backup og meta

အဆီပြန်ပြီးဝက်ခြံပေါက်လွယ်သော T-zone ကို ဘယ်လိုဂရုစိုက်ကြမလဲ။

အဆီပြန်ပြီးဝက်ခြံပေါက်လွယ်သော T-zone ကို ဘယ်လိုဂရုစိုက်ကြမလဲ။

ကျွန်ုပ်တို့ရဲ့ အရေပြားမှာ ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်ဖို့နဲ့ ရေဓာတ်ဖြည့်ပေးနိုင်ဖို့အတွက် အဆီတွေ ထုတ်ပေးနိုင်တဲ့ အဆီဂလင်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ အဆီဂလင်းတွေတွေက လိုအပ်တာထက်ပိုပြီး အများကြီးထွက်လာလာတဲ့အခါ ဝက်ခြံတွေကို ဖြစ်လာစေပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက် အဆီပြန်တတ်တဲ့သူတွေ၊ အသားခြောက်တတ်တဲ့သူတွေ၊ ပေါင်းစပ်အသားအရေရှိတဲ့သူတွေ စသဖြင့် အသားအရေ အမျိုးမျိုးကွဲပြားကြပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဆီပြန်တတ်တဲ့ အသားအရေရှိတဲ့သူတွေရော၊ ပေါင်းစပ်အသားအရေရှိတဲ့သူတွေရောမှာ အဖြစ်များတဲ့ T-zone တဝိုက်မှာ သာမာန်ထက် ပိုပြီး အဆီပြန်၊ ဝက်ခြံတွေထွက်တဲ့ ပြသနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်။

T-zone ဆိုတာဘာလဲ။

T-zone ဆိုတာကတော့ နှဖူး၊ နှာခေါင်းနဲ့ မေးစေ့တို့ပါဝင်တဲ့ မျက်နှာရဲ့ T ပုံစံဖြစ်နေတဲ့ နေရာကိုခေါ်ပါတယ်။ မျက်နှာရဲ့ အခြားအစိတ်အပိုင်းတွေထက် T-zone က အဆီထုတ်တဲ့ ဂလင်းတွေအများကြီးပိုရှိတာကြောင့် လူအတော်များများမှာ T-zone က အဆီပိုပြန်တာကို တွေ့ရပါတယ်။ ဒါ့အပြင် အဆီတွေရယ်၊ ဆဲလ်သေတွေရယ်၊ ဖုန်စတဲ့ အညစ်အကြေးတွေရယ် ပေါင်းလိုက်တဲ့အခါ ချွေးပေါက်တွေပိတ်ပြီး ဆားဝက်ခြံ( blackhead)၊ အဆီဖု (whitehead) တွေနဲ့ ဝက်ခြံတွေကို ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် T-zoneကို ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ဘယ်လို ဂရုစိုက်ဖြေရှင်းကြမလဲ။

၁။ မျက်နှာပုံမှန်သစ်ပါ။

အဆီပြန်တဲ့ T-zone ကို ထိန်းချုပ်ဖို့ အကောင်းဆုံးအချက်ကတော့ မနက် အိပ်ရာနိုးနိုးချင်း၊ ချွေးထွက်ပြီး (သို့) လေ့ကျင့်ခန်းလုပ်အပြီးနဲ့ ညအိပ်ရာမဝင်ခင် အချိန်တွေမှာ မျက်နှာကို သေသေချာချာသစ်ပေးဖို့ပဲ ဖြစ်ပါတယ်။ မျက်နှာသစ်ဖို့ မျက်နှာသစ်ဆေးရွေးချယ်တဲ့အခါ oil-free, အမြှုပ်(သို့) foam type နဲ့ mild ဖြစ်တဲ့ မျက်နှာသစ်ဆေးမျိုးကို ရွေးချယ်ဖို့လိုအပ်ပါတယ်။

Alcohol က အသားအရေကို ခြောက်သွေ့သွားစေနိုင်တာကြောင့် အဆီဂလင်းတွေကို အဆီပိုထွက်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် alcohol ပါတဲ့ မျက်နှာသစ်ဆေးမျိုးကို သတိထား ရှောင်ကြဉ်သင့်ပါတယ်။

၂။ Moisturizer အမြဲလိမ်းပါ။

တချို့က အဆီပြန်နေတဲ့ မျက်နှာကို moisturizer ထပ်လိမ်းလိုက်ရင် ပိုပြီး အဆီပြန်သွားမယ်လို့ထင်ပြီး မလိမ်းကြတာမျိုး ရှိပါတယ်။ အဲဒီ အယူအဆက လုံးဝကို မှားယွင်းနေပါတယ်။ ရေဓာတ်မပြည့်ဝနေရင် အဆီဂလင်းတွေက အဆီပိုထုတ်နိုင်တာကြောင့် အထူးသဖြင့် အဆီဂလင်းများတဲ့ T-zone လိုနေရာမျိုးကို moisturizer နေ့တိုင်းပုံမှန်လိမ်းပေးဖို့က မဖြစ်မနေလိုအပ်ပါတယ်။

T-zoneအတွက် moisturizer သုံးတဲ့အခါမှာလည်း oil free ဖြစ်ပြီး cream type တွေထက်စာရင် gel type မျိုးကို အသုံးပြုသင့်ပါတယ်။ ပေါင်းစပ်အသားအရေအမျိုးအစားမို့ T-zoneမဟုတ်တဲ့ အခြားနေရာတွေမှာ အဆီမပြန်ဘူးဆိုရင် အခြားနေရာတွေအတွက် cream type မျိုးသုံးနိုင်ပါတယ်။

၃။  မိတ်ကပ်လိမ်းတဲ့အခါ powder type make up မျိုးသုံးပါ။

မိတ်ကပ်အမျိုးအစားရွေးချယ်တဲ့အခါ cream တွေ၊ liquid type တွေ သုံးမယ့်အစား အမှုန့်(သို့) powder type လေးတွေ သုံးမယ်ဆိုရင် အဆီပြန်ခြင်းကို ထိန်းချုပ်နိုင်ဖို့ ကူညီပေးနိုင်မှာပါ။

၄။ အဆီပြန်ခြင်းကို သက်သာစေမယ့် ပါဝင်ပစ္စည်းမျိုးကို ရွေးချယ်ပြီးသုံးပါ။

Green tea (သို့) လက်ဖက်စိမ်းရွက်မှာပါတဲ့ polyphenol က အဆီထွက်ခြင်းကို လျော့နည်းစေနိုင်တယ်လို့ လေ့လာချက်တွေက အခိုင်အမာ ပြောထားတာကြောင့် green tea ပါတဲ့ product တွေကို သုံးတာကလည်း အဆီပြန်တဲ့ T-zoneကို control လုပ်နိုင်ဖို့ အကြံကောင်းတစ်ခုဖြစ်ပါတယ်။ Polyphenol က အဆီပြန်ခြင်းကို ထိန်းချုပ်ပေးနိုင်ရုံတင်မကဘဲ anti-oxidant တွေပါဝင်ပြီး ဘက်တီးရီးယားပိုးတွေကိုလည်း ဖျက်ဆီးပေးနိုင်တာကြောင့် ဝက်ခြံပြသနာကိုလည်း လျော့နည်းစေနိုင်ပါတယ်။

Clay (သို့) ရွှံ့စေးနဲ့ ထုတ်လုပ်ထားတဲ့ product တွေ (ဥပမာ- mask, facial cleanser) ကလည်း အဆီပြန်တတ်တဲ့ T-zone အတွက် အသုံးတည့်ပါတယ်။ တန်ဆေး၊ လွန်ဘေး ဆိုတဲ့အတိုင်း အလွန်အကျွံသုံးမိမယ်ဆိုရင် အသားအရေ ခြောက်သွေ့သွားတာမျိုး ဖြစ်နိုင်တဲ့အတွက် တစ်ပတ်ကို တစ်ခါ၊ နှစ်ခါထပ်ပိုပြီး အသုံးမပြုဖို့၊ product အညွှန်းကိုသေချာဖတ်ဖို့ အကြံပေးချင်ပါတယ်။

၅။ အဆီစုပ် စက္ကူ (သို့) blotting paper အသုံးပြုပါ။

အဆီပြန်လာတဲ့အခါ oil control paper လေးနဲ့ အသာအယာဖိပြီး အဆီတွေကို ဖယ်ရှားနိုင်ပါတယ်။ မျက်နှာကို အဆီစုပ်စက္ကူနဲ့ အရမ်းပွတ်ပြီး သုတ်တာမျိုး၊ ခဏခဏ အသုံးပြုတာမျိုးကိုတော့ ရှောင်ဖို့အကြံပေးချင်ပါတယ်။

ဒီနည်းလမ်းလေးတွေက အဆီပြန်ပြီး ဝက်ခြံဖြစ်လွယ်တဲ့ T-zoneအတွက် အဆီပြန်ခြင်းကို ထိန်းချုပ်ပေးနိုင်ပြီး ကျန်းမာတဲ့ အသားအရေရဖို့ ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

ကျန်းမာကြပါစေ။

ရေးသားသူ – Khine Phoo Ngon

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/t-zone-face

https://www.webmd.com/skin-problems-and-treatments/acne/features/oily-skin#1

 

 

ယခုပုံစံ

01/09/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်နှာအဆီပြန်တတ်တဲ့ အမျိုးသားတွေ ကိုယ့်ရဲ့အသားအရေကို ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ

အဆီပြန်တတ်တဲ့သူလေးတွေ သိထားဖို့လိုမယ့် အကြောင်းအရင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 01/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement