backup og meta

အဆီတဝင်းဝင်းမျက်နှာကို ဒီနည်းလမ်းတွေနဲ့ ပြန်ကုစားစို့


Ye Myo Myat မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆီတဝင်းဝင်းမျက်နှာကို ဒီနည်းလမ်းတွေနဲ့ ပြန်ကုစားစို့

    မျက်နှာအဆီပြန်ခြင်း (Oily Skin) သမားတွေအတွက် ပူနေတဲ့ ရာသီအချိန်ကာလဆို သိပ်ကိုစိတ်ညစ်ရတယ်နော်။ အရေပြားက သဘာဝအဆီ (Sebum) တွေကို ပုံမှန်အချိန်ထက် ပိုထုတ်တဲ့အပြင် အပြင်မှာပူနေတော့ ချွေးကထွက်၊ အရေပြားဆဲလ်အသေတွေက စုပုံ၊ ချွေးပေါက်တွေကျယ်ပြီး အညစ်အကြေးတွေ ပိတ်မိနဲ့ ဝက်ခြံပေါက်လိုက်၊ ပျောက်လိုက် သံသရာက အဆုံးမသတ်နိုင်တော့ဘူးလေ။ ဒီတော့ နဂိုမျက်နှာအဆီပြန်တတ်တဲ့သူတွေအတွက် အလှအပရေးရာဆိုင်ရာ ကုထုံးလေးတွေကို ပြောပြပေးမယ်နော်။

    မျက်နှာကို အမြဲသစ်ပါ။

    ဒီအချက်ကို လူတိုင်းသိပေမယ့် တကယ်လုပ်ဖို့ကျ တော်တော်များများ ပျင်းတတ်ပါတယ်။ အထူးသဖြင့် အရေပြားအဆီပြန်တတ်တဲ့သူတွေဆို ဒီအဆီတွေကို ဖယ်ထုတ်ပစ်ဖို့ မျက်နှာပုံမှန်သစ်ပေးဖို့ လိုတယ်နော်။ ဒါကြောင့် မနက်အိပ်ရာထရင် တစ်ကြိမ်၊ ညအိပ်ခါနီး တစ်ကြိမ် မျက်နှာသစ်ဆပ်ပြာ အပျော့စားလေးနဲ့ ဖြည်းဖြည်းချင်း သစ်ပေးရုံပဲနော်။

    အဆီစုပ်စက္ကူတွေ ဆောင်ထားပါ။

    မျက်နှာအဆီပြန်တဲ့သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဆီစုပ်စက္ကူ သို့မဟုတ် တစ်သျှူးတွေ ဆောင်ထားသင့်တယ်နော်။ ဒါမှအပြင်မှာရောက်နေလို့ မျက်နှာမသစ်နိုင်ဘူးဆိုရင် ဒီစက္ကူနဲ့ မျက်နှာပေါ်က အဆီတွေကို သုတ်လိုက်ရုံပဲပေါ့။ အကယ်လို့ စက္ကူရှာမတွေ့ဘူးဆိုရင်လည်း ရိုးရိုးတစ်သျှူးနဲ့ သုတ်ပေးလို့ရပါတယ်။ အဆီတွေကို မျက်နှာမှာ စုပြုံနေအောင်တော့ မပစ်ထားသင့်ပါဘူး။

    အိမ်တွင်းကုထုံးနည်းလမ်းတွေ ရှိပါတယ်။

    ၁။ သဘာဝပျားရည်ကို မျက်နှာနေရာအနှံ့ အထူးသဖြင့် ဝက်ခြံပေါ်မှာ သုတ်လိမ်းထားပေးပါ။ အရေပြားကို အစိုဓါတ်ထိန်းပေးပြီး အေးမြစေတယ်။ ဘက်တီးရီးယားပိုးတွေလည်း သေစေလို့ ဝက်ခြံနဲ့ အဖုအပိမ့်တွေကို သက်သာပျောက်ကင်းစေပါတယ်။

    ၂။ ပျားရည်နဲ့ ဓါတ်မတည့်ဘူးဆိုရင် ကြက်ဥအကာကို သံပရာရည်ရောပြီး Mask အနေနဲ့ ပေါင်းတင်လို့ရပါတယ်။ ပျားရည်လိုပဲ အရေပြားကို အစိုဓါတ်ထိန်းပေးပြီး ပိုးသေစေတယ်။ အရေပြားအတွင်းထဲထိ စိမ့်ဝင်မှုအားကောင်းပြီး ဗီတာမင်စီ ပါဝင်လို့ အသားကို ဝင်းပလာစေပါတယ်။

    ၃။ ရှားစောင်းလက်ပပ်ကရတဲ့ သဘာဝဂျယ်လ်အနှစ်ကို မျက်နှာအနှံ့ ပါးပါးလေးလိမ်းပြီး ခြောက်သွားပြီဆိုမှ ရေအေးနဲ့ ပြောင်အောင် ဆေးပေးရမှာပါ။ အပေါ်က နှစ်မျိုးနဲ့ ဓါတ်မတည့်ဘူးဆိုရင် ဒီနည်းလမ်းကို အသုံးပြုလို့ရပါတယ်။

    ၄။ ဟင်းသီးဟင်းရွက်တွေထဲမှာ ခရမ်းချဉ်သီးနဲ့ သခွားသီးကိုလည်း အဆီပြန်အသားအရေအတွက် အသုံးပြုလို့ရပါတယ်။ သခွားသီးကို ဒီအတိုင်း လှီးစိတ်ပြီး မျက်နှာနေရာအနှံ့ ကပ်ပေးနိုင်သလို ခရမ်းချဉ်သီးကိုတော့ သကြားနည်းနည်း ဖြူးပြီး ကပ်ပေးလို့ရပါတယ်။ ၅မိနစ်လောက် ထားပြီး ရေနွေးနဲ့ ပြန်ဆေးချရပါမယ်။

    အစိုဓါတ်ထိန်းခရင်မ်ကို မမေ့ပါနဲ့။

    အဆီပြန်အသားအရေအတွက် ထုတ်ထားတဲ့ အသားအရေထိန်းပစ္စည်းတွေ သုံးပြီးသွားတဲ့အခါ အသားခြောက်သွားတတ်လို့ အစိုဓါတ်ထိန်းခရင်မ် ပြန်လိမ်းပေးဖို့ မမေ့သင့်ပါဘူး။ အပြင်မသွားဘဲ အိမ်မှာနေတဲ့ရက်တွေဆိုရင် မျက်နှာသစ်ပြီးတာနဲ့ မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေးသင့်ပါတယ်။ ညအိပ်ခါနီး မျက်နှာသစ်ပြီးရင်တော့ လိမ်းပေးတာ အကောင်းဆုံးပါပဲ။

    မျက်နှာကို လက်နဲ့ခဏခဏ မထိပါနဲ့။

    အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်တွေဟာ များသောအားဖြင့် ချွေးပေါက်ပိုကျယ်တတ်ပါတယ်။ ဒီချွေးပေါက်တွေထဲ အညစ်အကြေး၊ အဆီနဲ့ ဖုန်မှုန့်တွေ ပိတ်မိတာကြောင့် ဘက်တီးရီးယားပိုးတွေ ပွားလာပြီး ဝက်ခြံပေါက်လာပါတယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှ ကိုယ်က မျက်နှာ၊ ဝက်ခြံကို လက်နဲ့ သွားသွားပွတ်နေမယ်၊ ကုတ်နေမယ်ဆိုရင်တော့ ပွန်းပဲ့မိပြီး ပိုးဝင်ကာ ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို လက်နဲ့ သွားသွားကိုင်တဲ့ အကျင့်ကို စောစောစီးစီး ဖျောက်ထားတာ အကောင်းဆုံးဖြစ်မှာပါ။

    ခုပြောပြပေးခဲ့တဲ့ ဆောင်ရန်၊ ရှောင်ရန်နဲ့ အိမ်တွင်းအသားအရေထိန်းသိမ်းတဲ့ နည်းလမ်းတွေကို သေချာလိုက်လုပ်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။ အဆီတဝင်းဝင်းနဲ့ ကိုယ့်မျက်နှာလေးကို ဒီထက် ပိုပြီး ကြည့်ကောင်းစေဖို့၊ ပြစ်မျိုးမှဲ့မထင် လှပစေဖို့ ခုကတည်းက အသားအရေကို သေချာလေး ဂရုစိုက်ဖို့ တိုက်တွန်းရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement