brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဗိုက်ထဲက ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးစေဖို့ ဘာစားရမလဲ

ဉာဏ်ကောင်းပျော်ရွှင်တဲ့ ဘေဘီလေးရဲ့ မေမေဖြစ်ချင်လား။ ဒါဆိုရင် ဘေဘီလေးကိုယ်ဝန်စရှိချိန်ကတည်းက ဘေဘီလေးရဲ့ ဦးနှောက်ကို အကောင်းဆုံးဖွံ့ဖြိုးအောင် ဂရုစိုက်ဖို့လိုပါမယ်။ ဘေဘီလေးတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ဦးနှောက်ဖွံ့ဖြိုးမှုအပေါ်မှာ ကိုယ်ဝန်ဆောင်ချိန် မေမေစားသုံးတဲ့ အာဟာရက အများကြီးသက်ရောက်နေတာပါ။ ဒါကြောင့် ဗိုက်ထဲက ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးစေဖို့ ဘာစားရမလဲ ဆိုတာကို ပြောပြပေးမယ်နော်။

ဗိုက်ထဲက ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးစေဖို့ ဘာစားရမလဲ

ဘေဘီလေးတစ်ယောက် ဦးနှောက်ဖွံ့ဖြိုးစေဖို့ တာဝန်အရှိဆုံးသူက

ဗိုက်ထဲက ဘေဘီလေးဦးနှောက်ဖွံ့ဖြိုးဖို့အတွက် တာဝန်အရှိဆုံးက ဘေဘီလေးကို အာဟာရတွေထောက်ပံပေးနေပြီး ဗိုက်ထဲမှာ ၉ လလောက်လွယ်ထားရတဲ့ မေမေပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေ့ရဲ့ စားသောက်မှုပုံစံမှန်ကန်မှ ဘေဘီလေးက ဦးနှောက်အကောင်းဆုံးဖွံ့ဖြိုးမှာပါ။ ဒါကြောင့် ဘေဘီလေးဉာဏ်ကောင်းထက်မြက်ပြီး ဦးနှောက်ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့ မေမေက အာဟာရပြည့်ဝ မျှတအောင် စားသုံးဖို့လိုအပ်ပါမယ်။

ဘေဘီလေး ဦးနှောက်ကောင်းမွန်စွာဖွံ့ဖြိုးစေဖို့ လိုအပ်မယ့် အာဟာရဓာတ်တွေ

မွေးဖွားလာမယ့် ဘေဘီလေး ဦးနှောက်ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့ဆိုရင် မေမေ့အနေနဲ့ ကိုယ်ဝန်ဆောင်ထားရချိန်မှာ

  • Choline
  • သံဓာတ်
  • Omega 3 fatty acids
  • ပရိုတင်း
  • ဇင့်ဓာတ်တို့ကို အချိုးကျမျှတအောင် စားသုံးပေးဖို့လိုအပ်ပါမယ်။

ဗိုက်ထဲက ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးစေဖို့ ဘာစားရမလဲ

ဗိုက်ထဲက ဘေဘီလေး ဦးနှောက်ဖွံ့ဖြိုးစေဖို့ ဘာစားရမလဲ ဆိုတော့ ဗိုက်ထဲက ဘေဘီလေး ဦးနှောက်ကောင်းမွန်စွာဖွံ့ဖြိုးစေဖို့ဆိုရင် မေမေ့အနေနဲ့ စားပေးရမှာတွေက

Choline

လေ့လာမှုတွေအရကတော့ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးဖို့အတွက် choline ဓာတ်က မရှိမဖြစ်လိုအပ်တာပါ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်အနေနဲ့ တစ်နေ့ကို Choline ၄၅၀ မီလီဂရမ်ရရှိဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးဖို့အတွက်ရော သင်ယူနိုင်စွမ်းအတွက်ပါ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

သံဓာတ်

ကလေးဦးနှောက်ဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့တာက ကလေးရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒါတွေတင်မကပါဘူး။ ကလေးရဲ့ အာရုံစူးစိုက်နိုင်မှု နဲ့ ဘာသာစကားစွမ်းရည်အပေါ်မှာပါ သက်ရောက်မှုရှိစေမှာပါ။ သံဓာတ်ပြည့်ဝစေဖို့

  • ပဲအမျိုးမျိုး၊
  • စပျစ်သီးခြောက်၊
  • ဇီးသီးခြောက်၊
  • အဆီမပါတဲ့ အနီရောင်အသား၊
  • ကိုက်လန်၊
  • ဟင်းနုနွယ်ရွက်တို့လိုမျိုး အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေကို စားသုံးပေးသင့်ပါတယ်။

Omega 3 Fatty Acids

ကလေးရဲ့ ဦးနှောက် နဲ့ အမြင်အာရုံဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ ဓာတ်တစ်မျိုးပေါ့။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဒီဓာတ်လေးကို ပါဝင်အောင်စားသုံးပေးဖို့ လိုပါတယ်။ Omega 3 Fatty Acidsကို

  • တူနာ၊ ဆယ်လ်မွန်တို့လိုမျိုး အဆီများတဲ့ ပင်လယ်ငါးတွေ
  • ပင်ပွားစေ့၊
  • သစ်ကြားသီး၊
  • ပဲပိစပ်၊
  • ပဲပြား တို့ကနေ ရနိုင်ပါတယ်။

ပရိုတင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုတင်းဓာတ်လုံလုံလောက်လောက် မရရှိတာက သန္ဓေသားရဲ့ အာရုံကြောနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ သင်ယူမှုပိုင်းမှာ အားနည်းတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုတင်းပြည့်ဝအောင်စားသုံးဖို့လိုပါမယ်။ ဒါကြောင့်

  • ကြက်သား၊
  • အဆီထုတ်နို့၊
  • အသား၊
  • ပဲအမျိုးမျိုး၊
  • အယ်လ်မွန်စေ့တို့လိုမျိုး အစေ့အဆန်တွေကို နေ့စဉ်ပါဝင်အောင် စားသုံးပေးဖို့ လိုပါတယ်။

ဦးနှောက်ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ဓာတ်တစ်မျိုးပေါ့။ ကလေးရဲ့ ဉာဏ်ရည်ကောင်းစေဖို့ မေ့ထားလို့မဖြစ်ပါဘူး။ ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ဇင့်ဓာတ်ကို

  • ဖရုံစေ့၊
  • အမဲသား၊
  • ဝက်သား၊
  • အခွံမာသီး၊
  • ဂျုံနဲ့ဆန်တို့ကနေ ရရှိနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ စားလိုက်တဲ့ အာဟာရတွေက ကလေးဆီ ရောက်ရှိနိုင်ပါတယ်။ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးက မိဘတွေရဲ့ မျိုးရိုးနဲ့လည်း ဆိုင်တယ်ဆိုပေမယ့် ဦးနှောက်ဖွံ့ဖြိုးဖို့အတွက်ကတော့ မိခင်စားတဲ့ အစားအစာနဲ့လည်း ဆိုင်တာကြောင့် ဂရုစိုက်ပြီး အာဟာရပြည့်အောင် စားဖို့ လိုပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/02/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။