backup og meta

Skincare နဲ့ ပတ်သက်တဲ့ အယူအဆ အလွဲတွေ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Skincare နဲ့ ပတ်သက်တဲ့ အယူအဆ အလွဲတွေ

    Skincare ကို ဝါသနာပါကြတဲ့ ပျိုမေတွေကြား ဘာက အမှန်၊ ဘာကအမှား ပြောရခက်တဲ့ တချို့ အယူအဆလေးတွေ ရှိနေတတ်ပါတယ်။ ဥပမာ တချို့က မျက်နှာကို မကြာမကြာသစ်လို့ ပြောပေမဲ့ တချို့ကတော့ တစ်ရက်ကို နှစ်ကြိမ်ပဲ မျက်နှာသစ်လို့ ပြောကြတာမျိုးတွေပေါ့။ တွေ့ရများတဲ့ အယူအဆမှားတွေကို ဒီမှာ ဆွေးနွေးကြည့်ကြရအောင်ပါ။

    ၁။ အပြင်မှာ နေမပူရင် Sunscreen မသုံးလို့ ရတယ်။

    SPF ဟာ ကမ်းခြေသွားတော့မှ လိုတာ၊ နေပူတဲ့နေ့ အပြင်ထွက်မှ လိုတာ။ မိုးအုံ့နေရင် မလိုဘူးလို့ တွေးနေတုန်းလား။ အဲဒါဆိုရင်တော့ ကြည်လင်ဝင်းပတဲ့ အသားအရေလေးကို တာ့တာ လှမ်းပြလိုက်ပါတော့။ နေမပူရင်တောင် ခရမ်းလွန်ရောင်ခြည်တွေက နေရာအနှံ့မှာ ရှိနေတာမို့ ဘာမှ မကာကွယ်ဘဲ သွားမယ်ဆိုရင် အမည်းစက်တွေ ထင်လာပြီး အရေပြားက အိုမင်းရင့်ရော်လွယ်လာမှာပါ။ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားကင်ဆာ ဖြစ်နိုင်တဲ့ထိ အန္တရာယ်ပေးနိုင်တာကြောင့် ဘယ်သွားသွား အနည်းဆုံး SPF 30+ ပါတဲ့ Sunscreen ကို သုံးပါ။ အင်း SPF ကို နှုတ်ခမ်းပေါ်မှာ သုံးဖို့လည်း မမေ့နဲ့နော်။

    ၂။ ချွေးပေါက်တွေက ကျဉ်းလိုက်ကျယ်လိုက်ပဲ။

    နိုး.. ချွေးပေါက်တွေဟာ နေပူပူ၊ မိုးရွာရွာ ဒီဆိုက်ပါပဲနော်။ မပြောင်းပါဘူး။ မျက်နှာကို ရေနွေးငွေ့ပေးပြီး ရွှံ့စေးဆပ်ပြာသုံးတာက ချွေးပေါက်ထဲ ပိတ်နေတဲ့ ကြေးတွေ၊ အညစ်အကြေးတွေ၊ ဖုန်တွေ သန့်စင်စေတာမို့ ချွေးပေါက် မရှိတော့သယောင် ထင်ရတာပါ။ တကယ်တမ်း ချွေးပေါက်က ကျဉ်းသွားတာ မဟုတ်ပါဘူးနော်။ ရေနွေးနဲ့ ရေချိုး၊ မျက်နှာသစ်လည်း ချွေးပေါက်တွေ ကျယ်မလာပါဘူး။ ရေပူပူက အရေပြားကို ရောင်ရမ်းလာစေနိုင်သေးတာမို့ သတိထားသင့်ပါတယ်။ ဒါကြောင့် မျက်နှာသစ်မယ်ဆိုရင် ကြက်သီးနွေးရေလောက်နဲ့ သစ်ရင် ရပါပြီ။

    ၃။ ရေနွေးပူပူလေးနဲ့ ရေချိုးလိုက်ရင် အရေပြားအတွက် ကောင်းစေပါတယ်။

    တကယ်တော့လေ ပင်ပန်းနေတဲ့အချိန်မှာ ရေနွေးလေး စိမ်ချိုးလိုက်ရရင် အပန်းပြေသွားတာ အမှန်ပါ။ ဒါပေမဲ့ ရေနွေးဟာ ခန္ဓာကိုယ်ပေါ်က သဘာဝအဆီတွေကိုပါ ဖယ်ရှားပစ်တာကြောင့် အသားကို ခြောက်စေပါတယ်။ ဒီတော့ ရေနွေးပူပူနဲ့ ချိုးမယ့်အစား ကြက်သီးနွေးရေလေးနဲ့ ပြောင်းချိုးကြည့်ပါ။ အာ မချိုးနိုင်ဘူး ရေနွေးနဲ့ပဲ ချိုးမှာ။ ဒါနဲ့ပဲ ချိုးနေကျဟာကို ဆိုရင်တော့ ရေနွေးစိမ်ချိုးတဲ့ အချိန်ကို လျှော့လိုက်ပါ။ ပြီးရင်တော့ Moisturizer တွေ နိုင်နိုင်သုံးဖို့ မမေ့ပါနဲ့။

    ၄။ Eye cream တွေ သုံးစရာ မလိုသေးပါဘူး။

    ဆက်ပြီး မျက်ကွင်းတွေ ညိုနေလိုက်ပေါ့။ တကယ်တော့ နေ့စဉ်နဲ့အမျှ အလုပ်လုပ်နေကြ၊ လေ့လာသင်ယူနေကြရတဲ့အခါ အပင်ပန်းဆုံးက မျက်လုံးပါပဲ။ တစ်ကိုယ်လုံးက အလုပ်လုပ်ရဆုံး ကြွက်သားတွေထဲမှာ မျက်လုံးကြွက်သားက ထိပ်နားမှာ ပြေးနေတာပါ။ ဆိုတော့ ပင်ပန်းတဲ့ မျက်လုံးကြွက်သားနဲ့ မျက်လုံးတစ်ဝိုက်က အသားအရေတွေ အနားရစေဖို့ ၊ မျက်လုံးနားတစ်ဝိုက် အရေးအကြောင်းတွေ ပေါ်မလာဖို့၊ မျက်လုံး ဖောင်းမနေဖို့၊ မျက်ကွင်းညိုမနေဖို့ Eye Cream ကို စောစောစီးစီး သုံးပါ။ မနက်နဲ့ ညတိုင်းမှာ စနစ်တကျ သုံးပါ။

    ၅။ အဆီပြန်တဲ့ အသားအရေရှိတာမို့ Moisturizer သုံးစရာမလိုဘူး။

    ဒါက သိပ်ပြောပြချင်တဲ့အကြောင်း။ ရေဓာတ်ဖြည့်တာက ရေဓာတ်ဖြည့်တာ။ အဆီဓာတ်နဲ့ လားလားမှ မဆိုင်နော်။ အဆီပဲပြန်ပြန်၊ အသားပဲ ခြောက်ခြောက်၊ ထိရှပဲ လွယ်လွယ်၊ ရေဓာတ်က ဖြည့်ကို ဖြည့်ရပါတယ်။ Moisturizer ဆိုတာ အစိုဓာတ်ကို ဖြည့်တင်းပေးတာပါ။ အစိုဓာတ် မလုံလောက်တဲ့အခါ အရေပြားဆဲလ်တွေက အဆီတွေ ပိုထုတ်ပေးတာမို့ အဆီပိုပြန်ပါတယ်။ ဆိုတော့ ဘယ်အသားအရေမဆို ရေများများသောက်ပါ။ အစိုဓာတ် ဖြည့်ပါ။ ဒါတွေက မဖြစ်မနေ လိုအပ်တဲ့ အချက်တွေပါ။

    အယူအဆ အလွဲတွေ ကင်းပြီး လှပနိုင်ကြပါစေနော်။

    Wathun Myet Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement