ဆောင်းရာသီ နဲ့ ဗောက်ပြဿနာ


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းရာသီ နဲ့ ဗောက်ပြဿနာ

    ဆောင်းရာသီကအေးမြပြီးနေရထိုင်ရအဆင်ပြေပေမယ့်ဆောင်းရာသီမှာ အရေပြားဆံသားနဲ့ ဦးရေပြားတွေကိုတော့ ဂရုစိုက်ရပါမယ်။ဆောင်းရာသီမှာ အသားအရေခြောက်သွေ့တာဖြစ်နိုင်သလို၊ ဆံသားခြောက်သွေ့ကြမ်းတမ်းတာနဲ့ ဦးရေပြားမှာဗောက်ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။

    ဗောက်ဆိုတာ

    ဗောက်ဆိုတာက ဦးရေပြားမှာ အဖြူရောင် အဖတ်အဖတ်လေးတွေဖြစ်ပေါ်တာပါ။ဗောက်ဖြစ်တာက အလှပျက်စေသလို ဦးရေပြားမှာ ယားယံမှုကိုဖြစ်စေနိုင်ပါတယ်။ဗောက်က စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ပြဿနာတစ်ခုဖြစ်ပြီး ကုသဖို့လည်း မလွယ်ကူပါဘူး။ဆောင်းရာသီလိုမျိုးအေးမြတဲ့ရာသီမှာ ပုံမှန်ထက်ဗောက်တွေပိုဖြစ်နိုင်ပါတယ်။ဗောက်ဖြစ်ရတဲ့ အကြောင်းအရင်းကိုသေသေချာချာမသိရပေမယ့်ဗောက်မဖြစ်အောင်ကာကွယ်လို့တော့ရပါတယ်။

    ဒီအချက်တွေကြောင့်ဗောက်ထနိုင်ပါတယ်

    ဆံပင်ကိုဖြီးသင်မှုသိပ်မရှိတာ – ဆံပင်ကို မှန်မှန်လေးဖြီးပေးတာကဗောက်တွေကို သက်သာစေနိုင်ပါတယ်။

    မှိုပိုးတွေကြောင့် – မှိုပိုးတွေကြောင့်ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေမှာဗောက်ဖြစ်လွယ်ပါတယ်။ ဗောက်တွေက ဆောင်းရာသီမှာပိုဆိုးပြီး နွေရာသီလိုမျိုးရာသီမှာတော့ နည်းနည်းသက်သာပါတယ်။နေရောင်ခြည်မှာပါတဲ့ UVA က မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

    အရေပြားခြောက်သွေ့တာ – အရေပြားခြောက်သွေ့တာ ဦးရေပြားမှာ ဗောက်ပိုထစေတဲ့အကြောင်းအရာပါ။ဆောင်းရာသီရဲ့အေးမြတဲ့လေထုနဲ့ အခန်းတွင်းအပူချိန်တွေက ဦးရေပြားမှာဗောက်ပိုဖြစ်စေနိုင်သလို ယားယံမှုတွေကို ပါဖြစ်စေနိုင်ပါတယ်။

    ခေါင်းလျှော်ရည်တွေကြောင့် -ခေါင်းလျှော်ရည်တွေကြောင့်လည်း ဦးရေပြားခြောက်သွေ့ပြီးဗောက်ထနိုင်ပါတယ်။ မကြာခဏခေါင်းလျှော်ရည်အမျိုးမျိုးသုံးပြီးခေါင်းလျှော်တာကလည်းဗောက်ထစေနိုင်ပါတယ်။

    ရောဂါအခံတစ်ခုခုရှိတာကြောင့် – အာရုံကြောဆိုင်ရာရောဂါတစ်ခုခုခံစားနေရသူတွေမှာလည်းဗောက်ထနိုင်တဲ့ အခြေအနေက အခြားသူတွေထက်ပိုများပါတယ်။ ပါကင်ဆန်ဝေဒနာခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေက အခြားသူတွေထက်ဗောက်ပိုထနိုင်ပါတယ်။ ရုတ်တရက်နှလုံးရပ်သွားတာ၊ လေဖြတ်တာမျိုးခံစားရဖူးတဲ့သူတွေမှာဗောက်ထနိုင်ခြေကတော်တော်လေးများပါတယ်။

    စားသောက်မှုပုံစံ -နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဇင့်၊ ဗီတာမင် B နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီတွေမပါဝင်တာကြောင့်လည်းဗောက်ထနိုင်ပါတယ်။

    စိတ်ဖိစီးတာစိတ်ဖိစီးတာက ဗောက်ထတာအပြင် အရေပြားပြဿနာအမျိုးမျိုးကိုဖြစ်စေနိုင်ပါတယ်။

    အသက်အရွယ် – ဆယ်ကျော်သက်တွေနဲ့ သက်လတ်ပိုင်းအရွယ်တွေက အသက်ကြီးတဲ့သူတွေထက်ဗောက်ပိုဖြစ်နိုင်ပါတယ်။ဟော်မုန်းပြောင်းလဲမှုကြောင့် အခုလိုမျိုးဖြစ်ရတာပါ။

