backup og meta

Blighted Ovum - ကိုယ်ဝန်လနုစဉ် ပျက်ကျခြင်းကို ဖြစ်စေတဲ့အဓိကအကြောင်းအရင်း ။

Blighted Ovum -  ကိုယ်ဝန်လနုစဉ် ပျက်ကျခြင်းကို ဖြစ်စေတဲ့အဓိကအကြောင်းအရင်း ။

ကိုယ်ဝန်ရှိတာမှ မကြာသေးဘူး။ ချော်လည်း မလဲ၊ သေချာလည်း ဂရုစိုက်နေပါရက်နဲ့ ကိုယ်ဝန်ပျက်ကျသွားတယ်ဆိုရင် Blighted Ovum ကြောင့်လို့ ပြောလို့ရပါတယ်။ ရင်သွေးလိုချင်လို့ ကြိုးစားပါတယ်ဆိုမှ Blighted Ovum ကြောင့် ကိုယ်ဝန်ပျက်သွားရရင် ယူကျုံးမရဝမ်းနည်းတတ်ကြသူချည်းပါပဲ။ ဒီတော့ ကိုယ်ဝန်ပျက်ကျစေတဲ့ Blighted Ovum ဆိုတာ ဘယ်လိုကြီးလဲ။

Blighted Ovum ဆိုတာ ဘာလဲ။ ။

Blighted Ovum ဆိုတာ သုတ်ကောင်လေးနဲ့ မမျိုးဥ ထိတွေ့သွားပြီး သန္ဓေအောင်တဲ့ အဆင့် ရောက်သွားတဲ့ ဥလေးဟာ သားအိမ်ထဲကိုဆင်းလာပေမယ့် သန္ဓေသားလောင်းအဖြစ် ဆက်မဖွံ့ဖြိုးတဲ့ ဖြစ်စဉ်ကို ပြောတာဖြစ်ပါတယ်။ အလွယ်ပြောရရင် အဆင်းသာ ရှိပေမယ့် အချင်းမရှိတဲ့ သဘောပေါ့။ သန္ဓေအောင်တဲ့ ဥလေးသာ ရှိပေမယ့် သန္ဓေသားလောင်းအဖြစ် ဆက်မဖွံ့ဖြိုးနိုင်တာပေါ့ ။ ဒီလိုနဲ့ ကျန်ခဲ့တဲ့ သန္ဓေအောင် ဥလေးကို Blighted Ovum လို့ ခေါ်တာဖြစ်ပါတယ်။

  • ကိုယ်ဝန်လနုတဲ့အချိန် သားပျက်သားလျှော ဖြစ်တာ ၂ ယောက် ရှိတယ်ဆို ၁ ယောက်က Blighted Ovum ကြောင့် ဖြစ်တယ်လို့ ပြောလို့ရအောင် သူက လနုစဉ်ကိုယ်ဝန်ပျက်ကျခြင်းကို အများဆုံး ဖြစ်စေတဲ့ တရားခံ တစ်ယောက်ပါ။
  • သန္ဓေအောင်ပြီး သိပ်မကြာခင်မှာ ဒီလို Blighted Ovum အဖြစ် ပြောင်းလဲသွားတတ်လို့ တချို့ဆို ကိုယ့်မှာ ကိုယ်ဝန် ရှိသွားမှန်းတောင် မသိလိုက်ကြပါဘူး။
  • Blighted Ovum ကြောင့် ကိုယ်ဝန်ပျက်ကျတာဟာ ကိုယ်ဝန်သက် အပတ် ၂၀ အတွင်း အဖြစ်များပါတယ်။
  • သန္ဓေအောင်ပြီးခါစ မျိုးဥလေး သားအိမ်နံရံကို တွယ်ကပ်ချိန်ကနေ နောက် ၅ ပတ် ၆ ပတ်လောက်ဆို သန္ဓေသားလောင်းလေး စဖွံ့ဖြိုးပါတယ်။ ဒါပေမယ့် Blighted Ovum မှာဆို သန္ဓေအောင်သွားတာကြောင့် ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေ အကုန် ဖြစ်တယ်ဆိုပေမယ့် သန္ဓေသားလောင်းလေး အဖြစ်တော့ မဖွံ့ဖြိုးလာခဲ့ပါဘူး။ ဒါ့ကြောင့် Blighted Ovum ကို anembryonic pregnancy ( သန္ဓေသားလောင်း မရှိတဲ့ ကိုယ်ဝန်) လို့လည်း ခေါ်ကြပါတယ်။

ဘာတွေကြောင့် Blighted Ovum ဖြစ်ရတာလဲ။

  • သန္ဓေသားနဲ့ဆိုင်တဲ့ ပြဿနာ တစ်ခုခု ဖြစ်လာရင် အဓိက တာဝန်အရှိဆုံးက ခရိုမိုဇုန်းတွေပါ။ မျိုးရိုးဗီဇတွေကို သယ်ထားတဲ့ ခရိုမိုဇုန်းမှာ ချို့ယွင်းချက်တွေ ရှိတာကြောင့်ရယ်၊
  • သုတ်ပိုးနဲ့ မမျိုးဥတို့ အရည်အသွေး မမီတာကြောင့်ရယ်
  • သန္ဓေသားလောင်းအဖြစ် ဖွံ့ဖြိုးရမယ့် အဆင့်မှာ ဆဲလ်တွေ သေချာမကွဲနိုင်တာကြောင့်ရယ် စတာတွေကြောင့် ဖြစ်ရတာပါ။

ကိုယ်ခန္ဓာက Blighted Ovum ကို စပြီး သိပြီဆိုတာနဲ့ ဒါက ပုံမှန် မဟုတ်တဲ့ အရာတစ်ခုဆိုတာသိပြီး ကိုယ်ဝန်ဆက်ဖြစ်ခြင်း မရှိအောင် တားဆီးပေးပါတော့တယ်။ ဒီလိုနဲ့ ကိုယ်ဝန်ပျက်ကျတာတွေ ဖြစ်လာရတာပါပဲ။

ဒါ့ကြောင့် Blighted Ovum ကြောင့် ကိုယ်ဝန်ပျက်ကျတဲ့ ကိစ္စမှာ ကိုယ်ဝန်လွယ်ထားတဲ့ မိခင်မှာ အပြစ်မရှိသလို ကြိုတင်ကာကွယ်လို့ရတဲ့နည်းတွေလည်း မရှိသေးပါဘူး။

Blighted Ovum ကြောင့် ကိုယ်ဝန်တစ်ခါပျက်ဖူးရင် နောက်ကိုယ်ဝန်တွေမှာရော ဒီလို ဆက်ဖြစ်နိုင်သေးလား။

အမျိုးသမီးအများစုဟာ Blighted Ovum တစ်ခါပဲ ဖြစ်ဖူးတတ်ကြပြီး သူ့ကြောင့် ကိုယ်ဝန် တစ်ခါလောက်ပဲ ပျက်ကျဖူးကြပါတယ်။

ကိုယ့်မှာ Blighted Ovum ရှိနေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ

  • Blighted Ovum အဆင့်ရောက်ပြီဆို သန္ဓေအောင်ပြီးသား အဆင့်ကို ကျော်ဖြတ်ပြီးသားဖြစ်လို့ ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေ အားလုံး ရှိမှာ ဖြစ်ပါတယ်။ ( ရာသီ ထိန်သွားတာ၊ ဆီးစစ်ကြည့်ရင် ကိုယ်ဝန်ရှိနေတာ) စတာတွေပေါ့။
  • နောက်ပိုင်းကျရင်တော့ ကိုယ်ဝန်ပျက်ကျတဲ့ လက္ခဏာတွေဖြစ်တဲ့ ဗိုက်အောင့်တာ၊ ကိုယ်ဝန်ရှိကြောင်း သိပြီးမှ မိန်းမကိုယ်ကနေ သွေးဆင်းလာတာ၊ ဆင်းတဲ့သွေးတွေ အရမ်းများတာစတဲ့ အခြေအနေတွေကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေက ကိုယ်ဝန်ပျက်ကျတဲ့ လက္ခဏာတွေ ဖြစ်ပေမယ့် ကိုယ်ဝန်လနုချိန် သွေးဆင်းတိုင်း ကိုယ်ဝန်ပျက်ကျတာ မဟုတ်တာကြောင့် ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့တော့ လိုပါတယ်။

Blighted Ovum ရှိကြောင်း ဘယ်လိုအတည်ပြုကြသလဲ။

  • hCG ဟော်မုန်းကတော့ ကိုယ်ဝန်ရှိနေတာကြောင့် တက်နေမှာဖြစ်လို့ ဆီးစစ်သွေးစစ်တာနဲ့ သူတို့တွေများနေပါလိမ့်မယ်။
  • အာထရာဆောင်းရိုက်ပြီးတော့ သန္ဓေသားလောင်းဖွံဖြိုးရမယ့် အိတ်လေးထဲ ဘာမှ မရှိတာကိုစစ်ကြည့်လို့ရပါတယ်။

Blighted Ovum ရှိနေရင် ဘာဆက်လုပ်ရမှာလဲ။

  • ဆရာဝန်နဲ့သေချာတိုင်ပင်ပါ။
  • သားအိမ်ခြစ်ဖို့ လိုရင်လိုပါလိမ့်မယ်။ သားအိမ်ခြစ်တော့မှ ကိုယ်ဝန်ပျက်ကျထားခဲ့ရင် ကျန်ခဲ့တဲ့ အပိုင်းအစတွေကို အကုန်စင်အောင် ထုတ်နိုင်မှာ ဖြစ်တာကြောင့်ပါ။
  • သောက်ဆေးအနေနဲ့ကတော့ misoprostol ဆေးသောက်လို့ရပါတယ်။ သောက်ဆေးနဲ့ဆို အချိန်အကြာကြီးစောင့်ရမှာဖြစ်သလို သွေးအများကြီးဆင်းတာ ဗိုက်အောင့်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။
  • တချို့ကျတော့ ဘာဆေး၊ ဘာနည်းမှ မသုံးဘဲ ကိုယ်ခန္ဓာက သူ့ဘာသာသူ ထုတ်တဲ့အချိန် ကိုယ်ဝန်ပျက်ကျတဲ့ အချိန်ကိုပဲ စောင့်နေတတ်ကြပါတယ်။

ဘယ်နည်းကို ကိုယ်ရွေးချယ်ချင်လဲဆိုတာက ကိုယ့်ဆန္ဒရယ်၊ ကျန်းမာရေးအခြေအနေရယ်ပေါ်မူတည်နေပေမယ့် မဆုံးဖြတ်ခင်အရင်ဆုံး ဆရာဝန်နဲ့တိုင်ပင်ဖို့လိုအပ်ပါတယ်။ Blighted Ovum ကြောင့် ကိုယ်ဝန်ပျက်ကျပြီးရင်နောက်တစ်ခါကိုယ်ဝန်ပြန်ယူဖို့ အနည်းဆုံး ရာသီ၃ ခါပေါ်အောင်စောင့်တာ ( ဒါမှမဟုတ်) ၆ လလောက်စောင့်ပြီးမှ ကိုယ်ဝန်ပြန်ယူသင့်ပါတယ် ။ ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/baby/blighted-ovum#2

Accessed Date 9.8.2019

https://www.parents.com/pregnancy/complications/miscarriage/blighted-ovum-what-you-need-to-know/

Accessed Date 9.8.2019

ယခုပုံစံ

02/02/2023

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တစ်ခါ ကိုယ်ဝန်ဆိပ်တက်ဖူးရင် နောက်ကိုယ်ဝန်ထပ်ယူသင့်လား ။ မယူသင့်တော့ဘူးလား။

သားအိမ်ခြစ်တာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ ။ ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 02/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement