backup og meta

ကလေးကြီးထွားဖွံ့ဖြိုးမှု မနှေးစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 16/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကြီးထွားဖွံ့ဖြိုးမှု မနှေးစေဖို့

    ကိုယ့်ရင်သွေးကို ကောင်းကောင်းမွန်မွန် ကြီးပြင်းစေချင်တာ မေမေတိုင်းရဲ့ ဆန္ဒပါ။ မမွေးခင် မျက်နှာမမြင်ခင်ကတည်းက ကျန်းမာဖို့ နေတိုင်းဆုတောင်းခဲ့မှာပါ။ ဒီလောက်ထိအာရုံစိုက်ထားတဲ့ ကိုယ့်ရဲ့ကိုယ်ပွားလေးက အခြားကလေးတွေနည်းတူ မဖွံ့ဖြိုးမကြီးထွားဘူးဆိုရင်မေမေတွေ ဘယ်လောက်တောင်စိတ်ညစ်လိုက်မလဲနော်။ ဒီပြဿနာတွေ ကင်းဝေးစေဖို့နဲ့ ကလေးကြီးထွားဖွံ့ဖြိုးမှု မနှေးစေဖို့ အခုပြောပြမယ့်နည်းလမ်းလေးတွေအတိုင်းလိုက်လုပ်ကြည့်နော်။

    ကလေးတစ်ယောက်ရဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်

    ကလေးတစ်ယောက်ဟာ အသက်အရွယ်အလိုက် ပုံမှန်ကြီးထွားဖို့လိုအပ်ပါတယ်။ တကယ်လို့ ကလေးက ရွယ်တူကလေးတွေလောက် ကြီးထွားဖွံ့ဖြိုးတာမျိုး မရှိဘူးဆိုရင် အာဟာရလိုအပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ရောဂါတစ်ခုခု ရှိနေတာကြောင့်လည်း ဖြစ်နိုင်လို့ တတ်သိနားလည်တဲ့သူတွေနဲ့ သွားရောက်ပြသဖို့ လိုအပ်မှာပါ။

    • မွေးစကနေ ၁ နှစ်အတွင်း

    ကလေးတွေကမွေးစကနေ ၁ နှစ်အရွယ်မှာ သာမန်အားဖြင့်က အရပ်အမြင့်က ၂၅ စင်တီမီတာ ရှိရမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကတော့ အသက် ၆ လကနေ ၁ နှစ်အတွင်းမှာ တစ်ပတ်ကို ၂အောင်စကနေ ၄အောင်စအထိတိုးလာရပါမယ်။ မိခင်နို့တစ်မျိုးတည်းသောက်ခွင့်ရတဲ့ ကလေးတွေကမွေးပြီးစအချိန်မှာ နို့မှုန့်သောက်ရတဲ့ ကလေးတွေထက်ပိုပြီး ကိုယ်အလေးချိန်တိုးတာမြန်ပါတယ်။ ဒါပေမယ့် အသက် ၆ လနောက်ပိုင်းမှာတော့ နို့မှုန့်သောက်တဲ့ကလေးတွေက အထွားပိုမြန်လာကြပါတယ်။

    ကလေးဟာထွားတာ မြန်မြန်နှေးနှေး ကျန်းမာတဲ့ကလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် အသက်တစ်နှစ်ပြည့်ချိန်မှာ ကိုယ်အလေးချိန်က မွေးစအလေးချိန်ရဲ့ ၃ ဆဖြစ်ဖို့လိုပါမယ်။ တကယ်လို့ ကလေးက ကိုယ်အလေးချိန်ရှိသင့်သလောက် ဖြစ်မလာရင်တော့ ကလေးဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။

  • အသက် ၁ နှစ်ကနေ ၃ နှစ်အတွင်း
  • ဒီအရွယ်မှာ ကလေးက မိခင်နို့အပြင် အစားအစာတွေကို စစားနေပါပြီ။ လမ်းလျှောက်တတ်စ အရာရာကို စူးစမ်းစအရွယ်ပေါ့။ တော်တော်လေးလည်း ဂရုစိုက်ရတဲ့အရွယ်ပါ။ ဒီအချိန်မှာ ကလေးရဲ့ လက်မောင်းတုတ်တုတ်လေးတွေ၊ ခြေထောက်တုတ်တုတ်လေးတွေက စပြီးပြေပြစ်လာပြီ၊ ဗိုက်လေးတွေက ချပ်ရပ်လာပြီ။ အရပ်ကလည်း ၂၉ လက်မ ကနေ ၃၇ လက်မလောက်ရှိလာပြီဖြစ်ပြီး ကိုယ်အလေးချိန်ကလည်း ပေါင် ၃၀လောက် ရှိလာရပါမယ်။

    • အသက် ၄ နှစ်ကနေ ၉ နှစ်အတွင်း

    ကိုယ်အလေးချိန်ရော အရပ်ပါ ဖြည်းဖြည်းချင်းပဲ တိုးလာပါတော့တယ်ပါ။ ဒီအရွယ်မှာ အရပ်က မတိုးဘူးဆိုရင်တောင် ၂ လက်မ ကနေ ၃လက်မတော့တိုးရမှာပါ။ အသက် ၄ နှစ်ကနေ ၉ နှစ်အရွယ် ကလေးတစ်ယောက်က အရပ် ၃ပေ ၅ လက်မလောက်ကနေ ၄ပေ ၄ လက်မလောက်ရှိရမှာပါ။ ကိုယ်အလေးချိန်ကလည်း ဖြည်းဖြည်းပဲ တိုးလာတဲ့ အရွယ်ပေါ့။

    ဘယ်လိုအချိန်မှာ ကိုယ်အလေးချိန်တိုင်းတာမလဲ

    ကလေးကို နေ့တိုင်း ကိုယ်အလေးချိန်တိုင်းနေဖို့တော့မလိုပါဘူး။ ဒါပေမယ့် ပုံမှန်ကိုယ်အလေးချိန်ကို တိုင်းဖို့လိုအပ်တဲ့ အချိန်ကာလအပိုင်းအခြားလေးတွေရှိနေပါတယ်။

  • မွေးပြီး တစ်ပတ် ကနေ ၂ ပတ်အတွင်မှာ တစ်ကြိမ်
  • ပထမ တစ်လမှာ တစ်ကြိမ်
  • ဒုတိယ တစ်လမှာ တစ်ကြိမ်
  • ၄ လမြောက်မှာ တစ်ကြိမ်
  • ၆ လမြောက်မှာ တစ်ကြိမ်
  • ၉ လမြောက်မှာ တစ်ကြိမ်
  • တစ်နှစ်အရွယ်မှာ တစ်ကြိမ်
  • တစ်နှစ်ခွဲမှာ တစ်ကြိမ်
  • နှစ်နှစ်အရွယ်မှာ တစ်ကြိမ် ပုံမှန်ကိုယ်အလေးချိန်တိုင်းပေးဖို့လိုအပ်ပါမယ်
  • အသက် ၄ နှစ်ကနေ ၆ နှစ်အတွင်းမှာတော့ တစ်နှစ်ကို တစ်ကြိမ်လောက်ပဲ ကိုယ်အလေးချိန်တိုင်းပေးရင်ကို လုံလောက်ပါပြီ။ ကလေးက ပုံမှန်ဖွံ့ဖြိုးမှုမရှိဘူးဆိုရင်တော့ မိဘတွေအနေနဲ့ သေချာဂရုစိုက်ပေးရမှာပါ။
  • ကလေးကြီးထွားဖွံ့ဖြိုးမှု မနှေးစေဖို့ ဒီအချက်လေးတွေဂရုစိုက်ပေးပါ

    ကလေးကြီးထွားဖွံ့ဖြိုးမှု မနှေးစေဖို့ လုပ်ဆောင်ပေးရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ကလေးကို အခြားကလေးတွေနည်းတူ ကျန်းမာဖွံ့ဖြိုးစေချင်တယ်ဆိုရင်တော့ မေမေဖေဖေတို့အနေနဲ့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးဖို့ပြောပါရစေ။ ဒါတွေကတော့ –

    အစာအာဟာရ မျှတအောင်ကျွေးမွေးပေးပါ – ကလေးကိုနေ့စဉ်ပြင်ဆင်ပေးတဲ့ အစားအစာတွေထဲမှာ အသီးအရွက်၊ အသား၊ ငါးနဲ့ အခြားအာဟာရဖြစ်စေတဲ့ အရာတွေ သင့်တင့်မျှတစွာပါဝင်အောင် ထည့်သွင်းပြင်ဆင်ပေးပါ။

    ပြည့်ဝတဲ့ အိပ်စက်ချိန်ထားပေးပါ – ကလေးကို တီဗွီတွေ၊ ဖုန်းတွေ တစ်နေကုန်ပေးသုံးတာမျိုး မလုပ်ပါနဲ့။ ညဘက်မှာ အိပ်ချိန် ၈ နာရီပြည့်ပြည့်ဝဝလေးအိပ်စက်တတ်တဲ့ အလေ့အထမွေးမြူပေးပါ။

    ကိုယ်လက်လှုပ်ရှားမှုရှိပါစေ – ကလေးကို ပြေးပြေးလွှားလွှားဆော့ခွင့်ပေးပါ။ ကလေးကို ကိုယ်လက်လှုပ်ရှားမှုရှိစေတာက ကိုယ်ခန္ဓာကို ကြီးထွားစေတဲ့အပြင် ကျန်းမာရေးကောင်းစေနိုင်ပါတယ်။

    စိတ်ဖိစီးမှုကင်းအောင်ထားပေးပါ -ကလေးတွေမှာလည်း သူတို့ အတိုင်းအတာနဲ့ သူတို့ စိတ်ဖိစီးမှုရှိနေတတ်ပါတယ်။ ဒါကြောင့် ကလေးကို အချိန်ပေးပြီး စကားပြောပေးပါ။ သူ့ခံစားချက်လေးတွေကို နားထောင်ပေးပါ။ ကိုယ်က စိတ်ဖိစီးမှုထပ်မပေးမိအောင်လည်း သတိထားပါ။

    ကလေးက ရှိသင့်တဲ့ အရပ်၊ အလေးချိန်ထက် ဆက်တိုက်နည်းနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး အကြောင်းရင်းကို ရှာဖွေဖို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 16/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement