ကလေးဉာဏ်ကောင်းစေဖို့ မရှိမဖြစ် အာဟာရဓာတ်


Ye Myo Myat မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးဉာဏ်ကောင်းစေဖို့ မရှိမဖြစ် အာဟာရဓာတ်

    သားသားမီးမီးတွေ ကျန်းကျန်းမာမာနဲ့ ဉာဏ်ကောင်းပျော်ရွှင်ပြီး ကြီးပြင်းလာစေဖို့ဆိုတာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ဒီလိုကြီးထွားလာဖို့ဆိုတာလည်း ကိုယ်ချစ်တဲ့ သားသမီးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ငယ်စဉ်ကတည်းက သေချာကျွေးမွေးမှ ဖြစ်မှာနော်။

    ကလေးဉာဏ်ကောင်းစေဖို့ အာဟာရဓာတ်က ဘာများလဲ။

    ငါးကြီးဆီလို့လည်း ခေါ်တဲ့ အိုမီဂါ ၃ အဆီအနှစ် (Omega-3 fatty acid) ဟာ ကလေးတွေဉာဏ်ကောင်းစေဖို့ မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုအာဟာရဓာတ်ပါပဲ။ အိုမီဂါ ၃ အဆီအနှစ်ဟာ ဦးနှောက်ကို ကြီးထွားဖွံ့ဖြိုးစေတယ်။ နှလုံးကျန်းမာစေပြီး ကိုယ်ခံအားကိုလည်း ကောင်းစေလို့ အလွယ်တကူ ဖျားနာခြင်းမဖြစ်အောင် ကာကွယ်ပေးတယ်။ အိုမီဂါ ၃ အဆီအနှစ်ကို ကိုယ်ခန္ဓာက သဘာဝအတိုင်း မထုတ်ပေးနိုင်တဲ့အတွက် အစားအစာတွေ၊ ဖြည့်စွက်စာတွေ၊ ကြီးထွားဖွံ့ဖြိုးစေဖို့ အာဟာရပြည့်နို့မှုန့်ကနေ တစ်ဆင့်ပဲ ရရှိနိုင်ပါတယ်။

    အိုမီဂါ ၃ အဆီအနှစ်ထဲမှာ

    • ALA (Alpha-linolenic acid)

      • EPA (Eicosapentaenoic acid)

      • DHA (Docosahexaenoic acid) ဆိုပြီး အမျိုးအစား ၃မျိုးခွဲခြားလို့ရပါတယ်။

    ALA အာဟာရဓာတ်ကို ဟင်းသီးဟင်းရွက်၊ အစေ့အဆန်၊ အခွံမာသီးတွေနဲ့ အသီးအနှံတွေကနေ တစ်ဆင့် ရရှိပါတယ်။ စားသုံးလိုက်တဲ့အခါ ကိုယ်ခန္ဓာက ALA ဓာတ်ကို EPA နဲ့ DHA ဓာတ်တွေအဖြစ် ပြောင်းလဲပေးပါတယ်။ EPA နဲ့ DHA ဓာတ်တွေကိုတော့ အဆီများတဲ့ငါးတွေဖြစ်တဲ့ ဆယ်လ်မွန်ငါး၊ ငါးကွမ်းရှပ်၊ တူနာငါးတွေအပြင် ဖြည့်စွက်စာတွေကနေ အများဆုံးရရှိပါတယ်။

    မိဘတွေအနေနဲ့ ကလေးတွေကို ငယ်စဉ်ကတည်းက အိုမီဂါ ၃ အဆီအနှစ်ပါဝင်တဲ့ အစားအစာတွေကို များများကျွေးပေးခြင်းဖြင့်

    • ပန်းနာရင်ကျပ်ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်

      • ကလေးတွေကို ကောင်းစွာအိပ်ပျော်နိုင်စေတယ်

      • ဦးနှောက်ကို ကြံ့ခိုင်ဖွံ့ဖြိုးစေတယ်

      • ဉာဏ်ကောင်းထက်မြက်စေတယ်

      • သင်လိုက်တဲ့စာတွေကို အချိန်တိုအတွင်းမှာ မှတ်သားနိုင်ပြီး မှတ်ဉာဏ်ကောင်းစေတယ်

      • စိတ်ပျော်ရွှင်စေတယ်

      • နိုးကြားတက်ကြွစေနိုင်ပါတယ်။

    ပုံမှန်အားဖြင့် ကလေးအတွက် တစ်နေ့တာလိုအပ်တဲ့ အိုမီဂါ ၃ အဆီအနှစ်ပမာဏကို အစားအစာကနေ လုံလောက်စွာ ရရှိနိုင်ပါတယ်။ အသက် ၂နှစ်အထက် ကလေးတွေဆိုရင် အိုမီဂါ ၃ အဆီအနှစ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်၊ ထောပတ်သီးတွေ ကျွေးတာ၊ ငါးတွေကို ပျော့နေအောင်ချက်ပြီး သေချာအရိုးနွှင်ကျွေးတာ၊ အာဟာရပြည့် နို့မှုန့်တွေတိုက်တာမျိုး လုပ်ပေးလို့ရပါတယ်။ ကလေးကြီးလာပြီဆိုရင်တော့ ငယ်ငယ်က စားခဲ့တဲ့ ပမာဏထက် ပိုပြီးကျွေးဖို့ လိုအပ်ပါတယ်။ ဒီလိုအချိန်မှာ ဟိုဟာမစား ဒီဟာမစား အစားနဲ့ပတ်သက်ပြီး အရမ်းကြေးများလွန်းတာ၊ ငါးနဲ့ ဓာတ်မတည့်တဲ့ကလေးတွေဆိုရင်တော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ ငါးကြီးဆီဖြည့်စွက်အားဆေး ဝယ်တိုက်ပေးလို့ရပါတယ်။

    ဒါဆို မေမေတွေလည်း ကိုယ်သိပ်ချစ်ရတဲ့ကလေးကို ဉာဏ်ကောင်းထက်မြက်စေချင်တယ်ဆိုရင် ဘယ်လိုအစားအစာနဲ့ အာဟာရဓာတ်တွေကို များများကျွေးသင့်လဲဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်။ Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement