ကိုယ်ဝန်ဆောင်မေမေ အဆိပ်ရှိတဲ့အကောင်ကိုက်ခံရရင် အဆိပ်မတက်ဘူး…..
ဒီအယူအဆကမမှန်ပါဘူးနော်။ ကိုယ်ဝန်ဆောင်ချိန်မို့ အဆိပ်မတက်ဘူးဆိုတာမရှိပါဘူး။ အဆိပ်ရှိတဲ့အကောင်ကိုက်ခဲ့ရင် ကိုယ်ဝန်ဆောင်ချိန်မှာပဲဖြစ်ဖြစ် သာမန်အချိန်မှာပဲဖြစ်ဖြစ် အဆိပ်တက်နိုင်ပါတယ်။ အခန့်မသင့်လို့များ အဆိပ်ပြင်းတဲ့ အကောင်ကိုက်ခံရရင် ဗိုက်ထဲက ကလေးလေးအတွက်တောင် စိတ်ပူရပါသေးတယ်။
အဆိပ်ရှိတဲ့အကောင်ကိုက်ခံရရင် ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ……..
အဆိပ်ရှိတဲ့အကောင်ကိုက်ခံရတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်မှာ လက္ခဏာတွေမတူနိုင်ပါဘူး။ အချို့မှာ သိပ်မပြင်းထန်ပေမယ့် ပြင်းထန်စွာခံစားရတာမျိုးလည်းရှိနိုင်ပါတယ်။
- အရေပြားမှာ အဖုအပိမ့်တွေဖြစ်မယ်
- အရေပြားတွေနီရဲလာမယ်
- အကိုက်ခံရတဲ့နေရာမှာရောင်လာမယ်။ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာပါရောင်လာမယ်
- ယားယံမယ်
- အကိုက်ခံရတဲ့နေရာက ထုံနေမယ်
- အကိုက်ခံရတဲ့နေရာမှာ အသားပူနေမယ်
- အဖျားတက်မယ်
- ကြွက်သားတွေ ဆတ်ခနဲဖြစ်မယ် (အကြောဆွဲသလိုဖြစ်မယ်)
- အသက်ရှုရခက်မယ်
- မအီမသာဖြစ်မယ်
- အော့အန်မယ်
- နှလုံးခုန်နှုန်းမြန်လာမယ်
- သတိလစ်မယ် စတဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်။
အဆိပ်ရှိတဲ့အကောင်ကိုက်ခံရရင်
အရင်ဆုံး ဆူးတွေကိုဖယ်ရပါမယ် – တကယ်လို့ ပျားလိုမျိုး အဆိပ်ရှိတဲ့အကောင်ကိုက်ခံရမယ်ဆိုရင် အရင်ဆုံးလုပ်ရမှာက အရေပြားထဲမှာ စိုက်ကျန်ခဲ့တဲ့ အဆူးကိုဖယ်ရမှာပါ။ လက်နဲ့ညှစ်ထုတ်ပြီး အဆူးဖယ်တာမျိုး၊ ဇာဂနာတွေကိုသုံးပြီး အဆူးဖယ်တာမျိုးမလုပ်ပါနဲ့ အဆိပ်တွေပိုပြန့်သွားနိုင်လို့ပါ။ လက်သည်းကို သုံးပြီးဖြစ်ဖြစ် အပ်ကိုသုံးပြီးဖြစ်ဖြစ် အဆူးကိုဖယ်ပေးပါ။
အနာတစ်ဝိုက်ကိုသေချာသန့်စင်ပါ – အကောင်ကိုက်ခံရတဲ့နေရာတစ်ဝိုက်ကို ဆပ်ပြာနဲ့ရေသုံးပြီး သန့်စင်ပေးပါ။
ရေခဲကပ်ပေးပါ -အကောင်ကိုက်ခံရတာကြောင့် နာကျင်ရောင်ရမ်းမှုသက်သာစေဖို့အတွက်ရေခဲကပ်ပေးပါ။ တစ်ခါကပ်ရင် ၁၀ မိနစ်လောက်ကပ်ပေးပါ။
အယားသက်သာစေမယ့်ဆေး တစ်ခုခုလိမ်းပေးပါ – ယားယံတာကြောင့် ခဏခဏကုတ်မိနေတာမျိုးမဖြစ်စေဖို့အတွက် ရှားစောင်းလက်ပပ်ဂျယ်လီသား၊ မုန့်ဖုတ်ဆော်ဒါနဲ့ရေကိုဖျော်ထားတဲ့အရော ဒါမှမဟုတ် အင်းဆက်ကိုက်ခံရရင် လူးလို့ရတဲ့ အယားသက်သာစေတဲ့ဆေးတစ်ခုခုလူးပေးပါ။ ပရုတ်ပါတဲ့ဆေးတွေကိုတော့ မလူးပါနဲ့။
ဆရာဝန်နဲ့သွားပြပါ – အခုပြောခဲ့တဲ့အဆင့်တွေကို အကုန်လုပ်ပြီးပြီဆိုရင်တော့ ဆရာဝန်နဲ့သွားပြဖို့ပြောပါရစေနော်။ ကိုယ်ဝန်ဆောင်နေချိန်က အတိမ်းအစောင်းမခံတဲ့အချိန်ဖြစ်တာကြောင့် ဆရာဝန်နဲ့သေချာလေးပြသပြီး လိုအပ်တဲ့ကုသမှုကို ခံယူပေးပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-due-date]