backup og meta

ဆယ်လ်မွန်ငါး ဘာကြောင့်စားသင့်သလဲ


Dr. Thant Zin မှ ရေးသားသည်။ · 29/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်လ်မွန်ငါး ဘာကြောင့်စားသင့်သလဲ

    ဆယ်လ်မွန်ငါးဟာ အာဟာရပြည့်ဝတဲ့ စားသောက်ဖွယ်ရာတမျိုးဖြစ်ပြီး ရောဂါအချို့ကို ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ လူအများက နှစ်ခြိုက်စွာ စားသုံးလာကြပါတယ်။ အောက်ဖော်ပြပါ အကြောင်းအရာတွေကတော့ ဆယ်လ်မွန်ငါးရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ ဖြစ်ပါတယ်။

    Omega 3 ကြွယ်ဝခြင်း

    ဆယ်လ်မွန်ငါးရဲ့ ထူးခြားမှုတခုကတော့ Omega 3 ကြွယ်ဝခြင်းဖြစ်ပါတယ်။ ဆယ်လ်မွန်ငါး ၁၀၀ ဂရမ်မှာ Omega 3 ၂.၆ ဂရမ် ပါဝင်ပါတယ်။ Omega 3 ရဲ့ တနေ့တာလိုအပ်တဲ့ ပမာဏနဲ့ ပတ်သက်ပြီး ညွှန်းဆိုထားခြင်းမရှိနေပမယ့် အနည်းဆုံး ၂၅၀-၅၀၀ မီလီဂရမ်ခန့် ရရှိသင့်တယ်လို့ သုတေသီအချို့က ဆိုပါတယ်။ Omea 3 ဟာ ရောင်ရမ်းမှုများကို လျော့ကျစေခြင်း၊ သွေးတိုးကို ထိန်းနိုင်ခြင်း၊ သွေးကြောများအခြေအနေကောင်းမွန်စေခြင်း၊ နှလုံးကို အကျိုးပြုခြင်း စတဲ့အကျိုးကျေးဇူးတွေ ဖြစ်ပေါ်စေပါတယ်။

    ပရိုတိန်းဓာတ် များစွာပါခြင်း

    ပရိုတိန်းဟာ သင့်ခန္ဓာကိုယ်ကို တည်ဆောက်ရာမှာ အရေးပါပါတယ်။ ထိခိုက်ဒဏ်ရာရပြီးချိန် အနာကျက်မြန်စေခြင်း၊ ကြွက်သားများ၏ ထုထည်ကို ထိန်းသိမ်းပေးထားခြင်း၊ အရိုးများအတွက် အထောက်အကူပြုခြင်း စတဲ့အကျိုးကျေးဇူးတွေ ပေးပါတယ်။ သုတေသနတွေအရ ဆယ်လ်မွန်ငါး ၃.၅ အောင်စမှာ ပရိုတိန်း ၂၂-၂၅ ဂရမ်ပါဝင်ပါတယ်။

    ဗီတာမင် B ကြွယ်ဝခြင်း

    ကိုယ်ခန္ဓာအတွက် မရှိမဖြစ်အရေးကြီးတဲ့ အာဟာရဓာတ်တွေထဲမှာ ဗီတာမင် B အုပ်စုလည်း ပါဝင်ပါတယ်။ သုတေသနတွေအရ ဆယ်လ်မွန်ငါး ၁၀၀ ဂရမ်မှာ ပါဝင်တဲ့ ဗီတာမင် B အုပ်စုတွေကတော့

    – ဗီတာမင် B1။ တနေ့တာလိုအပ်ချက်၏ ၁၈ ရာခိုင်နှုန်း

    – ဗီတာမင် B2။ တနေ့တာလိုအပ်ချက်၏ ၂၉ ရာခိုင်နှုန်း

    – ဗီတာမင် B3။ တနေ့တာလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်း

    – ဗီတာမင် B5။ တနေ့တာလိုအပ်ချက်၏ ၁၉ ရာခိုင်နှုန်း

    – ဗီတာမင် B6။ တနေ့တာလိုအပ်ချက်၏ ၄၇ ရာခိုင်နှုန်း

    – ဗီတာမင် B9။ တနေ့တာလိုအပ်ချက်၏ ၇ ရာခိုင်နှုန်း

    – ဗီတာမင် B12။ တနေ့တာလိုအပ်ချက်၏ ၅၁ ရာခိုင်နှုန်း

    အဆိုပါဗီတာမင် B အုပ်စုဝင်များဟာ အစားအစာများမှ စွမ်းအင်ထုတ်ယူပေးခြင်း၊ ဒီအန်အေ ဖွဲ့စည်းပြင်ဆင်ရာတွင် ပါဝင်ခြင်း၊ ဦးနှောက်နဲ့ အာရုံကြောလုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်အောင် ကူညီပေးခြင်း စတဲ့အကျိုးကျေးဇူးတွေပေးပါတယ်။

    ပိုတက်ဆီယမ်ကြွယ်ဝခြင်း

    ဆယ်လ်မွန်ငါး ၁၀၀ ဂရမ်မှာ ပိုတက်ဆီယမ်ဟာ တနေ့တာလိုအပ်ချက်ရဲ့ ၁၁ ကနေ ၁၈ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ ဆယ်လ်မွန်ငါးဟာ ငှ၈်ပျောသီးတလုံးထက် ပိုတက်ဆီယမ်ပါဝင်နှုန်း ပိုမိုများပြားပါတယ်။ ပိုတက်ဆီယမ်ဟာ သွေးပေါင်ချိန်ကို ထိန်းပေးနိုင်ပြီး လေဖြတ်နိုင်ခြေ လျော့နည်းစေနိုင်ပါတယ်။

    ဆီလီနီယမ်ကြွယ်ဝခြင်း

    ဆီလီနီယမ်ဟာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တမျိုးဖြစ်ပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိခြင်း၊ အရိုးများကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ သိုင်းရွိုက်ရောဂါများကို ကာကွယ်ပေးခြင်း၊ ကင်ဆာဖြစ်နိုင်ခြေလျော့စေခြင်း စတဲ့အကျိုးကျေးဇူးတွေ ပေးပါတယ်။ ဆယ်လ်မွန်ငါး ၁၀၀ မီလီဂရမ်မှာ တနေ့တာလိုအပ်တဲ့ ဆီလီနီယံ ၅၉-၆၇ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။

    နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း

    ဆယ်လ်မွန်ငါးကို ပုံမှန်စားသုံးရင် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ သုတေသနတွေအရ Omega 3 နဲ့ Omega 6 ဟန်ချက်မညီခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ ဆယ်လ်မွန်ငါးစားသုံးခြင်းအားဖြင့် Omega 3 ပမာဏကို မြင့်တက်စေပြီး Omega 6 ပမာဏကို လျှော့ချနိုင်တာကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့စေတာဖြစ်ပါတယ်။

    ဦးနှောက်ကျန်းမာရေးကို ကောင်းစေခြင်း

    ဆယ်လ်မွန်ငါးမှာပါဝင်တဲ့ အဆီဓာတ်ဟာ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ အထူးသဖြင့် စိတ်ကျခြင်းကို သက်သာစေခြင်း၊ ကိုယ်ဝန်ဆောင်ချိန်စားသုံးတဲ့အခါ သန္ဓေသားလောင်းရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးခြင်း၊ အသက်အရွယ်ကြီးလာချိန်မှာ ဖြစ်တတ်တဲ့ မှတ်ဉာဏ်ချို့ယွင်းမှုတွေကို သက်သာစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ပေးပါတယ်။ သုတေသနတွေအရ အသက်ခြောက်ဆယ်ကျော် လူကြီးပိုင်းတွေမှာ ဆယ်လ်မွန်ငါးကို အနည်းဆုံး တပတ်နှစ်ကြိမ်စားသုံးရင် မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းနိုင်ခြေ ၁၃ ရာခိုင်နှုန်းထိ သက်သာစေတယ်လို့ သိရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 29/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement