brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

HIV ပိုးမှ AIDS ရောဂါဆီသို့ ကူးပြောင်းပုံ အဆင့်ဆင့်

HIV ပိုးမှ AIDS ရောဂါဆီသို့ ကူးပြောင်းပုံ အဆင့်ဆင့် အကြောင်းကို ဗဟုသုတ အနေနဲ့ လေ့လာလိုက်ရအောင်နော်။ HIV ပိုးဆိုတာ ကိုယ်ခံအားစနစ်ကို အဓိက ပစ်မှတ်ထားပြီး ထိခိုက်စေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အမြစ်ပြတ်ကုသဖို့ရာ ဆေးမရှိသေးပေမယ့် ပိုးကို ဆက်မပြန့်သွားစေအောင်၊ ကိုယ်ခံအားစနစ်ကို မထိခိုက်စေအောင် ထိန်းထားပေးတဲ့ ဆေးတွေတော့ ပေါ်နေပါပြီ။ HIV ပိုးကူးစက်ခံရသူအနေနဲ့ ပိုးထိန်းဆေး ART ဆေးကိုသာ မသောက်ဘူးဆိုရင်တော့ AIDS ကိုရောက်သွားနိုင်တဲ့ အဆင့် ၃ဆင့်ကို မလွဲမသွေကျော်ဖြတ်ရနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ ဒီအဆင့်တွေကတော့

HIV ပိုးမှ AIDS ရောဂါဆီသို့ ကူးပြောင်းပုံ အဆင့်ဆင့်

• အစောပိုင်းကာလ အဆင့် (Acute Stage)

• ကြားကာလ အဆင့် (Chronic Stage)

• နောက်ဆုံး အဆင့် (AIDS Stage/ Final Stage) ဆိုပြီး ၃ဆင့် ရှိပါတယ်။

HIV ပိုးမှ AIDS ရောဂါဆီသို့ ကူးပြောင်းပုံ အဆင့်ဆင့်

HIV ပိုးမှ AIDS ရောဂါဆီသို့ ကူးပြောင်းပုံ အဆင့်ဆင့် …. ဒီအဆင့်တွေနဲ့ပတ်သက်ပြီးတော့ တွေ့ကြုံရတတ်တဲ့ လက္ခဏာတွေနဲ့ ရောဂါရဲ့ သက်တမ်းအကြောင်းကိုပါ ပြောပြချင်ပါတယ်။

၁။ အစောပိုင်းကာလအဆင့် (Acute Stage)

HIV ပိုး ကူးစက်ခံရပြီး ၂ပတ်မှ ၄ပတ်အကြာမှာ လက္ခဏာစတင်ပြလာတတ်ပါတယ်။ ဒီလက္ခဏာတွေဟာ အအေးမိတုပ်ကွေးလက္ခဏာနဲ့ တော်တော့်ကို ဆင်တူတဲ့အတွက် ကူးစက်ခံရတာမှန်းမသိဘဲ ရိုးရိုးအပြင်းဖျားတာလို့လည်း ထင်တတ်ကြပါတယ်။ ဒီအဆင့်မှာဆိုရင်

• ခေါင်းမူးခေါင်းကိုက်ဖြစ်ခြင်း

• လည်ချောင်းနာခြင်း

• ပါးစပ်ထဲမှာ အဖြူရောင်အနာများ ပေါက်ခြင်း

• အလွန်အမင်း မောပန်းလွယ်ခြင်း

• ဖျားနာခြင်း

• ချမ်းသလို ဖြစ်ခြင်း

• ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း

• ပြန်ရည်ကြောများ ရောင်နေခြင်း

• ညဘက်တွေမှာ ချွေးစေးပြန်သလို ဖြစ်ခြင်း စတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။

ဒီလက္ခဏာတွေ ဖြစ်ပြီး ပျောက်ကင်းဖို့ရန်အတွက် ရက်သတ္တပတ်အနည်းငယ် ကြာနိုင်ပါတယ်။ တချို့တွေမှာ ဒီလိုလက္ခဏာတွေ လုံးဝမပြဘဲ အကောင်းအတိုင်း ရှိနေတာမျိုးလည်း တွေ့ရပေမယ့် နည်းနည်းတော့ ရှားပါတယ်။ ဒီအဆင့်မှာ ကိုယ်ထဲ HIV ပိုးဝင်ပြီး ကိုယ်ခံအားစနစ်ကို စတင်တိုက်ခိုက်နေတဲ့အပြင် တခြားသူတွေကိုလည်း ကူးစက်နိုင်ခြေ ရှိပါတယ်။

ဒီအဆင့်မှာတော့ ကိုယ်ထဲမှာ HIV ပိုးရှိနေတယ်ဆိုတာကို စစ်လို့ မရသေးဘဲ လက္ခဏာတွေ အားလုံးပျောက်ပြီးနောက် တစ်နည်းအားဖြင့် လိင်ဆက်ဆံပြီး ၃လပြည့်တဲ့နေ့မှာ စစ်မှသာ ပေါ်နိုင်ပါတယ်။ တစ်ခါတလေမှာ ၆လပြည့်မှ ပိုးကိုတွေ့ရတာမျိုးလည်း ဖြစ်တတ်ပါတယ်။

၂။ ကြားကာလအဆင့် (Chronic Stage)

ပုံမှန်အားဖြင့် ART ဆေး (HIV ပိုးကို ထိန်းချုပ်ပေးတဲ့ဆေး) ကို သောက်တာအချိန်ကြာလာတဲ့သူတွေမှာ ဒီအဆင့်ကို မကျော်ဖြတ်ရတတ်ပါဘူး။ ပိုးကိုတွေ့တာ နည်းနည်းနောက်ကျနေတဲ့သူတွေမှာ ဒီအဆင့်ကို ဖြတ်ကျော်ရနိုင်ပါတယ်။ ကြားကာလအဆင့်မှာဆိုရင် ကိုယ်ခန္ဓာထဲမှာ ပြန့်နေတဲ့ HIV ပိုးကောင်ရေဟာ တော်တော်များနေပြီး ကိုယ်ခံအားစနစ်လည်း အထိုက်အလျောက်ကျဆင်းနေပြီလို့ ခန့်မှန်းလို့ ရပါတယ်။ ဒီအတွက်ကြောင့် ဖြစ်လာတတ်တဲ့ လက္ခဏာတွေဟာလည်း အစောပိုင်းကာလထက်ကို ပိုပြင်းထန်နေမှာပါ။ ဘယ်လိုလက္ခဏာတွေ တွေ့ရတတ်လဲဆိုရင်

• အစောပိုင်းကာလမှာ ဖြစ်သလို အအေးမိတုပ်ကွေးနဲ့ ဆင်တူတဲ့ လက္ခဏာမျိုးတွေ

• ချောင်းဆိုးခြင်း

• အသက်ရှူရခက်ခြင်း

• ကိုယ်အလေးချိန် တော်တော်ကျပြီး ပိန်ချုံးသွားခြင်း

• ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း

• ဘာလုပ်လုပ် မောပန်းပြီး အားမရှိသလို နုံးချိနေခြင်း

• အပြင်းဖျားခြင်းတို့ပဲ ဖြစ်ပါတယ်။

အစောပိုင်းကာလကနေ နောက်ဆုံးအဆင့် AIDS ကို မရောက်ခင် ကြားကာလမှာ ၃နှစ်ကနေ ၁၀ နှစ်ထိ ကြာတတ်ပါတယ်။ ဒီကာလမှာလည်း ART ဆေးကို လုံးဝမသောက်ဘူးဆိုရင်တော့ AIDS ခုခံအားကျဆင်းမှု ကူးစက်ရောဂါအဆင့်ကို လုံးဝရောက်သွားမှာပါ။

၃။ နောက်ဆုံးအဆင့် (AIDS/ Final Stage)

ဒီအဆင့်မှာတော့ HIV ဗိုင်းရပ်စ်ပိုးကနေ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) ကို လုံးဝရောက်သွားပါပြီ။ နောက်ဆုံးအဆင့်ရောက်နေတဲ့သူတွေရဲ့ ကိုယ်ခံအားစနစ်ဟာ အလွန်အမင်းကို ဆုတ်ယုတ်နေပြီး CD4 ဆဲလ်ပမာဏဟာ ၂၀၀ အောက်ကို ရောက်နေပါတယ်။ တခြားရောဂါပေါင်းစုံလည်း ဝင်လာကာ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်အားတွေလည်း ကျဆင်းနေပါပြီ။ တခြားသော လက္ခဏာတွေအနေနဲ့

• မကြာခဏ အပြင်းအထန်ဖျားနာခြင်း

• ညဘက်ချွေးစေးတွေ ထွက်ခြင်း

• ချမ်းသလိုလို ဖြစ်ပြီး တုန်နေခြင်း

• ပါးစပ်၊ လိင်အင်္ဂါနဲ့ စအိုဝပတ်လည်မှာ အနာတွေပေါက်နေခြင်း

• အရိုးပေါ်အရေတင် ပိန်ချုံးသွားခြင်း

• အရောင်မျိုးစုံရှိတဲ့ အင်ပျဉ်ကွက်ထခြင်း

• ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း

• ဦးနှောက်မှတ်ဉာဏ် ချို့ယွင်းလာခြင်း

• နမိုးနီးယား အဆုတ်ရောင်ရောဂါဖြစ်လာခြင်း စတာတွေကိုပါ တွေ့ရနိုင်ပါတယ်။

ဒီအဆင့်ရောက်တော့မှ ART ဆေးကို သောက်နေမယ်ဆိုရင်တော့ ကိုယ့်ရဲ့ ရောဂါဝေဒနာကို သက်သာစေနိုင်ပြီး နေထိုင်ရတဲ့သက်တမ်းကို အတော်အသင့်လောက် ပိုရှည်ကြာစေနိုင်ပါတယ်။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝမျိုး ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်ုလိက်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Ye Myo Myat · 01/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။