backup og meta

အစားရွေးတဲ့ သားသားမီးမီးကို DHA ပါဝင်တဲ့ အစားအစာလေးတွေ ဘယ်လိုကျွေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစားရွေးတဲ့ သားသားမီးမီးကို DHA ပါဝင်တဲ့ အစားအစာလေးတွေ ဘယ်လိုကျွေးမလဲ

    ပြည့်ဝတဲ့ အာဟာရက ပမာဏနဲ့မဆိုင်ဘဲ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ အာဟာရပြည့်ဝတဲ့ စားသောက်ဖွယ်ရာကို နည်းနည်းလေး စားရင်လည်း ခန္ဓာကိုယ်အတွက် အကျိုးရှိစေမှာပါ။

    လူကြီးတွေက အစားတွေကို အများကြီး စားနိုင်သလို အစုံစားနိုင်တာကြောင့် အာဟာရကို အလွယ်တကူ ရနိုင်ပေမယ့် အစားအများကြီး မစားနိုင်သေးသလို အစားစုံ မစားတတ်သေးတဲ့ ကလေးတွေအတွက်ကတော့ နည်းနည်းနဲ့ အာဟာရပြည့်ပြည့် စီစဉ်ပေးနိုင်မှ သူတို့လေးတွေအတွက် လိုအပ်တဲ့ အာဟာရကို ပြည့်ဝစွာ ရရှိမှာပါ။

    ဒီတော့ ကလေးတစ်ယောက်အတွက် အစားအသောက်ပြင်ဆင်တဲ့အခါ မေမေတွေအနေနဲ့ နည်းနည်းနဲ့ အာဟာရပြည့်ဖို့ စဉ်းစားရပါတယ်။ ဒီလိုပြင်ဆင်တဲ့အခါ ကလေးက ပါးစပ်နားကို ခွံ့လိုက်တိုင်း အာ . . .ဆို ပါးစပ်ဟပြီး အားပါးတရ စားရင်တော်လေရဲ့။ ဒီလိုမဟုတ်ဘဲ ကျွေးသမျှ ဘူး.. လုပ်နေရင်တော့ မေမေ့အတွက် အာဟာရပြည့်အောင် ကျွေးမွေးရာမှာ အခက်တွေ့တော့တာပါပဲ။

    ဒီလို အစားရွေးတဲ့ သားသားမီးမီးတို့အတွက် သူတို့လေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ အာဟာရတွေ ပြည့်ဝစွာပါဝင်အောင် စားချင်စဖွယ် ဘယ်လို ပြင်ဆင်ပေးရမလဲ စိတ်ပူနေပြီလား…. အထူးသဖြင့် ကလေးတို့အတွက် မရှိမဖြစ် လိုအပ်တဲ့ DHA ပါအောင်ပေါ့။

    DHA ကလေးတွေအတွက် ဘာလုပ်ပေးလဲ။

    DHA လို့ခေါ်တဲ့ (Docosahexaenoic acid) က  omega-3 fatty acid တစ်မျိုးပါ။ ကလေးတွေရဲ့ ဦးနှောက်နဲ့ အမြင်အာရုံ တစ်ရှူးတွေ ကာင်းမွန်စွာ  ဖွံ့ဖြိုးစေဖို့အတွက် အရေးပါပါတယ်။

    DHA ကို ခန္ဓာကိုယ်က ထုတ်လုပ်နိုင်မှု မရှိတာကြောင့် အစားအသောက်တွေအပေါ်မှာ အဓိက အားထားရပါတယ်။ ကလေးတွေရဲ့ ဦးနှောက်ဟာ သူတို့ရဲ့ ပထမတစ်နှစ်တာ ကာလအတွင်းမှာ ၁၇၅ ရာခိုင်နှုန်း ဖွံ့ဖြိုးပါတယ်။ တစ်နှစ်ကနေ နှစ်နှစ်အတွင်း ၁၈ရာခိုင်နှုန်း ထပ်ဖွံ့ဖြိုးပြီး ဒုတိယနှစ်ကနေ ဆယ်ကျော်သက်အရွယ်ရောက်တဲ့အထိ ကာလအတွင်းမှာတော့ နောက်ထပ် ၂၁ ရာခိုင်နှုန်း ဖွံ့ဖြိုးပါတယ်။

    ဒီလိုဖွံ့ဖြိုးမှုနဲ့အတူ အမြင်အာရုံကလည်း ဖွံ့ဖြိုးလာပါတယ်။ ဒါ​ကြောင့် ကလေးကို ဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်နေတဲ့ ပထမရက် ၁၀၀၀ ကာလအတွင်းမှာ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ DHA ကို ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ လိုပါမယ်။

    ဒါမှ သားသားမီးမီးတွေက ဦးနှောက်အကောင်းဆုံး ဖွံ့ဖြိုးပြီး အာရုံကြောဆဲလ်တွေ ကျန်းမာမှာ ဖြစ်သလို ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ အာရုံစူးစိုက်တာ၊ အစီအစဉ် ချတာ၊ ပြဿနာဖြေရှင်းတာလိုမျိုး စွမ်းရည်တွေကောင်းမွန်မှာပါ။ ဒီလို ဖြည့်ဆည်းပေးမှုက ကလေးကို လူမှုဆက်ဆံရေးကို စိတ်ခံစားမှုအပိုင်းမှာပါ။ အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။

    DHA ချို့တဲ့မှုတွေ၊ လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်မှုတွေက ကလေးကို အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရစေနိုင်သလို၊ သင်ယူလေ့လာနိုင်စွမ်းတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ကျန်းမာထက်မြက်စွာ ကြီးပြင်းလာစေချင်တယ်ဆိုရင် ငယ်စဉ်ကတည်းက DHA ပြည့်ဝအောင် ဖြည့်ပေးဖို့ လိုပါမယ်။

    DHA ကြွယ်ဝတဲ့ စားစရာတွေက ဘာတွေများလဲ။

    သားသားမီးမီးတွေနဲ့ သင့်တော်မယ့် DHA ကြွယ်ဝတဲ့ စားစရာတွေကတော့

    • ဆယ်လ်မွန်
    • တူနာ
    • ထရောက်ငါး
    • မက်ကာရယ်ငါး
    • DHA ဖြည့်စွက်ထားတဲ့ အာဟာရဖြည့်နို့
    • DHA ဖြည့်စွက်ထားတဲ့ cereal စတာတွေပါ။

    သားသားမီးမီး ခံတွင်းတွေ့စေမယ့် DHA ကြွယ်ဝတဲ့ စားစရာလေးတွေ ပြင်ဆင်ကြမယ်။

    သားသားမီးမီးက အစားရွေးတယ်။ DHA လည်း ပြည့်ဝစေချင်တယ်ဆိုရင် စားချင်စဖွယ်လေးဖြစ်အောင် အခုလိုလေးတွေ ပြင်ဆင်ပေးလို့ ရပါတယ်။

    ဆယ်လ်မွန် ငါးချောင်းကြော်

    ကလေး အများစုက ငါးကို ဟင်းအနေနဲ့ မစားပေမယ့် သရေစာ အနေနဲ့တော့ နှစ်နှစ်ခြိုက်ခြိုက် စားတတ်ကြပါတယ်။ ဒါ​ကြောင့် ကလေးကို DHA ပြည့်ဝစေဖို့ဆိုရင် ဆယ်လ်မွန် ငါးလေးတွေကို အရွယ်တော် အချောင်း ရှည်ရှည်လေးတွေ လှီးပြီး ကြက်ဥအကာထဲ စိမ်လို့ အကြော်မှုန့် ကပ်ပြီး ကြွပ်ကြွပ်ရွရွလေး ကြော်ပေးလို့ရပါတယ်။

    ငါးအာလူးကပ်ကြော်

    ဒါကတော့ အဖြူထည်ချက်ထားတဲ့ ဆယ်လ်မွန် ဒါမှမဟုတ် မက်ကာရယ်ငါးကို အရိုးနွှင်ပြီး ခြေလိုက်ပါ။ ပြီးရင် ပြုတ်ထားတဲ့ အာလူးကို ခြေပြီး အာလူးအထဲမှာ ငါးကို အနှစ်လို ထည့်လို့  အာလူးကို ကြက်ဥအကာရည်နဲ့ စိမ်ပြီး မုန့်ကြွပ်လေးကပ်လို့ ကြော်ပေးပါ။

    ငါးချိုချဉ်ကြော်

    ဆယ်လ်မွန်ငါးကို လက်မလောက် အတုံးလေးတွေ တုံးပြီး ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး၊ မုန်လာဥနီ စတဲ့ အသီးအရွက်လေးတွေနဲ့ အရသာရှိရှိလေး ကြော်ပေးတာပါ။ ဒါကလည်း သားသားမီးမီးတို့အတွက် အရောင်အသွေးစုံပြီး စားချင်စရာ ဖြစ်နေမှာပါ။

    အာဟာရဖြည့်နို့

    ကလေးကို ငါးတွေကျွေးရခက်မှာစိုးတယ်။ မစားမှာလည်း ကြောက်တယ်ဆိုရင်တော့ DHA နဲ့ သားသားမီးမီးတို့ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေတဲ့ အာဟာရဖြည့်နို့ တိုက်ပေးလို့ရပါတယ်။ ဒီအာဟာရဖြည့်နို့တွေကတော့ သားသားမီးမီးတို့ အကြိုက်တွေ့စေမှာ သေချာသလို အာဟာရ လိုအပ်ချက်ကိုလည်း ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်မှာပါ။

    ဒါကြောင့် ကလေးကို ဦးနှောက်နဲ့ အမြင်အာရုံ အကောင်းဆုံး ဖွံ့ဖြိုးစေချင်တယ်။ ကလေးက အစားရွေးလို့ DHAမပြည့်ဝမှာလည်း စိုးရိမ်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ကလေးအကြိုက်ဆုံး ဖြစ်မယ်ထင်တာလေးကနေ စပြင်ဆင်ပေးကြည့်လိုက်နော် မေမေ…။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement