တိုးတက်လာတဲ့ခေတ်နဲ့အညီ အမျိုးသမီးတွေလည်း အမျိုးသားတွေနည်းတူ အိမ်ထောင်မှုတာဝန်တွေကို နိုင်တဲ့ဘက်ကနေ လုပ်ဆောင်နေကြရပါတယ်။ ဒီလိုမျိုးအလုပ်များတဲ့ အိမ်ထောင်ရှင်မတွေအတွက် အဆင်သင့်မဖြစ်သေးချိန်မှာ ကလေးရရှိသွားတာမျိုးမဖြစ်စေဖို့ သန္ဓေတားနည်းတွေက အမျိုးမျိုးရှိပါတယ်။ ဒီထဲမှာမှ အခုတစ်ခေါက်တော့ Hello ဆရာဝန်ရဲ့ အမျိုးသမီးပရိသတ်ကြီးအတွက် သန္ဓေတားသောက်ဆေးအကြောင်း သိထားသင့်သမျှ တွေကို ပြောပြပေးပါမယ်နော်။
သန္ဓေတားသောက်ဆေးအကြောင်း သိထားသင့်သမျှ
သန္ဓေတားသောက်ဆေးအကြောင်း သိထားသင့်သမျှ ကတော့ ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
သန္ဓေတားသောက်ဆေးက ဘာတွေလုပ်ပေးလဲ
သန္ဓေတားနည်းကဆေးထိုးရတာနဲ့ သားအိမ်တွင်းထည့်ပစ္စည်း (IUD)၊ လက်မောင်းတွင်းထည့်ပစ္စည်း (implant) တို့ကို မနှစ်သက်တဲ့အမျိုးသမီးတွေ အဖို့တော့သောက်ဆေးရှိပါတယ်နော်။ နေ့တိုင်းပုံမှန်သောက်ရတာဖြစ်ပြီး ကိုယ်ဝန်မရရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ သန္ဓေတားဆေးထဲမှာပါတဲ့ဟော်မုန်းက သားဥတွေကို သားဥအိမ်ထဲကနေထွက်မသွားအောင်တားဆီးပေးပါတယ်။ သားဥအိမ်ထဲကနေ မျိုးဥတွေကို ထွက်မသွားစေဘူးဆိုမှတော့ မျိုးအောင်နိုင်ခြေက မရှိတော့ဘူးလေ။ ဒီတော့ မထင်မှတ်ဘဲ ကိုယ်ဝန်ရရှိတာမျိုးမရှိတော့ဘူးပေါ့။
သန္ဓေတား သောက်ဆေးတွေထဲမှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း နှစ်မျိုးကို ပေါင်းစပ်ထားတဲ့ ပေါင်းစပ်သန္ဓေတားဆေးနဲ့ ပရိုဂျက်စတုန်း တစ်မျိုးတည်းပါတဲ့ mini pillလို့ခေါ်တဲ့ တားဆေးလည်း ရှိပါတယ်။
သန္ဓေတားဆေးသောက်တဲ့အခါ သတိထားရမယ့်အချက်တွေက
- နေ့တိုင်း အချိန်မှန်သောက်ပေးတာက ဆေးအာနိသင်ကို ပိုထိရောက်စေပါတယ်။ ဆေးက နေ့တိုင်းသောက်ပေးမယ်ဆိုရင် ထိရောက်မှုကအမြင့်ဆုံးမှာရှိနေမှာဖြစ်ပြီး တစ်ရက်လောက် အချိန်နောက်ကျပြီးမှာသောက်မိမယ်ဆိုရင်တော့ ဆေးရဲ့ ထိရောက်မှုက ၉၉ ရာခိုင်နှုန်းကနေ ၉၁ ရာခိုင်နှုန်းအထိကျသွားနိုင်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့က ဖုန်းထဲမှာ alarmပေးထားတာမျိုးဖြစ်ဖြစ်လုပ်ပေးပါ။
- နောက်ထပ်သိထားသင့်တာတစ်ချက်ကဆေးကို မပျက်မကွက်သောက်ဖို့ လိုပါတယ်။ ပျက်ကွက်သွားရင် ရက်အပေါ်လိုက်ပြီး လုပ်စရာတွေရှိတဲ့အတွက် ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။
- သန္ဓေတားသောက်ဆေးကို အခြား ပဋိဇီဝဆေးတွေနဲ့ တွဲဖက်သောက်သုံးတာမျိုးမလုပ်သင့်ပါဘူး။ဆေးရဲ့ အာနိသင်ကျဆင်းနိုင်တာကြောင့်ပါ။ သင့်အနေနဲ့အော့အန်နေတာ၊ ဝမ်းလျှောနေတာတွေခံစားနေရတာကြောင့်ဆေးသောက်သုံးရတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ကွန်ဒုံးသုံးခိုင်းတာမျိုးက အကောင်းဆုံးကာကွယ်မှုပါ။ ဒီလိုအချိန်မှာ အစာအိမ်နံရံတွေကဆေးကိုစုပ်ယူနိုင်စွမ်းကျနေနိုင်ပါတယ်။
ဘယ်အချိန်မှာ စသောက်နိုင်သလဲ။
ဘယ်အချိန်မှာပဲဖြစ်ဖြစ် သောက်လို့ရပါတယ်။ မသောက်ခင်မှာ ကိုယ်ဝန်မရှိဖို့တော့လိုပါတယ်။ ကိုယ့်ကိုယ်ကို သံသယရှိတယ်ဆိုရင် ဆီးစစ်ကြည့်ပါ။
ရာသီစလာတဲ့ရက်ကနေ ၅ရက်အတွင်း သောက်မယ်ဆိုရင် တန်းပြီး အတူနေလို့ ရပါတယ်။ တကယ်လို့ တခြားရက်တွေမှာ သောက်မယ်ဆိုရင် အာနိသင်ရဖို့ ရက်စောင့်ရပါတယ်။ ပေါင်းစပ်သန္ဓေတားဆေးဆိုရင် ၇ရက်စောင့်ရပြီး ပရိုဂျက်စတုန်းတစ်မျိုးတည်း ပါတဲ့ဆေးဆို ၂ရက်စောင့်ရပါတယ်။ ဒါကြောင့် ဒီရက်တွေမှာ နေမယ်ဆိုရင် အာနိသင်မရသေးတာကြောင့် ကွန်ဒုံးသုံးဖို့ လိုပါတယ်။
ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ
သန္ဓေတားနည်းတစ်ခုဆီမှာဘေးထွက်ဆိုးကျိုး အနည်းအကျဉ်းတော့ရှိစမြဲပါ။ ဒီလိုပါပဲ သန္ဓေတားသောက်ဆေးမှာလည်း အရေပြားမှာ အစက်အပြောက်တွေဖြစ်တာ၊ ရင်သားတင်းတာ၊ မအီမသာဖြစ်တာ၊အော့အန်တာ၊လေပွတာ၊ ရာသီသွေးမဆင်းဘဲဖြစ်တာမျိုးတွေတွေ့ကြုံရနိုင်ပါတယ်။ အက်စထရိုဂျင်ဟော်မုန်းများတဲ့ဆေးတွေဆိုရင်တော့ ဆေးလိပ်သောက်သုံးတဲ့အမျိုးသမီးတွေနဲ့ မသင့်တော်ပါဘူး။ သွေးခဲတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။ တကယ်လို့ ဆေးသောက်ပြီးချိန်မှာ ခေါင်းတစ်ခြမ်းကိုက်မယ်၊ ဗိုက်အောင့်တာမျိုးဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ပါ။
ဆေးသောက်တာကို ရပ်လိုက်တော့မယ်ဆိုရင်
သင့်အနေနဲ့ ကိုယ်ဝန်လည်းမလိုချင်ဘူး၊ ဆေးလည်းဆက်မသောက်ချင်တော့တာကြောင့် ဆေးသာက်တာကို ရပ်မယ်ဆိုရင်။ လိင်ဆက်ဆံတဲ့အခါ အကာအကွယ်သုံးဖို့ကို မမေ့ပါနဲ့။ ဒါမှ မမျှော်လင့်ဘဲဖြစ်လာတဲ့အခြေအနေတွေကို တားဆီးနိုင်မှာပါ။
ဆေးသောက်တာကို ရပ်လိုက်ပြီး အချိန်ဘယ်လောက်ဆိုရင် ကိုယ်ဝန်ရရှိနိုင်မှာလဲ
သန္ဓေတားဆေးသောက်ထားတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဆေးသောက်တာကို ရပ်လိုက်ပြီးပြီးချင်းမှာ ချက်ချင်းကိုယ်ဝန်ဆောင်နိုင်တာက ရှားပါတယ်။ ရာသီသွေးပုံမှန်ဆင်းဖို့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရမှာပါ။ ဆေးသောက်တာကို ရပ်လိုက်တဲ့နေ့ကနေစလို့ ၆ လအတွင်းမှာတော့ ကိုယ်ဝန်ဆောင်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ၆ လကျော်တဲ့အထိမှ ကလေးမရဘူးဆိုရင် ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။
ကလေးနို့တိုက်နေချိန်မှာ တားဆေးသောက်လို့ရလား
ကလေးမွေးဖွားပြီးနောက် ရင်သွေးလေးကို နို့ချိုတိုက်ကျွေးနေချိန်မှာ သန္ဓေတားဆေးသောက်လို့ ဖြစ်ရဲ့လားလို့ စိတ်ပူနေတဲ့မေမေတွေရှိမယ်ထင်ပါတယ်နော်။ ကလေးကိုလည်း မိခင်တစ်ယောက်မို့ နို့ချိုတိုက်ကျွေးချင်တယ်၊ ဆေးကသောက်ဖို့ လိုအပ်မယ်ဆိုရင်တော့ ကလေးမွေးဖွားပြီး ၆ ပတ်အကြာမှာ စသောက်လို့ရပါတယ်။ အက်စထရိုဂျင်ဟော်မုန်းပါတဲ့ သန္ဓေတားဆေးတွေက မိခင်နို့ထွက်မှုအပေါ် သက်ရောက်မှုရှိတာကြောင့် နို့တိုက်မိခင်တွေအနေနဲ့ ပရိုဂျက်စတုန်းဟော်မုန်းတစ်မျိုးတည်းသာပါတဲ့ သန္ဓေတားသောက်ဆေးကိုသောက်သုံးတာက အသင့်တော်ဆုံးဖြစ်မှာပါ။
ကဲ သန္ဓေတားနည်းတွေထဲကမှ အခြားနည်းတွေကိုကြောက်လို့ သောက်ဆေးသောက်ဖို့ရွေးချယ်တဲ့ အိမ်ထောင်ရှင်လေဒီတို့ရေ ဒီဆောင်းပါးလေးက အဆင်ပြေမယ်ထင်ပါတယ်နော်။
[embed-health-tool-ovulation]