ရှေ့က ဆောင်းပါးတွေမှာ 1st Trimester နဲ့ 2nd trimester အကြောင်းရေးပြီးပြီဆိုတော့ ခုတစ်ခေါက် နောက်ဆုံး အလှည့်ကျလာသူတွေကတော့ 3rd Trimester ( ကိုယ်ဝန်တတိယ၃လ) နဲ့ မီးဖွားမယ့်ရက် Due Dateတို့ အကြောင်းပဲ ဖြစ်ပါတယ်။

ရှေ့က ဆောင်းပါးတွေမှာ 1st Trimester နဲ့ 2nd trimester အကြောင်းရေးပြီးပြီဆိုတော့ ခုတစ်ခေါက် နောက်ဆုံး အလှည့်ကျလာသူတွေကတော့ 3rd Trimester ( ကိုယ်ဝန်တတိယ၃လ) နဲ့ မီးဖွားမယ့်ရက် Due Dateတို့ အကြောင်းပဲ ဖြစ်ပါတယ်။

3rd Trimester ဟာ ၂၆ ပတ်နောက်ပိုင်းကနေပြီး ကလေး မွေးဖွားတဲ့ အချိန်အထိကိုဆိုလိုတဲ့ ကာလတစ်ခုပါ။ ဒီကာလအတွင်းမှာလည်း ပြောင်းလဲမှုတွေ အများကြီးရှိနေပါတယ်။ မီးဖွားဖို့အတွက် မေမေတို့ ကိုယ်ခန္ဓာက ပြင်ဆင်နေသလို လူ့လောကထဲကို ထွက်လာဖို့အတွက် ကလေးဘက်ကလည်း အများကြီးပြင်ဆင်နေတဲ့အချိန်ပါ။
ဒီ ကိုယ်ဝန်တတိယ၃လ ကို ရောက်ပြီဆိုတာနဲ့ သားဖွားမီးယပ်ဆရာဝန်ဆီ ခပ်စိပ်စိပ်သွားပြဖို့ လိုနေပါပြီ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်တတိယ၃လ မှာ သင့် ဆီးတွင်းမှာပါတဲ့ ပရိုတင်းပမာဏ၊ သွေးပေါင်ချိန်၊ ကလေးနှလုံးခုန်နှုန်း၊ သားအိမ်အကျယ်နဲ့ ခြေတွေလက်တွေမှာ ဖောင်ရောင်တဲ့ အဆင့်ဘယ်လောက်ရှိလဲဆိုတာကို တိုင်းတာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗိုက်ထဲက ကလေး ခေါင်းနဲ့ ဖွားမှာလား၊ ဆုံပိုင်းနဲ့ ဖွားမှာလား၊ ခြေထောက်နဲ့လား၊ လက်နဲ့လားအပြင် သားအိမ်ခေါင်း အခြေအနေ ဘယ်လိုရှိလဲဆိုတာကိုလည်း ဆရာဝန်က စမ်းသပ်ပေးဦးမှာပါ။ ကိုယ်ဝန်ပတ် ၃၅ပတ်ကနေ ၃၇ ပတ်လောက်မှာ လိုအပ်ရင် မိန်းမကိုယ်ကနေ အကျိအချွဲလေးတွေကို ယူပြီး မွေးလာမယ့် ကလေးကို ဒုက္ခပေးနိုင်မယ့် Group B streptococcus ဘက်တီးရီးယား ပိုးဝင်နေလားဆိုတာကို စစ်ဆေးရဦးမှာပါ။ တကယ်လို့ ပိုးဝင်နေခဲ့ရင် မီးမဖွားခင် ကြိုပြီး ဆေးကုသမှုခံယူထားမှ ကလေးဆီမှာ ဖြစ်နိုင်တဲ့ ပြဿနာတွေ နည်းသွားမှာပါ။
ကိုယ်ဝန်တတိယ၃လ ကို ရောက်လာပြီဆိုရင်တော့ ခရီးဝေးမသွားဖို့ အကြံပေးချင်ပါတယ်။ မီးဖွားခါနီးကျ အဆင့်သင့်ဖြစ်နေအောင် ကြိုပြင်ထားသင့်ပါတယ်။ ဆေးရုံတက်ဖို့ လိုအပ်တဲ့ ပစ္စည်းလေးတွေ စုဆောင်းထားရမယ့် အချိန်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ကလည်း ရင့်လာပြီ ဖြစ်တာကြောင့် ရိုးရိုးမွေးမလား၊ ခွဲမွေးမလားဆိုတာကို ဆုံးဖြတ်ရမယ့် အချိန်လည်းဖြစ်ပါတယ်။ ကြိုပြီး စဉ်းစားထားမှသာ မွေးမယ့်ရက် ကပ်လာမှ အကုန်လုံး ပြင်ဆင်ပြီးသား ဖြစ်မှာပါ။
ဆရာဝန်ဆီ ကိုယ်ဝန်သွားအပ်တဲ့အခါကျ Due Date က ဘယ်ရက်လဲဆိုတာကို အမြဲ တွက်ပေးလေ့ရှိပါတယ်။ ပုံမှန် ကိုယ်ဝန် တစ်ခုဟာ ၃၇ ပတ်ကနေ ၄၂ ပတ်လောက်အထိကြာတယ်ဆိုတော့ ရာသီလာတဲ့ ပထမရက်ကနေ ရေရင် နောက် ၃၇ ပတ် ( ဒါမှမဟုတ်) ၄၂ ပတ်မြောက်နေ့ကို ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်တယ်လို့ သတ်မှတ်ပြီး အဲဒီနေ့က မီးဖွားမယ့်ရက်ပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ရာသီစက်ဝန်းက မတူညီတဲ့အတွက်ကြောင့် ခုလို ၃၇ ပတ်ကနေ ၄၂ပတ်ထိ ကြားချထားတာဖြစ်ပါတယ်။

မီးဖွားမယ့်ရက်ကို ပိုပြီး တိတိကျကျ ပြောနိုင်တာက ပထမ ကိုယ်ဝန် ၃လမှာရိုက်တဲ့ အာထရာဆောင်း အဖြေကထုတ်ပေးတဲ့ Due Date ပဲ ဖြစ်ပါတယ်။ ဒါတောင် တကယ်မွေးတဲ့အခါ ရက်အနည်းငယ် ကွာခြားတာ ဖြစ်နိုင်ပါသေးတယ်။
ရေးသားသူ- Dr Thin Yadanar@ Frances