backup og meta

ကိုယ်ဝန်ဒုတိယ၃လ ( 2nd trimester ) အကြောင်း သိထားသင့်သမျှ


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဒုတိယ၃လ ( 2nd trimester ) အကြောင်း သိထားသင့်သမျှ

    အရင်ဆောင်းပါးမှာ ကိုယ်ဝန် ပထမ ၃လ ( 1st Trimester) အကြောင်းပြောပြပြီးပြီဆိုတော့ ဒီနေ့ ကိုယ်ဝန်ဒုတိယ၃လ ( 2nd trimester ) အကြောင်း ပြောပြပေးတော့မှာပါ။

    ကိုယ်ဝန်ဒုတိယ၃လကတော့ ကိုယ်ဝန် လပတ် ၁၃ပတ်ကနေ ၂၇ ပတ်အထိကိုပြောတာပါ။ လနဲ့ဆိုရင်တော့ ၃လမြောက်ကနေ ၆ လလောက်အထိပေ့ါ။

    ကိုယ်ဝန်ဒုတိယ၃လ မှာ မိခင်တွေရဲ့ ပြောင်းလဲမှု

    ပထမ ၃ လတုန်းက ရုတ်ချည်း ပြောင်းလဲမှုတွေကြုံတွေလိုက်ရပြီဆိုတော့ ဒီ ဒုတိယ ၃ ဟာ ကိုယ်ဝန်ဆောင် မေမေတို့ ကိုယ်ဝန်နဲ့ အသားကျပြီး သက်တောင့်သက်တာရှိတဲ့ ကာလတစ်ခုပါ။ အရင် 1st Trimester တုန်းက ခံစားခဲ့ရတဲ့ မသက်မသာဖြစ်မှုတွေ၊ ဝေဒနာတွေအားလုံး ဒီ 2nd trimester မှာ တဖြည်းဖြည်း ပျောက်သွားမှာပါ။ နေ့လည်ဆို အားတွေ အပြည့်ရှိနေပြီး ညရောက်တာနဲ့ တန်းအိပ်ပျော်လောက်အောင် အရာအားလုံးက အဆင်ပြေနေမှာပါ။

    ဒါပေမယ့်လည်း အရင်ခံစားနေရတဲ့ ဝေဒနာတွေ ပျောက်သွားပေမယ့် ဝေဒနာ အသစ်လေးတွေ စပြီး မိတ်ဆက်လာတဲ့အချိန်ဆိုလည်း မမှားပါဘူး။ ခြေထောက်တွေ ညောင်းမယ်၊ ရင်ပူမယ်၊ အစားတွေ ပိုစားကောင်းလာပြီး ကိုယ်အလေးချိန်တွေလည်း တက်လာမယ်။ ဒါ့ကြောင့် ဒီ ဒုတိယ ကိုယ်ဝန် ၃ လမှာ လမ်းလျှောက်ပေးတာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာ၊ စားကောင်းပေမယ့် အာဟာရရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တာတွေ ဦးစားပေးစားတာမျိုး လုပ်ပေးသင့်ပါတယ်။ ဒ့ါအပြင် ခါးကိုက်တာ၊ ခြေထောက်တွေ မှာ သွေးကြောတွေ ထုံးနေတာနဲ့ နှာပိတ်တာတွေကလည်း ကိုယ်ဝန် ဒုတိယ ၃လရဲ့ အသိသာဆုံး လက္ခဏာတွေပါ။

    ကိုယ်ဝန် ၃ ကျော်လာပြီဆိုတော့ ဗိုက်ကလေးကလည်း သိသာစပြုလာပြီပေါ့နော်။ ဗိုက်ထဲကရင်သွေးလေးနေရာရအောင် သားအိမ်ကလည်း လိုက်ပြီး ကြီးလာရပြီမလား။ ဒါ့ကြောင့် ဒီ ကိုယ်ဝန် ဒုတိယ ၃လမှာ ချောင်ချိတဲ့ အဝတ်အစားတွေ ၊ သက်သောင့်သက်သာရှိတဲ့ အဝတ်အစားတွေ စဝတ်ဖို့လိုလာပါပြီ။ ပြီးတော့ ဒီ 2nd trimester မှာပဲ ဗိုက်ထဲက ကလေး ပထမဆုံး လှုပ်တာကို မေမေတို့ စသိရမှာပါ။

    ကိုယ်ဝန်ဒုတိယ၃လ ( 2nd trimester ) အကြောင်း သိထားသင့်သမျှ

    ကိုယ်ဝန်ဒုတိယ၃လ မှာ ကလေးတွေရဲ့ ပြောင်းလဲလာမှု

    ကိုယ်ဝန်ဒုတိယ၃လမှာ ကလေးရဲ့ နှလုံး အဆုတ်၊ ကျောက်ကပ်နဲ့ ဦးနှောက် တို့ စပြီး အလုပ်လုပ်လာပါပြီ။

    ကိုယ်ဝန်ဒုတိယ၃လ မှာ ကိုယ်ဝန်ကို စစ်ဆေးခြင်း

    ကိုယ်ဝန် အပ်ထားတဲ့ သူတွေ အဖို့တော့ ဒုတိယ ကိုယ်ဝန် ၃ လဟာ စမ်းသပ် စစ်ဆေးတာတွေ စပြီး လုပ်လို့ရတဲ့ ကာလတစ်ခုပါ။ ဒုတိယ ၃လအတွင်း ဆရာဝန်ဆီ ကိုယ်ဝန် သွားအပ်တဲ့ အခါမှာလည်း သင့်ရဲ့ ကျန်းမာရေး၊ မျိုးရိုးရဲ့ ကျန်းမာရေး အခြေအနေတွေအကြောင်းကို ဆရာဝန်ကို ပြောပြပါ။

    အာထရာဆောင်းရိုက်လို့ရတဲ့ ကာလဟာ ကိုယ်ဝန် ၁၈ပတ်ကနေ စတာဖြစ်တာကြောင့် ဒီ ဒုတိယ ၃ လမှာ သင့်ဗိုက်ထဲက သားသားလေးလား မီးမီးလေးလားဆိုတာကို စပြီး ခွဲခြားသိလို့ရပါပြီ။ ဖွံ့ဖြိုးလာတဲ့ ကလေးရဲ့ အစိတ်အပိုင်းတွေ ပုံမှန် ဟုတ်မဟုတ်ကိုလည်း ဒီ အာထရာဆောင်းကနေ သိနိုင်သေးတဲ့အတွက် ကိုယ်ဝန် ဒုတိယ ၃လ ဟာလည်း ပေါ့သေးသေးတော့မဟုတ်တဲ့ ကာလတစ်ခုပါ။

    ကိုယ်ဝန်ဒုတိယ၃လ ( 2nd trimester ) အကြောင်း သိထားသင့်သမျှ

    ကိုယ်ဝန်ကြောင့်ဖြစ်သော ဆီးချို 

    ပထမကိုယ်ဝန် ၃ လမှာတော့ သားပျက်သားလျှောမယ့် ကိစ္စဟာ ကြောက်စရာ အကောင်းဆုံး ဆိုပေမယ့် ဒီ ဒုတိယ ကိုယ်ဝန် ၃လမှာတော့ ကိုယ်ဝန်ကြောင့် တက်လာတဲ့ ဆီးချိုဟာ ကြောက်စရာ တစ်ခုပါ။ ကိုယ်ဝန်ပတ် ၂၆ပတ် – ၂၈ ပတ် လောက်မှာ ဒီ ကိုယ်ဝန်ကြောင့်တက်လာတဲ့ ဆီးချိုကို စပြီး စမ်းသပ်သိရှိနိုင်ပါတယ်။

    ကိုယ်ဝ န်ကြောင့် တက်လာတဲ့ ဆီးချိုဆိုတာ အရင်တုန်းက တစ်ခါမှ ဆီးချိုလည်းဖြစ်ဖူးတာမျိုး မဟုတ်ဘဲနဲ့ ကိုယ်ဝန်ရတော့မှ ဆီးချိုတက်လာပြီး မီးဖွားပြီးတာနဲ့ ပြန်ပျောက်သွားတာကို ပြောတာပါ။ တစ်ချို့မှာတော့ မီးဖွားပြီး နောက်ပိုင်းလည်း ပြန်ပျောက်မသွားတတ်ဘဲ တစ်သက်လုံး ဆက်ရှိသွားတတ်ပါတယ်။ ဒီ ကိုယ်ဝန်ကြောင့် တက်လာတဲ့ ဆီးချိုကို မထိန်းဘူးဆိုရင်တော့ မွေးလာတဲ့ကလေး ပေါင်များတာ၊ ကလေးကြီးတာ၊ မီးဖွားရခက်တာ ၊ နေ့မစေ့ လမေစ့ မွေးတာနဲ့ ကိုယ်ဝန်ဆိပ်တက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီ ဆီးချိုကို ထိန်းဖို့ အရေးကြီးပါတယ်။

    Takeaways

    အချုပ်ပြောရမယ်ဆိုရင်တော့ ကိုယ်ဝန်ပထမ ၃လ လည်း အရေးကြီးသလို ကိုယ်ဝန် ဒုတိယ ၃လ ဟာလည်း အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီ ကိုယ်ဝန် ဒုတိယ ၃လမှာလည်း မပေါ့ဆဘဲ ကိုယ်ဝန် ကို သေချာ အပ်ထားဖို့ အရေးကြီးပါတယ်။ ဒါမှ ဖြစ်နေတဲ့ ပြဿာနတွေ အားလုံးကို ခြေရာခံမိပြီး အချိန်မီ ကုသနိုင်လိုက်ရင် ကလေးရော အမေရော နှစ်ဦးစလုံး ကျန်းမာတဲ့ ပျော်စရာကောင်းတဲ့ ကိုယ်ဝန်သည် ဘဝကို ပိုင်ဆိုင်နိုင်မှာနော်။

    နောက်ဆုံး အပိုင်း ကိုယ်ဝန် တတိယ ၃လ ( 3rd Trimester ) အကြောင်းကိုလည်း ဆက်ပြီး အားပေးကြပါဦးနော် ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement