ကိုယ်ဝန်ဆောင်ချိန် ငလျင်ဒဏ်ခံရရင် ကလေးက ဉာဏ်မမီတာလေး မွေးတတ်တယ်။ ကိုယ်ဝန်ရှိတုန်း ငလျင်လှုပ်တာနဲ့ ကြုံရင် လက်ထဲမှာ ကျောက်ခဲဆုပ်ထား စတဲ့ ရှေးလူကြီးတွေ ပြောတာကို ကြားဖူးမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ငလျင်ချက်မိရင် မိခင်နဲ့ ကလေးမှာ ဘာပြဿနာတွေ ဖြစ်လာနိုင်သလဲ။ ဗိုက်ထဲက ကလေးကို တကယ်ပဲ ထိခိုက်နိုင်မှာလား။
ကိုယ်ဝန်ဆောင်ချိန် ငလျင်ဒဏ်ခံရခြင်းနဲ့ ခေတ်သစ်ဆေးပညာ
ခေတ်သစ်သိပ္ပံပညာမှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ငလျင်ဒဏ်ခံရရင် လမစေ့ဘဲ မွေးသွားနိုင်သလားဆိုတာကို လေ့လာနေကြပါတယ်။ နောက်ပြီး ကလေးက ငလျင်ချက်ထိတားတဲ့အတွက် တကယ်ပဲ လူကြီးတွေပြောသလို ဉာဏ်နည်းသွားမလားဆိုတာကို လေ့လာနေကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး စာတမ်းတွေလည်း ရှိပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ငလျင်ဒဏ်ခံရရင် လမစေ့ဘဲ မွေးနိုင်သလား။
ကိုယ်ဝန်ဆောင်ချိန် ငလျင်ဒဏ်ခံရရင် ကလေးမွေးသွားတာ ဒါမှမဟုတ် လမစေ့ဘဲ မွေးသွားတာတွေနဲ့ ပတ်သက်ပြီးလည်း စာတမ်းတွေ ရှိပါတယ်။ ဒါက အတိအကျပြောလို့တော့ မရသေးပါဘူး။ ဆက်ပြီး လေ့လာစရာတွေ ရှိပါသေးတယ်။
ငလျင်လှုပ်လို့ ဒါဖြစ်တယ်ဆိုတာထက် ဆက်စပ်နေတယ်လို့ ပြောလို့တော့ ရပါတယ်။ ငလျင်လှုပ်တဲ့အခါ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေရော ဖြစ်လာပါတယ်။ ဒါက တချို့ကိုယ်ဝန်ဆောင်တွေမှာ လစေ့ဘဲ မွေးတာကို ဖြစ်စေနိုင်ပါတယ်။ ငလျင်ဒဏ်ခံရတဲ့ မိခင်တိုင်းတော့ မဟုတ်ပါဘူး။ ဆိုလိုတာက ငလျင်ကြောင့်ဆိုတာထက် မိခင်ရဲ့ စိတ်ဖိစီးမှုကြောင့် ဖြစ်တာဖြစ်ပါတယ်။
ငလျင်ဒဏ်ကြောင့် မိခင်စိတ်ဖိစီးမှု ခံစားရတဲ့အခါ ကိုယ်ထဲမှာ အဒရီနယ်လင်ထွက်လာပါတယ်။ ဒါက ကလေးဆီကို သွားတဲ့ သွေးကြောတွေကို ကျုံ့စေတဲ့အတွက် အောာက်စီဂျင်နဲ့ အာဟာရတွေ ရတာ နည်းသွားပါတယ်။ ဒါက စောမွေးတာကို ဖြစ်စေပါတယ်။
ကလေးစောမွေးတာနဲ့ ငလျင်ဒဏ်ကြားက ဆက်စပ်မှုက ရှုပ်ထွေးပါတယ်။ ငလျင်ဒဏ်ရဲ့ ရစ်ချက်တာစကေး၊ ကိုယ်ဝန်လအနုအရင့်၊ မိခင်ရဲ့ စိတ်ဖိစီးမှု အခြေအနေစတာတွေကိုပါ ထည့်သွင်းစဉ်းစားရပါတယ်။
ငလျင်ဒဏ်နဲ့ ကလေးဉာဏ်ရည်
အမေဗိုက်ထဲမှာတုန်းက ငလျင်ဒဏ်ခံရတဲ့ ကလေးတွေက မွေးလာတဲ့အခါ ဉာဏ်မမီတာမျိုး ဖြစ်နိုင်လားဆိုပြီး လေ့လာထားကြပါသေးတယ်။
ဒီလေ့လာချက်ရဲ့ အဆုံးသတ်မှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ရစ်ချက်တာစကေးမြင့်တဲ့ ငလျင်ဒဏ်ကို ခံရတဲ့အခါ မွေးလာတဲ့ကလေးက စာဖတ်ရခက်တာမျိုး ကြုံရနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါက ငလျင်ဒဏ်ခံရတိုင်း ဖြစ်ရမျိုးတော့ မဟုတ်ပါဘူး။ အချိန်ဘယ်လောက်ကြာကြာ ခံရသလဲ၊ ကလေးက သားလေးလား၊ သမီးလေးလား စတဲ့ အချက်တွေအပေါ်လည်း မူတည်ပါသေးတယ်။ နောက်ပြီး ဒီအချက်ကို ကလေးငယ်တုန်းမှာ တွေ့ရတဲ့အတွက် ဒါက နောက်ပိုင်းကျရင်ရော ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကို ဆက်ပြီးလေ့လာဖို့ လိုပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ငလျင်ဒဏ်ခံရရင် ဘာဆက်လုပ်ကြမလဲ။
ငလျင်ဒဏ်နဲ့ ကြုံရပြီးတဲ့အခါ ကိုယ်ဝန်ကို ပိုပြီး ဂရုစိုက်ပါ။ အထူးသဖြင့် ကလေးမွေးနိုင်တဲ့ လက္ခဏာတွေကို စောင့်ကြည့်ပါ။ တစ်ခုခု စိုးရိမ်နေတာရှိရင် ဆရာဝန်နဲ့ ပြန်လည်ပြသပါ။
ကောင်းတာကတော့ ငလျင်ဒဏ်နဲ့ ကြုံပြီးသွားရင် ဘာမှမခံစားရရင်တောင် ဆရာဝန်နဲ့ ပြသပြီး ဗိုက်ထဲက ကလေးအခြေအနေကို စစ်ဆေးသင့်ပါတယ်။ ကလေးဘာမှမဖြစ်ဘူးဆိုရင်တော့ အမေလည်း စိတ်အေးရတာပေါ့။
ကိုယ်ဝန်ဆောင်များနဲ့ ငလျင်ဒဏ်
ငလျင်လှုပ်ပြီးသွားတဲ့အခါ စိတ်ချရအောင် ဆရာဝန်နဲ့ ပြသပြီး ကလေးရဲ့ ကျန်းမာရေးကို စစ်ဆေးကြည့်နိုင်ပါတယ်။
[embed-health-tool-due-date]