    ဗောက်မဖြစ်အောင်လုပ်ဆောင်ရမယ့် နည်းလမ်းတွေက

    ဒီနည်းလမ်းတွေကဗောက်ဖြစ်တာကို ရပ်တန့်သွားအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ဗောက်ပျောက်အောင်လုပ်ဆောင်တဲ့နေရာမှာ အသက်အရွယ်နဲ့ဗောက်ဖြစ်တဲ့ အခြေအနေပြင်းထန်မှုအပေါ်မူတည်ပြီးဗောက်ပျောက်အောင်လုပ်ဆောင်ရတာက ကွာခြားနိုင်ပါတယ်။ ဒီနည်းလေးတွေလုပ်ကြည့်ပြီးဗောက်သက်သာအောင်လုပ်ဆောင်ပေးကြည့်ပါ။

    စိတ်ဖိစီးမှုတွေကိုဖြေလျော့ပါ – စိတ်ဖိစီးမှုကြောင့် ဦးရေပြားမှာ ဗောက်ထနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးစရာတွေကို ဖြေလျော့နိုင်မယ့် နည်းလမ်းလေးတွေရှာကြည့်ပါ။

    မကြာခဏ ခေါင်းလျှော်ပေးပါ – ဦးရေပြားအဆီပြန်တတ်တဲ့သူတွေအနေနဲ့တော့ ခေါင်းကိုပုံမှန်လေးလျှော်ပေးပါ။ ခေါင်းလျှော်တဲ့အခါမှာလည်း တွေ့ကရာခေါင်းလျှော်ရည်နဲ့ လျှော်တာမျိုးမလုပ်ဘဲဗောက်သက်သာတဲ့ခေါင်းလျှော်ရည်မျိုးနဲ့ လျှော်ဖို့ပြောပါရစေ။ ခေါင်းလျှော်ရည်ရွေးချယ်တဲ့အခါ ဆံသားနဲ့ကိုက်ညီမယ့် အမျိုးအစားကို သတိထားရွေးချယ်ဖို့က မမေ့သင့်ပါဘူး။ဗောက်ထနေတာအတွက် ထုတ်ထားတဲ့ခေါင်းလျှော်ရည်တွေထဲမှာမှ အမျိုးသားသုံးနဲ့အမျိုးသမီးသုံးဆိုပြီးကွာပါသေးတယ်။ ဒါကြောင့်ခေါင်းလျှောရည်ကို ဂရုတစိုက်ရွေးချယ်ဖို့ လိုပါလိမ့်မယ်။

    နေရောင်ခြည်နဲ့ထိတွေ့ပါ – ဦးရေပြားကို နေရောင်ခြည်ထိတွေ့ပေးတာကလည်းဗောက်သက်သာစေတဲ့ နည်းလမ်းတွေထဲကတစ်ခုပါ။

    လက်ဖက်ဆီလက်ဖက်ဆီကဗောက်ပျောက်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ဦးရေပြားကို လက်ဖက်ဆီလူးပြီး နှိပ်နယ်ပေးပါ။

    ဒိန်ချဉ်နဲ့ သံပရိုသီး – ဒိန်ချဉ်ထဲကို သံပရိုသီးနည်းနည်းလောက်ညှစ်ထည့်ပြီး ဆံပင်ကိုပေါင်းတင်ပေးမယ်ဆိုရင်ဆောင်းရာသီအအေးဒဏ်ကြောင့်ဗောက်ထတာကိုရော ဆံပင်ကျွတ်တာကိုပါ သက်သာစေနိုင်ပါတယ်။

    ဆီအပူပေးပြီး နှိပ်နယ်ပါသံလွင်ဆီ ဒါမှမဟုတ် အုန်းဆီကို အပူပေးပြီး ခဏအအေးခံလိုက်ပါ။ပြီးရင် ဦးရေပြားနဲ့ ဆံသားမှာလူးပြီး ညင်ညင်သာသာလေးနှိပ်နယ်ပေးပါ။ ဆံပင်ကို အရင်းကနေ အဖျားအထိ အာဟာရပြည့်ဝစေပြီးဆောင်းရာသီအအေးဒဏ်ကြောင့် ထိခိုက်ပျက်စီးတာကို သက်သာစေနိုင်ပါတယ်။

    တမာရွက်နဲ့အုန်းဆီတမာရွက်က မှိုပိုးတွေကိုသေစေနိုင်ပြီး ဦးရေပြားယားယံတာကို သက်သာစေနိုင်ပါတယ်။ အုန်းဆီထဲကို တမာရွက်ထည့်စိမ်ပြီး လူးပေးလို့ရပါတယ်။

    ဆံသားပျော့ဆေး (conditioner) – ဗောက်ကင်းစင်ပြီး ဆံသားလည်းတောက်ပြောင်နေဖို့ဆိုရင်ခေါင်းလျှော်ပြီးတိုင်း Conditioner (ဆံသားပျော့ဆေး)ကိုအသုံးပြုသင့်ပါတယ်။

    အခုပြောခဲ့တဲ့နည်းလေးတွေအတိုင်းလုပ်ဆောင်ကြည့်ပြီးအေးမြတဲ့ဆောင်းရာသီမှာဗောက်ကင်းစင်ပြီးတောက်ပြောင်တဲ့ဆံသားလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement