25 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ
သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်
25 ပတ် မြောက်မှာတော့ ခရမ်းသီးအရွယ် ၆၈၀ ဂရမ် ၃၄.၅၄ စင်တီမီတာလောက်ရှိပါပြီ။ ကလေးလေးက ခဏပဲနိုးပြီး အမြဲတမ်းအိပ်နေတာ သတိထားမိမှာပါ။ ဒီအတိုင်းလေး ငြိမ်နေမယ်ဆို ကလေးလေး ဘာလုပ်နေလဲဆိုတာ ပိုသိပါတယ်။ အကြားအင်္ဂါက ဆက်ပြီးဖွံ့ဖြိုးနေမှာဖြစ်ပြီး မေမေတို့ ပြောတာကို ကြားနေပါပြီ။
ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ
ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်
အစာမကြေတာတွေကြောင့် ကိုယ်ဝန်ရှိချိန်မှာ မသက်မသာဖြစ်တတ်ပါတယ်။ ပရိုဂျက်စတုန်းဟော်မုန်းက အစာရေမျိုပြွန်နဲ့ အစာအိမ်နဲ့ကြားက အဆို့ရှင်ကို လျော့ရဲစေတာကြောင့် အဆို့ရှင်မလုံတော့ပါဘူး။ ဒီတော့ အစာအိမ်အက်စစ်တွေက အစာရေမျိုအထိ ပြန်တက်သွားပါတယ်။ ရလဒ်အနေနဲ့ ရင်ပူတာ၊ မအီမသာဖြစ်တာတွေ ခံစားရပါတယ်။
ဆက်ပြီးကြီးလာနေဆဲဖြစ်တဲ့ သားအိမ်ကလည်း အစာအိမ်ကို ပိုပြီးသွားဖိသလို ဖြစ်တတ်ပါတယ်။ ဒီတော့ အစာကို နည်းနည်းစီနဲ့ မကြာမကြာစားပေးတာ၊ အဆီတွေ၊ အစပ်တွေ ရှောင်ဖို့ အကြံပြုပါရစေ။
25 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ
ကိုယ်ဝန်ဆောင်ကာလက အတက်အကျ အရမ်းများတယ် ဟုတ်။ ခံစားချက်တွေတင်မကပါဘူး။ ခန္ဓာကိုယ်နဲ့ အားအင်တွေရောပါပဲ။ ပထမ ၃ လပတ်မှာ ပင်ပန်းတာ၊ မောတာတွေ ဖြစ်ပြီးတဲ့နောက် ဒုတိယ ၃ လပတ်ကျတော့ အားတွေလည်းရှိလာသလို ပိုပြီးနေသာထိုင်သာရှိလာပါတယ်။
ဒီအချိန်က လေ့ကျင့်ခန်းတွေလုပ်ပြီး လှုပ်လှုပ်ရှားရှားနေဖို့ အချိန်ကောင်းပါပဲ။ နောက်ဆုံး ၃ လပတ်ကျရင် ကိုယ်ဝန်ဆောင်တော်တော်များက ကိုယ်လက်တွေလေးလို့ လှဲပြီး နားနားနေနေပဲနေချင်ကြတယ်။
နုံးချိတယ်ဆိုတာ ခန္ဓာကိုယ်က ပင်ပန်းနေပြီလို့ လက္ခဏာပြတာပါ။ လေ့ကျင့်ခန်းလုပ်တာတော့ လုပ်တာပေါ့နော်။ ကိုယ်နဲ့ သင့်တော်လား ကျန်းမာရေးနဲ့ရောညီညွတ်ရဲ့လားဆိုတာတော့ အမြဲသတိထားသင့်ပါတယ်။ ဗိုက်ထဲအစာမရှိဘဲ လေ့ကျင့်ခန်းလုပ်ရင် အားကုန်မြန်ပါတယ်။ ဒီတော့ မလုပ်ခင် အားအရင် ဖြည့်ထားကြပါ။ အချိုဓာတ်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေနဲ့(ချီစ်၊ မုန့်ကြွပ်၊ သစ်သီး၊ ဒိန်ချဉ်) ဖြည့်ထားပါ။
ကိုယ်ဝန်ကာလ နောက်ဆုံးသုံးလပတ်က ပင်ပန်းတော့ လှုပ်ရှားမှုတွေ သိပ်မလုပ်ဖြစ်ဘဲ အင်အားတွေကို စုဆောင်းထားသလို ဖြစ်တာပေါ့။ ကလေးလေးမွေးဖို့၊ မွေးပြီးထိန်းဖို့အတွက် မေမေတွေ အားအများကြီးမွေးထားဖို့ လိုတယ်နော်။
ဆရာဝန်ဆီ သွားပြရအောင်
ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ
၂၈ပတ် နောက်ပိုင်းကစပြီး ကလေးလေးရဲ့ လှုပ်ရှားမှုတွေကို စစ်ဆေးကြည့်ရအောင်နော်။ ဘယ်လိုမျိုးစစ်ဆေးရမလဲဆိုတာ ဆရာဝန်ကို မေးကြည့်နိုင်သလို အောက်က နည်းလမ်းလေးတွေအတိုင်း လိုက်လုပ်လို့လည်းရပါတယ်။
အချိန်မှတ်ပြီး ကလေးလေးရဲ့ လှုပ်ရှားမှုတွေကို လိုက်မှတ်ထားပါ။ ကန်တာ၊ လှိမ့်တာ၊ နိမ့်ချည်မြင့်ချည်ဖြစ်တာ၊ ပွတ်တိုက်သံတွေလိုမျိုးပေါ့။ ၂၄နာရီအတွင်းမှာ အနည်းဆုံး ၁၀ခါရှိရပါမယ်။ ကလေးက သိပ်မလှုပ်ဘူးလို့ထင်ရင် အသီးဖျော်ရည်လေးသောက် ဒါမှမဟုတ် အစားနည်းနည်းစား၊ လမ်းနည်းနည်းလောက်လျှောက်၊ ဗိုက်ကို နည်းနည်းလေးလှုပ်ပေးပြီး သက်သောင့်သက်တာလှဲချလိုက် ပြီးရင် ဆက်ရေတွက်လို့ရပါပြီ။
၂၄နာရီအတွင်းမှာ ၁၀ကြိမ်မပြည့်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ အမြန်လေး ပြဖို့ လိုပါတယ်။
ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲဆက်လေ့လာရအောင်
အခုချိန်ကစပြီး ဆရာဝန်ဆီသွားပြရတာ အကျင့်တစ်ခု ဖြစ်နေလောက်ပါပြီ။ လိုအပ်တာပေါ် မူတည်ပြီး အောက်ပါစစ်ဆေးမှုတွေကို လုပ်ပါလိမ့်မယ်။
- ကိုယ်အလေးချိန်နဲ့ သွေးပေါင် တိုင်းခြင်း
- ဂလူးကိုးစ်နဲ့ ပရိုတင်းအတွက် ဆီးစစ်ခြင်း
- သန္ဓေသားနှလုံးခုန်နှုန်းစစ်ခြင်း
- မွေးမယ့်အချိန်တွက်ဖို့ သားအိမ်အခြေအနေကို အပြင်ဘက်ကနေ စစ်ဆေးခြင်း
- သားအိမ်ထိပ် အမြင့်တိုင်းခြင်း
- ခြေလက်ရောင်မရောင်၊ သွေးပြန်ကြောတွေ ဖောင်းနေလားစစ်ခြင်း
- ဆီးချိုရောဂါအတွက် ဂလူးကိုးစ်စစ်ခြင်း
- သွေးအားနည်းနေလားသိအောင် သွေးစစ်ခြင်း
- လိုအပ်တဲ့ ကာကွယ်ဆေးများထိုးခြင်း
ကျန်းမာဘေးကင်းအောင်နေကြမယ်
ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ
လေ့ကျင့်ခန်း လုပ်တဲ့အခါ ဆရာဝန်ခွင့်ပြုချက်နဲ့ သင့်တော်တဲ့ အလေးတွေ မလို့ရပါတယ်။ ဒီနည်းက ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာ ကိုယ်ခန္ဓာကို ကျစ်လစ်စေပြီး မွေးပြီးရင်လည်း ခန္ဓာကိုယ် အတွက် ကောင်းကျိုးတွေ အများကြီးပေးပါတယ်။ အလေးမတဲ့အခါ အလေးချိန်များတာ၊ နည်းတာထက် အန္တရာယ်ကင်းပြီး နာကျင်မှု မရှိဖို့က ပိုအရေးကြီးပါတယ်။
Spa သွားပြီး သက်သောင့်သက်သာ အနားယူလို့ ရပေမယ့် အပူချိန်ပြင်းပြင်းနဲ့ ချွေးထုတ်တာ၊ ရေပူနဲ့ ချိုးတာတွေကိုတော့ ရှောင်သင့်ပါတယ်။
၂၆ ပတ်မြောက်ရောက်ရင် ဆက်တွေ့မယ်နော်။
ရေးသားသူ- Hmwe San Eain
[embed-health-tool-pregnancy-weight-gain]