ချောင်းအင်းအိုင်များမှာ မကြာခဏ ရေကူးတဲ့သူတွေအနေနဲ့ ရောဂါပျောက်ချိန် ပိုကြာနိုင်ပြီး ယားယံတဲ့ဝေဒနာက တစ်ခါကူးပြီးသွားတိုင်း ပိုဆိုးလာတတ်ပါတယ်။ အရေပြားနုနယ်သူတွေ၊ ထိခိုက်လွယ် အသားအရေမျိုးရှိသူတွေအနေနဲ့ မသန့်ရှင်းတဲ့ ရေတွေကို လုံးဝထိတွေ့ခြင်း မပြုသင့်ပါဘူး။
ဘယ်လိုကုသနိုင်မလဲ။
ပုံမှန်အားဖြင့် ထိုကပ်ပါးပိုးမွှားတွေဟာ တိရစ္ဆာန်တွေမှာသာ ရှင်သန်နိုင်ပြီး လူ့အရေပြားပေါ်မှာ အချိန်ကြာမြင့်စွာ အသက်ရှင်သန်နိုင်ခြင်း မရှိပါဘူး။ တိရစ္ဆာန်မှ စွန့်ထုတ်ပြီး ရေထဲမှာ ရောက်နေစဉ် ထိုမသန့်ရှင်းတဲ့ရေမှာ ရေကူးမိတဲ့အခါမှသာ လူ့အရေပြားထဲ မတော်တဆ ဝင်ရောက်သွားတာဖြစ်ပါတယ်။
ဒီအတွက် အရမ်းစိတ်ပူစရာမလိုဘူးဆိုပေမဲ့ ယားယံတဲ့ဝေဒနာက မခံမရပ်နိုင်အောင် ခံစားရလာရင် ကုတ်ဖဲ့ပြီး ဝေဒနာက ပိုဆိုးသွားတတ်ပါတယ်။ ဒီအတွက် ကိုယ်က မသန့်ရှင်းတဲ့ရေထဲ ရေကူးပြီး အင်ပျဉ်၊ အဖုအပိမ့်များထလာတယ်၊ အလွန်အမင်း ယားယံလာတယ်လို့ ခံစားမိရင် အရေပြားဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။
ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးရာဇဝင်၊ သောက်ဆေးများ၊ နေထိုင်စားသောက်မှုပုံစံများကို မေးမြန်းပြီးသည်နှင့် ယားယံခြင်းကို သက်သာစေမယ့် ဆေးဝါးများနဲ့ လိမ်းဆေးကို ညွှန်းပေးမှာ ဖြစ်ပါတယ်။ ဆေးညွှန်းအတိုင်း နေ့စဉ်လိမ်းပေးမယ်ဆိုရင် ဒီပြဿနာကို အချိန်တိုအတွင်း သက်သာပျောက်ကင်းသွားစေနိုင်မှာပါ။ နောက်ပိုင်းတွေမှာ ထပ်မဖြစ်အောင် ကာကွယ်ဖို့ မသန့်ရှင်းတဲ့ မြစ်ချောင်းအင်းအိုင်များ၊ ကလိုရင်းသေချာမခတ်ထားတဲ့ ရေကူးကန်တွေမှာ ရေကူးတာမျိုး တတ်နိုင်သလောက် ရှောင်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။
[embed-health-tool-bmi]