backup og meta

ဘက်တီးရီးယားပိုးကြောင့် အဆုတ်ရောင်ခြင်း

ဘက်တီးရီးယားပိုးကြောင့် အဆုတ်ရောင်ခြင်း

နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်ရောင်ခြင်းဟာ ရောဂါပိုးဝင်ခြင်းကြောင့် အဆုတ်ထဲက လေအိတ်ကလေးတွေ ရောင်ရမ်းခြင်းပဲ ဖြစ်ပါတယ်။ လေအိတ်ထဲမှာ အရည်များ၊ ပြည်များ၊ ဆဲလ်အသေများနဲ့ ပြည့်လာတတ်ပါတယ်။ ဗိုင်းရပ်စ်၊ မှို၊ ဘက်တီးရီးယား စတဲ့ရောဂါပိုးမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ဘက်တီးရီးယားကြောင့် အဆုတ်ရောင်ခြင်း အကြောင်းဖြစ်ပါတယ်။

ဘက်တီးရီးယားကြောင့် အဆုတ်ရောင်ခြင်းဟာ အဆုတ်ရဲ့အပိုင်းတစ်ပိုင်းလောက်မှာ ကွက်ပြီးဖြစ်တာ ရှိနိုင်သလို အဆုတ်တစ်ခုလုံးကို ပျံ့သွားခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဆုတ်ရောင်တဲ့အခါ ကိုယ်ခန္ဓာကနေ အောက်ဆီဂျင်ကို လုံလောက်စွာ ရရှိဖို့ ခက်ခဲသွားစေပါတယ်။

ဘက်တီးရီးယားကြောင့် အဆုတ်ရောင်ခြင်းဟာ သိပ်မဆိုးရွားတဲ့ အခြေအနေရှိသလို အသက်အန္တရာယ် ကြုံလောက်သည်အထိ ဆိုးရွားပြင်းထန်တာမျိုးလည်း ရှိပါတယ်။ အဆုတ်ရောင်ခြင်းရဲ့ ဆိုးရွားမှုအခြေအနေဟာ

– ဘက်တီးရီးယားအင်အား

– ဘယ်လောက်မြန်မြန်ဆန်ဆန်နဲ့ ရောဂါသိပြီး ကုသနိုင်သလဲ

– အသက်အရွယ်

– အခြားကျန်းမာရေးပြဿနာ ရှိမရှိ စတာတွေအပေါ်မှာ မူတည်ပါတယ်။

ဘက်တီးရီးယားကြောင့် အဆုတ်ရောင်တဲ့လက္ခဏာတွေက ဘာတွေလဲ

ဘက်တီးရီးယားကြောင့် အဆုတ်ရောင်ချိန်မှာ တွေ့ရများတဲ့လက္ခဏာတွေကတော့

– ချောင်းဆိုးပြီး ဝါညစ်ညစ် (သို့မဟုတ်) သွေးစသွေးနနဲ့ ချွဲများထွက်ခြင်း

– ရင်ဘတ်တွင်စူးအောင့်ခြင်း၊ ချောင်းဆိုးလျှင် ပိုဆိုးခြင်း

– အဖျား 102-105° ခန့်ရှိခြင်း

– ခေါင်းကိုက်ခြင်း

– ကြွက်သားများနာခြင်း

– အသက်ရှူမြန်ခြင်း

– ပင်ပန်းနွမ်းနယ်ခြင်း

– အစားပျက်ခြင်း

ချွေးထွက်များခြင်း စတာတွေ ဖြစ်ပါတယ်။

အဆုတ်ရောင်ခြင်းဟာ ကလေးတွေမှာဖြစ်ရင် ပိုပြီး သတိထားရပါတယ်။ အထက်ပါလက္ခဏာများအပြင် အသက်ရှူစဉ် ရင်ဘတ်ချိုင့်ဝင်ခြင်း၊ နှုတ်ခမ်းများ လက်များပြာခြင်း စတာတွေ ကြုံရပါတယ်။

အောက်ပါအခြေအနေများ တွေ့ကြုံရရင်တော့ အရေးပေါ်ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။

– သွေးပါသော ချွဲထွက်ခြင်း

– အသက်ရှူကြပ်ခြင်း

အဖျားကြီးခြင်း

– ကယောင်ကတမ်းဖြစ်ခြင်း

– နှလုံးခုန်မြန်ခြင်း

– အသားအရေပြာနှမ်းခြင်း စတာတွေ ဖြစ်ပါတယ်။

ဘာကြောင့်ဖြစ်သလဲ

ဘက်တီးရီးယားပိုးများ အဆုတ်အတွင်းသို့ ဝင်ရောက်ပေါက်ပွားခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ တိုက်ရိုက်ကူးစက်ခံရခြင်းကြောင့် ဖြစ်နိုင်သလို တခြားရောဂါတွေရဲ့ နောက်ဆက်တွဲ ပြဿနာအနေနဲ့လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ခံစွမ်းအားနည်းပါးသူတွေ၊ အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ရောဂါဖြစ်သူတွေ၊ ခွဲစိတ်ကုသမှုခံယူထားသူတွေမှာ ပိုပြီး ဖြစ်နိုင်ခြေ ရှိပါတယ်။ ဆေးရုံဆေးခန်းတွေ တက်ရောက်ရင်းကနေ တခြားလူနာတွေကနေ ကူးစက်ခံရခြင်းလည်း ဖြစ်တတ်ပါတယ်။

Streptococcus pneumonia ကတော့ ဘက်တီးရီးယားအဆုတ်ရောင်ခြင်းကို အများဆုံးဖြစ်စေတဲ့ ရောဂါပိုးဖြစ်ပါတယ်။ ရှူရှိုက်မိရာကနေ ဝင်ရောက်နိုင်ပါတယ်။ Haemophilus influenzae ကိုလည်း အတွေ့ရများပါတယ်။ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာ ပေါက်ပွားနိုင်ပါတယ်။ များသောအားဖြင့် ကြီးကြီးမားမား အန္တရာယ်မပေးဘဲ ကိုယ်ခံအားနည်းတဲ့အချိန်မှသာ ဒုက္ခပေးပါတယ်။ အဆုတ်ရောင်ခြင်းကို ဖြစ်စေတဲ့ တခြား ဘက်တီးရီးယား အမျိုးအစားများလည်း ရှိပါသေးတယ်။

ဘယ်လိုအခြေအနေမှာ ဖြစ်နိုင်ခြေမြင့်သလဲ

ဆေးလိပ်သောက်ခြင်းလေထုညစ်ညမ်းမှုများသော နေရာတွင် နေထိုင်ခြင်း၊ ဆေးရုံဆေးခန်းတွင် လုပ်ကိုင်နေထိုင်ခြင်း စတဲ့အခြေအနေတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ မကြာသေးခင်က တုပ်ကွေးဖြစ်ပြီး အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ်ပိုးဝင်ထားဖူးရင်၊ နာတာရှည် အဆုတ်ရောဂါတစ်မျိုးမျိုးဖြစ်ရင်၊ ကိုယ်ခံအားနည်းနေရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။ ကလေးငယ်များ၊ အသက်ကြီးပိုင်းများနဲ့ ခုခံအားကျနေတဲ့သူတွေမှာ ပိုမိုဖြစ်ပွားနိုင်ပါတယ်။

ဘယ်လိုကာကွယ်ကုသမလဲ

များသောအားဖြင့် ဆေးရုံဆေးခန်းကို ပြင်ပလူနာအနေနဲ့ ပြသပြီး အိမ်မှာပဲ အနားယူနိုင်ပါတယ်။ ဆရာဝန်က ပဋိဇီဝဆေးများအပါအဝင် လိုအပ်တဲ့ဆေးဝါးတွေ ညွှန်ပါလိမ့်မယ်။ ရောဂါအခြေအနေဆိုးရွားရင်တော့ ဆေးရုံတက်ပြီး ပဋီဇီဝဆေးများကို သွေးကြောကတဆင့် ပေးသွင်းရတတ်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာဖို့ လိုအပ်ပါတယ်။

ဘက်တီးရီးယားများ ကူးစက်နိုင်ခြင်းမရှိအောင် နှာချေချောင်းဆိုးတဲ့အခါ ကာကွယ်ထားရပါမယ်။ ရောဂါရှိသူထိတွေ့ကိုင်တွယ်တဲ့ အသုံးအဆောင်တွေကို ကိုင်တွယ်မိရင် လက်ကိုသေချာဆေးကြောရပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးပေးရပါမယ်။ လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးထားရပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/bacterial-pneumonia Accessed Date 18 November 2020

ယခုပုံစံ

05/07/2022

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာသီး ပြီးအဆုတ်ရောင်ခြင်း

Pneumonia ( နမိုးနီးယား )



Dr. Thant Zin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement