brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အနာမခံရဘဲ မီးဖွားနိုင်တဲ့ Epidural Analgesia (EA) နည်းကို ရွေးတော့မယ်ဆိုရင် ။ ။

ဗိုက်မနာစေဘဲ မီးဖွားလို့ရစေမယ့် ခေတ်သစ်နည်းပညာ Epidural Analgesia (EA) နဲ့ ပက်သက်ပြီး သိထားသင့်တဲ့အချက်တွေ ။ ။

ဗိုက်ခွဲပြီး ကလေး မမွေးချင်ဘူး။ ရိုးရိုးပဲ မီးဖွားချင်တယ်၊ နာမှာလည်း ကြောက်တဲ့ မေမေတို့အတွက် ခုနောက်ပိုင်း ခေတ်စားလာတဲ့ အနာမခံရဘဲ ရိုးရိုးမီးဖွားတဲ့ နည်းက အားကိုးစရာဖြစ်လို့လာပါတယ်။ ဒီတော့ ဗိုက်မနာဘဲ မီးဖွားလို့ရတယ်ဆိုတာ ဘယ်လိုနည်းမျိုးလဲ။ သူက တကယ်ပဲ စိတ်ချရလို့လား ရွေးချယ်သင့်ရဲ့လားဆိုတာတွေနဲ့ ပက်သက်ပြီး ခုပြောပြမယ့်အချက်တွေကို သိဖို့လိုလိမ့်မယ်နော် ။ ။

အနာမခံရဘဲ မီးဖွားနိုင်တဲ့ Epidural Analgesia (EA)  နည်းကို ရွေးတော့မယ်ဆိုရင် ။ ။

အနာမခံရဘဲ မီးဖွားလို့ရတဲ့နည်းဆိုတာ ဘာလဲ ။ ။

ခုနောက်ပိုင်း အနာမခံရဘဲ မီးဖွားလို့ရတဲ့နည်းတွေထဲက အသုံးအများဆုံးကတော့ epidural injection လို့ခေါ်တဲ့ ခါးဆစ်ရိုးထဲ ထုံဆေးထိုးသွင်းပြီး နာကျင်တဲ့အာရုံကြောကို သွားပိတ်တဲ့နည်းဖြစ်ပါတယ်။ ဒီလိုနဲ့ အောက်ပိုင်းထုံလာပြီး ဗိုက်နာတဲ့ နာကျင်ခြင်းကို လျှော့ချပေးမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်း လုံးဝမနာဘူးလို့တော့ အာမ မခံပါဘူး။ နဂိုနာတာထက်စာရင် ခုလိုအနာသက်သာတာ နည်းလားနော်။

epidural injection ကို ဘယ်အချိန်မှာ ထိုးရမှာလဲ ။

ဗိုက်စစချင်း နာပြီဆိုတာနဲ့ ပေးတာမဟုတ်ဘဲ ၁၀ မိနစ်အတွင်း သားအိမ်ညှစ်တာ ၃ ကြိမ်လောက်ရှိနေတဲ့ အချိန်မျိုးမှာမှ epidural injection ပေးလေ့ရှိပါတယ်။ ရှေ့ပိုင်း ဗိုက်လေးနာတယ်ဆိုတာ နောက်ပိုင်းနာတဲ့အနာထက်စာရင် အများကြီး လျော့တာမို့ လေ့ကျင့်ခန်းလေးလုပ်၊ ရေနွေးလေးနဲ့ ရေချိုး၊ နှိပ်နယ်ပေးတာနဲ့ သက်သာအောင်နေလို့ရတာကြောင့်ပါ။

Epidural က စိတ်ချရရဲ့လား။

အနာသိပ်မခံရဘဲ မီးဖွားတဲ့နည်းတွေထဲမှာ ဒီ epidural နည်းက အခြားနည်းတွေထက်စာရင် မိခင်နဲ့ ကလေးအတွက် စိတ်အချရဆုံးပါ။

  • နာကျင်တဲ့ ဝေဒနာကိုလည်း သက်သာစေတယ်
  • မီးဖွားပြီး နုန်းခွေခြင်းကိုလည်း လျှော့ချပေးမယ်
  • သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးတယ်။

ဒါပေမယ့်လည်း သူက ဆေးတွေထဲကတစ်ခုဖြစ်ပြီး သဘာဝတရားကြီးကို ဆန့်ကျင့်ထားတာကြောင့် အားနည်းချက်တွေလည်း ရှိပါတယ်။

  • ခါးဆစ်ရိုးထဲဆေးထိုးတာဆိုတော့ ခါးနာတာ
  • ဆေးထိုးထားတဲ့ အရှိန်နဲ့ ခေါင်းကိုက်တာ
  • မီးဖွားပြီး တော်တော်ကြာတဲ့အထိ ထုံဆေးအရှိန်မပြယ်သေးတာမျိုးတွေ ရှိတတ်ပါတယ်။

Epidural ထိုးရတော့မယ်တဲ့ သူတွေ အနေနဲ့ ဘာတွေ သိထားဖို့ လိုအပ်သေးလဲ။

  • သူက နာကျင်ခြင်းကိုပဲ လျှော့ချပေးတာဖြစ်တာကြော့င် မညှစ်ဘဲ ကလေးထွက်လာအောင်တော့ မစွမ်းဆောင်နိုင်တဲ့ မီးဖွားချိန်မှာ မေမေတို့ ညှစ်တဲ့ဘက်ကို လုံးဝ အပြည့်အာရုံစိုက်ဖို့လိုပါတယ်။
  • မီးဖွားပြီးချိန်မှာလည်း ထုံဆေးအရှိန်ရှိနေသေးတာကြောင့် ချက်ချင်း ကုတင်ပေါ်က ဆင်းဖို့မလုပ်ပါနဲ့။ တွဲဖို့ အဖော်တစ်ယောက်ခေါ်လာပါ။
  • ဆီးသွားဖို့လည်း ခက်နေတတ်တာကြောင့် ဆီးပိုက်တပ်သင့်ရင်လည်း တပ်ရပါမယ်။

မီးဖွားတော့မယ်ဆိုတိုင်း painless delivery က လုံးဝကို ရွေးချယ်သင့်တဲ့ အရာတစ်ခုလား ။ ။

သဘာဝ တရားကြီးကို ဆန့်ကျင်တဲ့ဘယ်အရာမှ အကောင်းချည်းပဲ ဆိုတာမရှိပါဘူး။ ဒီတော့

သက်လုံကောင်းအောင်လုပ်မယ်၊ မီးဖွားချိန်ဘယ်လို အားစိုက်မရလဲ၊ ဘယ်လိုအသက်ရှူရမလဲဆိုတဲ့ လေ့ကျင့်ခန်းတွေကို You Tube ကနေ လေ့လာမယ်၊ ငါအနာခံနိုင်တယ်ဆိုတဲ့ စိတ်ကိုလုံးဝ ပိုင်းဖြတ်ထားမယ်၊ ဘေးက မိသားစုဝင်တွေကလည်း ကောင်းကောင်း ထောက်ပံ့ပေးမယ်ဆိုရင် Epidural ထိုးစရာမလိုဘဲ ကျိန်းသေ ဒီတောင်ကို ကျော်လွှားနိုင်မှာပါ။

ဒါပေမယ့် တချို့ နာမှာကို အရမ်းကြောက်တာ၊ တစ်နေ့လုံးနီးပါးလောက် ဗိုက်နာမှာ ကြောက်တဲ့သူတွေ အဖို့တော့ epidural နည်းကို အားကိုးလို့ရပါတယ်။ ဒီတော့ ကိုယ်က ဘယ်နည်းနဲ့ မီးဖွားချင်လဲဆိုတာ ကိုယ်ဝန်စရှိတည်းက သေချာ စိတ်ပိုင်းဖြတ်ပြီး ရွေးချယ်ထားဖို့တော့ လိုလိမ့်မယ်နော် ။ ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/09/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။