backup og meta

ဓာတ်မတည့်တာ မရှိဘဲ ပန်းနာရင်ကြပ် ထဖောက်နိုင်ပါသလား။

ဓာတ်မတည့်တာ မရှိဘဲ ပန်းနာရင်ကြပ် ထဖောက်နိုင်ပါသလား။

ပန်းနာရင်ကြပ် လူနာတစ်ယောက် ရောဂါဖောက်ပြီဆိုရင် သူတော့ မတည့်တာရှူမိပြီ။ ထိမိပြီလို့ ထင်တတ်ကြပါတယ်။ ပန်းနာရင်ကြပ်ရှိသူတွေရဲ့ ၆၀ရာခိုင်နှုန်းလောက်က ဓာတ်မတည့်ပန်းနာရင်ကြပ်အမျိုးအစား ဖြစ်တာကြောင့် ဒီလိုထင်တာ ဆန်းတော့ မဆန်းပါဘူး။ ဒါပေမယ့် ပန်းတာရင်ကြပ်လို့ဆိုတိုင်း ဓာတ်မတည့် ပစ္စည်းတစ်ခုခု ရှိရမယ်လို့ မဆိုလိုပါဘူး။ တချို့က ဓာတ်မတည့်တဲ့ ပစ္စည်းမရှိပေမယ့်လည်း ထကြပ်တတ်ပါတယ်။ ကံကောင်းတာက ဒါက လူနည်းစုပါပဲ။

ဓာတ်မတည့်တာကြောင့် မဟုတ်တဲ့ ပန်းနာရင်ကြပ်ဆိုတာ (Non allergic asthma)

ဒီအမျိုးအစားက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အသက်ကြီးတဲ့သူတွေမှာ အတွေ့ရများပါတယ်။ ဓာတ်မတည့်အမျိုးအစားထက် ပိုပြင်းထန်ပါတယ်။

ဓာတ်မတည့်ပန်းနာရင်ကြပ်နဲ့ ဘာကွာသလဲဆိုတော့ ဓာတ်မတည့်ပန်းနာရင်ကြပ်က သူနဲ့ မတည့်တဲ့ အလာဂျင်ဝင်လာပြီဆိုရင် ခုခံအားက အလွန်အကျွံတုံ့ပြန်တာကြောင့် တစ်ကိုယ်လုံးမှာ IgEလို့ ခေါ်တဲ့ ခုခံအားပစ္စည်းတွေ ထွက်လာပြီး ပန်းနာရင်ကြပ်ထဖောက်ပါတယ်။

ဓာတ်မတည့်တာကြောင့် မဟုတ်တဲ့ ပန်းနာရင်ကြပ်အမျိုးအစားမှာတော့ IgEက လေပြွန်အတွင်းထဲမှာပဲ ထွက်လေ့ရှိပါတယ်။

ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ။

တခြားပန်းနာရင်ကြပ်တွေနဲ့ အတူတူပါပဲ။ ဘယ်အချိန်မှာမဆို ရောဂါထဖောက်နိုင်ပါတယ်။ ထဖောက်တဲ့အချိန်က ခဏလေးဆိုပေမယ့် လက္ခဏာတွေကတော့ ရက်နဲ့ချီ ကျန်နေတတ်ပါတယ်။ ရောဂါဖောက်တဲ့အချိန်မှာဆိုရင် လေပြွန်တွေက ရောင်ရမ်းကျဉ်းမြောင်းပြီး ချွဲတွေနဲ့ ပြည့်လာပါတယ်။ ဒါကြောင့် လူနာအနေနဲ့

ဓာတ်မတည့်တာ မရှိဘဲ ဘာကြောင့်ပန်းနာရင်ကြပ်ထဖြစ်ရတာလဲ။

ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာကိုတော့ သေသေချာချာ မပြောနိုင်ကြသေးပါဘူး။  ဓာတ်မတည့်ပန်းနာရင်ကြပ်လိုပဲ မျိုးဗီဇနဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့်လို့ ယူဆကြပါတယ်။ ဒါပေမယ့် လေ့လာမှုတွေကတော့ ဆက်လုပ်ရဦးမှာပါ။

ဓာတ်မတည့် ပန်းနာရင်ကြပ်နဲ့ မတူတာက သူ့မှာ အလာဂျင်လို့ ခေါ်တဲ့ ဓာတ်မတည့်စေတဲ့ ပစ္စည်းတွေ ရှိမနေတာပါပဲ။ သူပန်းနာရင်ကြပ်ဖောက်ရတဲ့ အကြောင်းရင်းတွေက အများသိထားကြတဲ့ မှိုတို့ ဝတ်မှုန်တို့ စတဲ့ အလာဂျင်တွေကြောင့် မဟုတ်ပါဘူး။

သူ့ကို ပန်းနာရင်ကြပ်ထစေတာက

  • စိတ်ဖိစီးမှုတွေ
  • ရာသီဥတုအပြောင်းအလဲတွေ
  • လေအေးတိုက်ခံရတာတွေ
  • မီးခိုးငွေ့တွေ ရှူမိတာတွေ
  • ဖျားနာတာတွေ
  • ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်တာတွေ
  • အနံ့ပြင်းပြင်းတွေ
  • ဆေးဝါးတွေ
  • စားချဉ့်ရည်ပြန်တက်ပြီး ရင်ပူတာတွေ စတာတွေကြောင့် ရင်ကြပ်ဖောက်ပါတယ်။

ဒါတွေကို ကြည့်မယ်ဆိုရင် လူတွေသိထားပြီးသား ဓာတ်မတည့် ပစ္စည်းအုပ်စုမဟုတ်ဘူးဆိုတာ သိသာပါတယ်။

အလာဂျင်ကြောင့် မဟုတ်တဲ့အတွက် ဘာကြောင့်ကြပ်သလဲဆိုတာ ရှာရခက်ပါတယ်။ ဒါကြောင့် ကိုယ်ကြပ်တဲ့အချိန်တွေကို စာအုပ်တစ်အုပ်ထဲမှာ သေချာရေးမှတ်ထားပါ။

မကြပ်ခင်က ဘာတွေ ထူးထူးခြားခြားဖြစ်တတ်သလဲ။ တချို့က ဆောင်းတွင်းဆို ကြပ်ပါတယ်။ တချို့က စိတ်ဖိစီးမှုများတဲ့ စာမေးပွဲအချိန်ဆို ကြပ်ပါတယ်။ တချို့က နေမကောင်းတဲ့အချိန်ဆို ကြပ်ပါတယ် စသဖြင့် မှတ်ထားတာက ကိုယ့်အတွက် ရောဂါကုသတဲ့နေရာမှာ အများကြီး အကျိုးရှိပါတယ်။

ဘယ်လိုကုသကြမလဲ။

တခြားပန်းနာရင်ကြပ်တွေလိုပဲ အရှင်းပျောက်အောင် ကုလို့မရပါဘူး။ ဆေးတွေနဲ့ ထိန်းတာ၊ ကြပ်စေတဲ့ အကြောင်းတွေကို ရှောင်တာပဲ လုပ်လို့ရပါတယ်။

  • ဆေးဝါးများ

ဓာတ်မတည့်စေတဲ့ ပစ္စည်းကြောင့် ဖြစ်တာမဟုတ်တဲ့အတွက် အလာဂျီမှာသုံးတဲ့ ဆေးတွေနဲ့ ကုလို့မရပါဘူး။ ပန်းနာရင်ကြပ်သီးသန့်ပဲ ကုရမှာပါ။ လေပြွန်ကျယ်ဆေးတွေ၊ စတီးရွိုက်ရှူဆေးတွေ အသုံးများပါတယ်။

ဆေးအုပ်စုအနေနဲ့ကတော့ မကြပ်အောင် ပုံမှန်ရှူနေရတဲ့ ဆေးတွေရယ်၊ ကြပ်မှရှူရတဲ့ ဆေးတွေရယ်ဆိုပြီး ရှိပါတယ်။ လူနာအခြေအနေပေါ်မူတည်ပြီး ဆေးတွေ ရွေးချယ်ကုသပေးမှာပဲ ဖြစ်ပါတယ်။

  • ဖြစ်စေတဲ့ အကြောင်းတွေကို ရှောင်တာ

ဒါက အထိရောက်ဆုံးနည်းလမ်းပါပဲ။ ဓာတ်မတည့်တာကြောင့် မဟုတ်တဲ့အတွက် ဘာကြောင့် ကြပ်တာလဲဆိုတာရှာဖို့ စိတ်ရှည်ဖို့လိုပါတယ်။ အချိန်ပေးဖို့လိုပါတယ်။ သိသွားပြီဆိုရင်တော့ ပန်းနာရင်ကြပ်ပြန်မထအောင် ထိန်းချုပ်နိုင်သွားပါပြီ။ ဥပမာ

-ဖျားတဲ့အချိန် ကြပ်တတ်တယ်ဆိုရင် မကြာခဏဖျားနာတာမျိုး မဖြစ်အောင် လက်ဆေးမယ်၊ နေမကောင်းတဲ့သူတွေနဲ့ ဝေးဝေးနေမယ်၊ တုပ်ကွေးချိန်ဆို ကာကွယ်ဆေးထိုးထားမယ်။

-စိတ်ဖိစီးလို့ ကြပ်တတ်တဲ့ သူတွေက စိတ်ဖိစီးလာပြီဆို ပြန်လျှော့ချမယ်။

-အငွေ့တွေကြောင့် ကြပ်တတ်ရင် တတ်နိုင်သမျှ အငွေ့တွေနဲ့ ဝေးအောင်နေမယ် စသဖြင့် ပန်းနာရင်ကြပ်မထအောင် နေနိုင်ပါတယ်။

တချို့အမျိုးသမီးတွေကျတော့ ရာသီလာခါနီးရင် ဟော်မုန်းအပြောင်းအလဲဖြစ်တာကြောင့် ကြပ်တတ်ပါတယ်။ ဒါကတော့ ရှောင်လွဲလို့မရဘူးပေါ့။ ဒါပေမယ့် ရာသီလာခါနီးတိုင်း ဆေးတွေ ပုံမှန်ရှူ၊ ပုံမှန်သောက်ထားမယ်ဆိုရင် ပန်းနာရင်ကြပ်မထအောင် ကာကွယ်နိုင်ပါတယ်တဲ့။

  • အသက်ရှူလေ့ကျင့်ခန်း

အသက်ပြင်းပြင်းရှူသွင်း ရှူထုတ်ရတဲ့ ထိုက်ချိလို ယောဂလို လေ့ကျင့်ခန်းတွေကလည်း လေပြွန်တွေကို ကျန်းမာစေတာကြောင့် ပန်းနာရင်ကြပ်ဒဏ်ကို ခံသာစေပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://acaai.org/asthma/types-asthma/nonallergic-asthma

https://www.asthma.org.uk/advice/understanding-asthma/types/#:~:text=Non%2Dallergic%20asthma%2C%20or%20non,and%20can%20be%20more%20severe.

ယခုပုံစံ

07/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပန်းနာရင်ကျပ်ရောဂါ ပြန်ထနေတဲ့အခါ သဘာဝအတိုင်းသက်သာအောင် ဘယ်လိုလုပ်ကြမလဲ။ ။

ပန်းနာရင်ကြပ် အမျိုးအစားများ



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement