backup og meta

ဝက်ခြံ လူတိုင်းလိုလို ကြုံတွေ့နေရတဲ့ အရေပြားပြဿနာ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရွယ်လေးရောက်လာပြီဆိုတာနဲ့ ဝက်ခြံဖုလေးတွေံက လူတိုင်းဆီကို မဖိတ်ခေါ်ဘဲ လာတတ်ပါတယ်။ ဝက်ခြံလို့ဆိုလိုက်တာနဲ့ ရုပ်ကိုအလှပျက်အောင်လုပ်တဲ့၊ စိတ်ကိုညစ်အောင်လုပ်တဲ့ တရားခံအဖြစ် အားလုံးကလက်ခံထားကြပါတယ်။ ဟုတ်လည်းဟုတ်ပါတယ်။ကလေးတုန်းက ပြောင်ချောနေတဲ့ မျက်နှာလေးမှာ ဝက်ခြံ အနီဖုတွေ ပေါက်လာတော့ ရုပ်ကြီးက ကြမ်း၊ ဒီ ဝက်ခြံတွေက နာလည်းနာ၊ တစ်ခါ ပေါက်ရင် တော်တော်နဲ့လည်း မပျောက်၊ ပျောက်သွားရင်တောင် အမာရွတ်တွေ ကျန်ခဲ့သေးတာ ဆိုတော့ ဝက်ခြံပေါက်တဲ့ ပြဿနာဟာ အရမ်းကို စိတ်ညစ်စရာကောင်းတာပေါ့။ ဒီတော့ လူတိုင်းလိုလို ကြုံနေရတဲ့ စိတ်ညစ်စရာကောင်းတဲ့ အရေပြားပြဿနာ ဝက်ခြံ ဘာ့ကြောင့်ပေါက်တာလဲ၊ ဝက်ခြံသက်သာအောင် ဘယ်လိုဆင်ခြင်ရမလဲဆိုတာတွေ အပြင် ဝက်ခြံနဲ့ ပက်သက်တဲ့ အခြားသိသင့်တာလေးတွေကို ဝေမျှပေးချင်ပါတယ်။ ဒါလေးတွေ သိထားတော့ ဝက်ခြံသက်သာအောင် ဆင်ခြင်စရာရှိတာ ဆင်ခြင်လို့ရတာပေါ့။

    Q – ဝက်ခြံတစ်ခု ဘယ်လိုစဖြစ်လာတာလဲ ။ ။

    မျက်နှာပေါ်မှာ ရှိတဲ့ အဆီဂလင်းလေးကနေ အဆီတွေ အထုတ်များပြီး ဖုန်တွေ၊ ဘက်တီးရီးယားတွေနဲ့ ရောသွားလို့ ချွေးပေါက်ပိတ်ရာကနေ ရောင်လာပြီး ဝက်ခြံတွေ ဖြစ်လာရတာပါ။

    Q – ဝက်ခြံ ဘယ်နှစ်မျိုးှရှိလဲ ။ ။

    • ဆားဝက်ခြံ ( blackhead) – အဆီတွေနဲ့ဖုန်တွေရောပြီး ချွေးပေါက်ထဲပိတ်နေတာ
    • အဆီဖု (whiteheads) – အဆီပြန်လွန်းပြီး ချွေးပေါက်ထဲ အဆီလေးတွေခဲပြီးစုနေတာ
    • Pimples – အရွယ်ရောက်ချိန် ပေါက်တတ်တဲ့ ဝက်ခြံ နဲ့
    • Acne Valguris – ဆင်ဝက်ခြံ တို့ဟာ အဖြစ်အများဆုံး ဝက်ခြံတွေပါ။ ။

    Q – ဘာကြောင့် ကိုယ့်မျက်နှာမှာမှ ဝက်ခြံတွေပေါက်ရတာလဲ။ ။

    သူများမျက်နှာလေးတွေမှာ ဝက်ခြံမရှိဘဲ ပြောင်ချောလေးဖြစ်နေပေမယ့် ကိုယ့်မျက်မှာပေါ်မှာတော့ ဝက်ခြံတွေ အပြည့်ဆိုရင် ကိုယ့်မျိုးရိုးနဲ့ ဟော်မုန်းတွေကိုသာ အပြစ်တင်ရမှာပါ ။

    Q – အဆီပြန်ရင် ဝက်ခြံပေါက်တယ်ဆိုတော့ အဆီမပြန်တဲ့သူတွေမှာရော ဝက်ခြံပေါက်တတ်လား ။ ။

    အဆီပြန် ပြီး ချွေးပေါက်ပိတ်လို့ ဝက်ခြံပေါက်တတ်တာ သိပြီးဆိုတော့ အသားခြောက်တဲ့သူတွေမှာ ဝက်ခြံ မပေါက်ဘူးလားလို့ မေးစရာရှိပါတယ်။ အသားခြောက်တဲ့သူတွေမှာလည်း ဝက်ခြံပေါက်နိုင်ပါတယ်။ အသားခြောက် တော့ ဆဲလ်သေတွေ မျက်နှာများ အများကြီးရှိနေတတ်ပြီး ချွေးပေါက်ပိတ်ကာ ဝက်ခြံပေါက်နိုင်ပါတယ်။

    Q – စိတ်ဖိစီးမှုများရင် ဝက်ခြံပေါက်တယ်ဆိုတာ တကယ်ပဲလား။

    စိတ်ဖိစီးမှုများရင် ဝက်ခြံပေါက်တယ်လို့ ကြားဖူးကြမှာပါ။ ဒါတွေဟာ စိတ်ဖိစီးမှုကို ပြန်တုန့်ပြန်တဲ့ ကိုယ်တွင်းက ဟော်မုန်းတွေ အပြောင်းအလဲဖြစ်သွားလို့ ဖြစ်ရတာပါ။ စိတ်ဖိစီးမှုကြောင့် မျက်နှာမှာ အဆီတွေ ပိုပြန်လာတဲ့အပြင် မွေးညှင်းအိတ်လေးတွေ ကို ရောင်စေလို့ ဝက်ခြံတွေ ထွက်လာရတာပါ ။

    Q – ကိုယ်စားလိုက်တဲ့ အစားအသောက်တွေ ကြောင့် ဝက်ခြံထွက်တယ်ဆိုတာ မှန်ပါသလား ။ ။

    တစ်ချို့ ဝက်ခြံမပေါက်ချင်ရင် ရှောင်ရတဲ့အစားအစာတွေ ရှိတယ်လို့ ပြောတာတွေကြားဖူးမှာပါ။ တကယ်တော့ အစားအသောက်တွေက ဝက်ခြံတွေ အပေါ်မှာ သက်ရောက်မှု မရှိသလောက်ရှားပါတယ်။ ချော့ကလက်စားလို့ ၊ အစပ်စားလို့၊ အငန်စားလို့ ၊ ပင်လယ်စာတွေစားလို့ ဝက်ခြံပေါက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဝက်ခြံဆိုတာ ဖုန်၊ အဆီနဲ့ ဘက်တီးရီးယားတွေရောသွားလို့ ဖြစ်ရတာပါ။

    Q – အလှကုန်ပစ္စည်းတွေ၊ မိတ်ကပ်တွေ ကြောင့် ဝက်ခြံပေါက်နိုင်လား၊ ပေါက်နေတဲ့ ဝက်ခြံတွေ ပိုဆိုးသွားနိုင်လား ။ ။

    သိပ် ပေါက်နိုင်ပါတယ်။ ကိုယ်ဝယ်လိုက်တဲ့ အလှကုန်ပစ္စည်းမှာ အဆီတွေ အများကြီးပါလို့ မျက်နှာကို အဆီပိုပြန်စေပြီး ချွေးပေါက်ပိတ်စေပြီး ဝက်ခြံတွေပိုထွက်လာနိုင်ပါတယ်။ ဝက်ခြံချက်ချင်းမထွက်ရင်တောင် အဆီဖု လေးတွေ ထွက်လာပြီး နောက်ပိုင်း ဝက်ခြံတွေ အဖြစ်ပြောင်းသွားနိုင်ပါတယ်။ ဒါ့အပြင် ဝက်ခြံပေါက်နေတဲ့ မျက်နှာကို အတင်းမိတ်ကပ်တွေ ဖိလိမ်းရင် ချွေးပေါက်တွေထဲ မိတ်ကပ်ဝင်သွားတာကြောင့် ချွေးပေါက်ပိုပိတ်၊ ဝက်ခြံပိုထွက်နိုင်ပါတယ်။ ဒါကြောင့် ညအိပ်ရာဝင်ခါနီးတိုင်း လိမ်းထားတဲ့ မိတ်ကပ်တွေကို အကုန်ဖျက် မျက်နှာ သစ်ပြီးမှ အိပ်ရာဝင်သင့်တာပါ ။

    Q – ကိုယ်ဝယ်လိုက်တဲ့ အလှကုန်ပစ္စည်းတွော non-comedogenic ( အဆီဖုကို မဖြစ်စေ) ဘူးဆိုတာကို ဘယ်လိုသိနိုင်မလဲ ။ ။

    တစ်ချို့ အလှကုန်တွေရဲ့ ဘူးနောက်ကျောမှာ non-comedogenic ( အဆီဖုကို မဖြစ်စေ) ဆိုတဲ့ စာသားလေးတွေ ထည့်ပေးထားတာတွေ့ရပါလိမ့်မယ်။ ဒါမျိုး အလှကုန်တွေကို ဝယ်သုံးလို့ရပါတယ်။ ဒါမှမဟုတ် non-comedogenic စာသား မပါရင်တော့ မဝယ်ခင် ကိုယ့်လက် အတွင်းသားလေးမှာ အရင်စမ်းကြည့်ပြီး အဖုလေးတွေ ပေါက်မလာဘူးဆိုတော့မှ အဲဒီ အလှကုန်ပစ္စည်းတွေကို ဝယ်သုံးတာ အကောင်းဆုံးပါ။

    Q – မျက်နှာ ခဏခဏသစ်ရင် ပေါက်နေတဲ့ ဝက်ခြံတွေ ပျောက်လိမ့်မယ်ဆိုတာ ဟုတ်ပါသလား ။ ။

    မျက်နှာခဏခဏ သစ်ပေးရင် ဝက်ခြံပျောက်နိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ မျက်နှာသစ်ဆေး အများစုဟာ မျက်နှာပေါ်ကအဆီပိုတွေကို ဖယ်ရှားပေးလို့ အဆီမပြန်စေဘူးဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ခဏခဏ မျက်နှာသစ်ရင် မျက်နှာခြောက်သွားပြီး မရှိတော့တဲ့အဆီတွေနေရာ အစားထိုးဖို့အတွက် အဆီဂလင်းတွေက အလုပ်တွေပိုလုပ်၊ အဆီတွေ ပိုထုတ်ရပါတယ်။ ဒီလိုနဲပဲ မျက်နှာသစ်လိုက် အဆီတွေများများပြန်ထွတ်လိုက် နဲ့ သံသရာလည်နေတော့မှာပါ။

    Q -ဝက်ခြံပေါက်တာနဲ့မြန်မြန်ပျောက်ချင်လို့ ဆိုပြီး ညှစ်တတ်တဲ့သူတွေရှိလား။

    ဝက်ခြံတစ်ဖုပေါက်လာပြီဆိုရင် အထဲ အမြစ်ထွက်သွားဖို့၊ ဝက်ခြံမြန်မြန်ပိန်စေဖို့အတွက် ဝက်ခြံညှစ်တာ လက်နဲ့ဆွတာမျိုး လုပ်တတ်ကြပါတယ်။ ဒီလို ဝက်ခြံကို ညှစ်တာ၊ ဆွတာမျိုး တဲ့အခါ လက်မှာရှိနေတဲ့ ဘက်တီးရီးယားပိုးတွေက ဝက်ခြံဆီ ရောက်သွားနိုင်တဲ့အပြင် လက်ပူလိုက်ပြီး ဝက်ခြံဖု ပိုကြီးလာနိုင်ပါတယ် ။ ဝက်ခြံညှစ်ရင် နောက်ပိုင်း ပျောက်ဖို့ ခက်တဲ့ အမာရွတ် တွေနဲ့ ချိုင့်ခွက်တွေကျန်ခဲ့တတ်တယ်ဆိုတာလည်း အားလုံးအသိပါ။

    Q – ဝက်ခြံပေါက်တတ်တဲ့သူတွေ ဟာ ဘယ်လို အလှကုန်ပစ္စည်းမျိုးကို ဝယ်သုံးသင့်သလဲ ။ ။

    ဝက်ခြံပေါက်တတ်တဲ့သူတွေက ဝက်ခြံအတွက် သီးသန့်ထုတ်ထားတဲ့ အသားအရေထိန်း ပစ္စည်းတွေ၊ အဆီပြန်ခြင်းကို ထိန်းပေးတဲ့ အလှကုန်ပစ္စည်းတွေနဲ့ ဓါတ်မတည့်တာမျိုးကို မဖြစ်စေတဲ့ ထုတ်ကုန်တွေကို အဓိကဝယ်သုံးသင့်ပါတယ်။ ဝယ်တဲ့အခါမှာလည်း ဆေးဝါးထောက်ခံချက် FDA လက်မှတ်ရထားတဲ့ ပစ္စည်းတွေကို ရွေးဝယ်ခဲ့ဖို့လည်း မမေ့နဲ့နော် ။ ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement