backup og meta

ကာလကြာရှည် စိတ်ဖိစီးခြင်းဟာ သင့်ကိုယ်ခန္ဓာအပေါ် ဘယ်လိုသက်ရောက်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Hello Sayarwon Panel မှ ရေးသားသည်။ · 15/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကာလကြာရှည် စိတ်ဖိစီးခြင်းဟာ သင့်ကိုယ်ခန္ဓာအပေါ် ဘယ်လိုသက်ရောက်သလဲ

    သင့်အနေနဲ့ အစည်းအဝေးတက်ဖို့ နောက်ကျနေခြင်း၊ အလုပ်တွေအချိန်မီ မပြီးနိုင်ခြင်း စတာမျိုးတွေ ကြုံလာရရင် သင့်ဦးနှောက်အောက်ခြေမှာရှိတဲ့ ဟိုက်ပိုသဲလမတ်ဆိုတဲ့ အစိတ်အပိုင်းဟာ ဟော်မုန်းတချို့ကို ထုတ်လုပ်ပေးလိုက်ပါတယ်။ အဆိုပါ ဟော်မုန်းများဟာ အန္တရာယ်တခုခုကို ကြုံကြိုက်ချိန်မှာ ရင်ဆိုင်မလား၊ ထွက်ပြေးမလားဆိုတဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးပါတယ်။ တစ်နည်းပြောရရင် သင့်ကို စိတ်ဖိစီးမှုဖြစ်စေခြင်းပါပဲ။ အဲဒီအချိန်မှာ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ကြွက်သားများကိုလည်း တစ်စုံတရာ တုံ့ပြန်နိုင်အောင် အသင့်အနေအထားပြင်ဆင်ထားပါတယ်။ တစ်နည်းအားဖြင့် စိတ်ဖိစီးမှုဆိုတာဟာ သင်မလိုလားတဲ့ အခြေအနေတစ်ခုခုကို တုံ့ပြန်နိုင်အောင် တွန်းအားပေးခြင်းပါပဲ။ စိတ်ဖိစီးခြင်းက ရံဖန်ရံခါဆို ပြဿနာမဟုတ်ပေမယ့် ကာလကြာရှည် စိတ်ဖိစီးခြင်းဟာ သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    စိတ်ဖိစီးခြင်းရဲ့ ဆိုးကျိုး

    ရေတိုကာလမှာ စိတ်ဖိစီးမှုဟာ သင့်အတွက် အကျိုးဖြစ်စေပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုကို ကာလရှည်ကြာ ကြုံတွေ့လာရမယ်ဆိုရင်တော့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။စိတ်ဖိစီးမှုကြောင့်

    • စိတ်မရှည်ခြင်း၊ သည်းမခံခြင်း
    • စိတ်ပူပန်သောကဖြစ်ခြင်း
    • စိတ်ဓာတ်ကျခြင်း
    • ခေါင်းကိုက်ခြင်း
    • ဇက်ကြောတက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။

    ယခုဆက်လက်ဖော်ပြမှာကတော့ စိတ်ဖိစီးခြင်းဟာ သင့်ကိုယ်ခန္ဓာအပေါ် ဘယ်လိုသက်ရောက်သလဲ ဆိုတာပါပဲ။

    ကာလကြာရှည် စိတ်ဖိစီးခြင်းဟာ သင့်ကိုယ်ခန္ဓာအပေါ် ဘယ်လိုသက်ရောက်သလဲ

    ဗဟိုအာရုံကြောစနစ်နှင့် ဟော်မုန်းစနစ်

    သင့်အနေနဲ့ စိတ်ဖိစီးစရာအခြေအနေကြုံလာရရင် ဟိုက်ပိုသဲလမတ်ကနေ အဒရီနယ်လင်နဲ့ ကော်တီဆောဟော်မုန်းများကို ထုတ်လွှတ်ပေးပါတယ်။ အဆိုပါဟော်မုန်းတွေဟာ သင့်ကို နှလုံးခုန်မြန်စေပြီး အရေးပေါ်အခြေအနေကို တုံ့ပြန်ပေးမယ့် အင်္ဂါအစိတ်အပိုင်းတွေဆီ သွေးကို ပိုမိုပို့ဆောင်ပေးပါတယ်။ ဥပမာ ကြွက်သားများနဲ့ တခြားအရေးကြီး အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

    ကြုံတွေ့ရတဲ့ ခြိမ်းခြောက်မှုဟာ ပြီးဆုံးသွားရင်တော့ ဗဟိုအာရုံကြောစနစ်ကနေ အရေးပေါ်အခြေအနေကို ရုပ်သိမ်းဖို့ အချက်လှမ်းပြပြီး အားလုံးဟာ ပုံမှန်ပြန်ဖြစ်သွားပါတယ်။ ဒါပေမယ့် ဗဟိုအာရုံကြောစနစ်ဟာ အရေးပေါ်အခြေအနေကို အမြဲတမ်းသတ်မှတ်ထားလိုက်ရင်တော့ ကိုယ်ခန္ဓာရဲ့ တုံ့ပြန်မှုတွေဟာလည်း ဆက်လက်ဖြစ်ပေါ်နိုင်ပါတယ်။

    ဒါကြောင့် စိတ်ဖိစိးမှုဟာ ဆက်တိုက်ဖြစ်နေရင် အစားအလွန်အကျွံစားခြင်း (ဒါမှမဟုတ်) အစားအသောက်ခြင်း၊ အရက်နဲ့ဆေးဝါးများ အလွန်အကျွံသုံးစွဲခြင်း၊ လူမှုဝန်းကျင်ကို ရှောင်ခွာခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။

    နှလုံးသွေးကြောစနစ်နှင့် အသက်ရှူစနစ်

    စိတ်ဖိစီးမှုဟော်မုန်းတွေထွက်နေတဲ့အချိန်မှာ ကိုယ်ခန္ဓာအနှံ့ကို အောက်ဆီဂျင်များများပါတဲ့ သွေးတွေရောက်နိုင်ဖို့ အသက်မြန်မြန်ရှူရပါတယ်။ တကယ်လို့ သင့်မှာ ပန်းနာရင်ကျပ်၊ နာတာရှည်အဆုတ်ရောင်ခြင်း စတဲ့ အဆုတ်အားမကောင်းတဲ့ ရောဂါအခံတွေရှိနေရင် စိတ်ဖိစီးခြင်းကြောင့် ရောဂါလက္ခဏာတွေ ပိုဆိုးလာနိုင်ပါတယ်။

    ဒါ့အပြင် စိတ်ဖိစီးခြင်းဟာ နှလုံးကို မြန်မြန်ခုန်စေပါတယ်။ သွေးကြောများကို ကျဉ်းမြောင်းစေပြီး အောက်ဆီဂျင်ကို ကြွက်သားများဆီ ပိုရောက်သွားအောင် လုပ်ပေးပါတယ်။ လှုပ်ရှားမှုတခုခုကို လုပ်နိုင်အောင် အားဖြည့်ပေးခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါဖြစ်ရပ်ကြောင့် သွေးပေါင်ချိန်လည်း တက်လာပါတယ်။

    ရလဒ်အနေနဲ့ကတော့ စိတ်ဖိစီးမှုကို ကာလအတန်ကြာ ကြုံတွေ့နေရရင်၊ ဒါမှမဟုတ် မကြာခဏကြုံနေရရင် နှလုံးဟာ သူ့ရဲ့လုပ်ငန်းတာဝန်ကို ပိုမိုလုပ်ဆောင်လာရပါတယ်။ သွေးပေါင်ချိန်လည်း မြင့်တက်လာပြီး လေဖြတ်နိုငခြေ၊ နှလုံးထိခိုက်မှု ဖြစ်နိုင်ခြေများပါတယ်။

    အစာခြေစနစ်

    စိတ်ဖိစီးချိန်မှာ အသည်းကနေ ဂလူးကို့စ်တွေကို အပိုဆောင်းထုတ်ပေးပြီး စွမ်းအင်မြှင့်တင်ပေးပါတယ်။ စိတ်ဖိစီးတဲ့ အခြေအနေကြာလာရင်တော့ ဂလူးကို့စ်တွေကို ပိုမိုများပြားလာစေပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေ များလာစေပါတယ်။

    ဒါ့အပြင် စိတ်ဖိစီးခြင်းကြောင့် အစာမကြေရင်ပူခြင်း၊ အစာချေရည် ပြန်ဆန်တက်ခြင်း စတဲ့အခြေအနေတွေ ပိုမိုကြုံနိုင်ပါတယ်။ အစာအိမ်မှာ အနာရှိနေရင်လည်း အခြေအနေ ပိုဆိုးစေနိုင်ပါတယ်။ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

    ကြွက်သားများ

    စိတ်ဖိစီးမှုဟာ ကြွက်သားများကို ဖြစ်ပေါ်လာတဲ့ အခြေအနေနဲ့ ရင်ဆိုင်ဖို့ အသင့်အနေအထား ရှိစေပါတယ်။ အရေးပေါ်အခြေအနေပြီးဆုံးရင်တော့ ပြန်လည်ပြေလျော့သွားပါတယ်။

    တကယ်လို့ စိတ်ဖိစီးမုကို ဆက်တိုက်ကြုံနေရရင်တော့ သင့်ကြွက်သားများဟာ တချိန်လုံးတောင့်တင်းနေပါလိမ့်မယ်။ သင့်အနေနဲ့လည်း ခေါင်းကိုက်ခြင်း၊ ပခုံး ကျော အောင့်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း စတာတွေကို ကြုံတွေ့နေရပါလိမ့်မယ်။

    လိင်မှုကိစ္စနှင့် မျိုးဆက်ပွားကျန်းမာရေး

    စိတ်ဖိစီးခြင်းဟာ စိတ်ရောကိုယ်ပါ ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုကြာရှည်နေရင် အမျိုးသားများမှာ တက်စတိုစထရုန်းထုတ်လုပ်မှု ကျဆင်းလာနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ သုက်ပိုးထုတ်လုပ်မှုကို ထိခိုက်ခြင်း၊ ပန်းသေပန်းညှိုးခြင်းတွေ ဖြစ်ပွားနိုင်ပါတယ်။

    အမျိုးသမီးတွေမှာ ဓမ္မတာမမှန်ခြင်း၊ ဓမ္မတာလာစဉ် ယခင်ထက် ပိုမိုနာကျင်ခြင်းများ ကြုံနိုင်ပါတယ်။ သွေးဆုံးချိန်မှာ တွ့ရတဲ့လက္ခဏာတွေကိုလည်း ပိုမိုကြုံတွေ့ရပါတယ်။

    ကိုယ်ခံအားစနစ်

    စိတ်ဖိစီးခြင်းဟာ အချိန်ကြာလာရင် ကိုယ်ခံအားစနစ်ကို ထိခိုက်လာစေပါတယ်။ ရောဂါပိုးမွှားများ ဝင်ရောက်ကူးစက်နိုင်ခြေများလာပါတယ်။ ရာသီတုတ်ကွေး၊ အအေးမိချောင်းဆိုး ဖြစ်လွယ်ပါတယ်။ နေထိုင်မကောင်းဖြစ်ပြီးရင်၊ ထိခိုက်ဒဏ်ရာရပြီးရင် ပြန်လည်နာလန်ထူဖို့ အချိန်ပိုယူရတတ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Hello Sayarwon Panel မှ ရေးသားသည်။ · 15/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement