brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးအတွက် အကျိုးပြုဘက်တီးရီးယား အကျိုးကျေးဇူးများသလား

Probiotic ဆိုတာ ခန္ဓာကိုယ်ရဲ့အစာခြေစနစ်ကို အကျိုးပြုတဲ့ သက်ရှိဘက်တီးရီးယားတစ်မျိုးပါ။ ဘက်တီးရီးယားဆိုတာနဲ့ရောဂါဖြစ်စေတဲ့ပိုးတွေလို့ အများအားဖြင့်ယူဆကြပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာ မြောက်မြားစွာရှိနေတဲ့ ဘက်တီးရီးယားတွေကကောင်းတာရော၊ မကောင်းတာပါရှိပါတယ်။ Probiotic ကတော့ အစာခြေစနစ်နဲ့ အူလမ်းကြောင်းကျန်းမာစေဖို့ အကျိုးပြုတဲ့ဘက်တီးရီးယားတွေဖြစ်ပါတယ်။

ကလေးအတွက် အကျိုးပြုဘက်တီးရီးယား အကျိုးကျေးဇူးများသလား

ဒီလိုအကျိုးပြု Probiotic က ကလေးတွေရဲ့အစာအိမ်နဲ့အူလမ်းကြောင်းကို ကျန်းမာစေဖို့ အထောက်အကူပေးနိုင်မှာကိုလည်း မိဘတွေသိကြမှာပါ။ ဒါပေမယ့် ကလေးရဲ့ကျန်းမာရေးမှာProbiotic က တခြားဘယ်လိုအရေးပါတဲ့နေရာက အကျိုးကျေးဇူးတွေပေးနေသလဲ၊ ဘာအတွက်ကောင်းသလဲဆိုတာ ဆက်ပြီးလေ့လာကြည့်ရအောင်။

  • ကိုယ်ခံအားကောင်းစေတယ်။ Probiotic ပုံမှန်ရရှိတဲ့ ကလေးဟာ ကိုယ်ခံအားစနစ်ပိုအားကောင်းနိုင်ပါတယ်။ ကလေးရဲ့အစာအိမ်နဲ့အူလမ်းကြောင်းပိုကျန်းမာလာပြီးရောဂါပိုးတွေကို ခုခံနိုင်စွမ်းပိုကောင်းလာပါလိမ့်မယ်။ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါတွေအပြင် အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်းပြဿနာတွေဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။
  • ကလေးလေနာ သက်သာစေတယ်။ Lactobacillus reuteri အမျိုးအစား Probiotic က ကလေးတွေမှာဖြစ်တဲ့လေနာဝေဒနာကို ကုသရာမှာ ထိရောက်တဲ့အာနိသင်ရှိပါတယ်။Lactobacillus reuteriသောက်သုံးထားတဲ့ကလေးတွေမှာလေနာအမြန်သက်သာစေတာလေ့လာတွေ့ရှိမှုတွေကို သက်သေပြခဲ့ကြပါတယ်။
  • သွားပိုးစားခြင်းကို ကာကွယ်ပေးတယ်။ Probioticသောက်သုံးတဲ့ကလေးတွေက သွားကျန်းမာရေး ပိုကောင်းတယ်၊ သွားပိုးစားတာအဖြစ်နည်းတယ်လို့တွေ့ရှိရပါတယ်။
  • အူနဲ့ပတ်သက်တဲ့ရောဂါတွေကို ကုသနိုင်တယ်။ တချို့ဖြည့်စွက်စာဆေးဝါးတွေမှာ ပါဝင်တဲ့ Probiotic အမျိုးအစားတွေက ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ခြင်း၊ ‌လေထိုးလေအောင့်၊ ဗိုက်ပွခြင်း၊ လေနာဝေဒနာတွေရဲ့လက္ခဏာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ Crohn’s disease(အစာအိမ်၊အူနံရံရောင်ရောဂါ) သို့မဟုတ်Irritable Bowel Syndrome ( နာတာရှည်အူလမ်းကြောင်းရောဂါစု) တို့လို နာတာရှည်ရောဂါတွေအတွက်ထိရောက်မှုရှိပါတယ်။ ဝမ်းချုပ်နေတဲ့ကလေးတွေမှာLactobacillus reuteri probiotics က ဝမ်းမှန်အောင် ကူညီပေးပါတယ်။
  • ဝမ်းလျှောခြင်းကို ကုသနိုင်တယ်။ ဝမ်းလျှောခြင်းကိုကုသရမှာ probiotics ရဲ့အရေးပါမှုက သိသာထင်ရှားပါတယ်။ probioticsတွေက ပဋိဇီဝပိုးသတ်ဆေးတွေကြောင့်ဖြစ်တဲ့ ဝမ်းသွားခြင်းကို ကာကွယ်နိုင်တဲ့ အစွမ်းလည်းရှိပါတယ်။
  • ရောဂါပိုးဝင်ခြင်းတွေကို ကာကွယ်ပေးတယ်။ဒိန်ချဉ် လိုမျိုး သဘာဝအတိုင်း probioticsတွေပါဝင်တဲ့ အစားအစာတွေက ကလေးတွေမှာ အသက်ရှူလမ်းကြောင်းပြဿနာတွေ၊ ကလေးနှင်းခူနာနဲ့ အစားအစာဓာတ်မတည့်မှုတွေကို သက်သာစေပါတယ်။

ကလေးတွေမှာprobiotics ကောင်းစွာရရှိနိုင်မှလေပွခြင်း၊ လေနာဝေဒနာ၊ အစာခြေရည်ပြန်ဆန်တက်ခြင်းစတဲ့ဝေဒနာတွေကို ကင်းဝေးနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ကလေးကငယ်သေးတယ်ဆိုရင်probiotics ကိုဖြည်းဖြည်းချင်းတိုက်ကျွေးပေးသင့်ပါတယ်။ နို့ဗူးဖျော်တဲ့အခါ သို့မဟုတ် ညှစ်ထုတ်ထားတဲ့မိခင်နို့ထဲမှာ probiotics ထည့်တိုက်နိုင်ပါတယ်။

ကလေးတွေအတွက် အသင့်တော်ဆုံးက ဒိန်ချဉ်နဲ့ တခြားအချဉ်ဖောက်ထားတဲ့အစားအစာတွေမှာတွေ့ရတဲ့ Lactobacillusprobiotic အမျိုးအစားပါ။ Lactobacillus က ဝမ်းပျက်ဝမ်းလျှောခြင်းကို ကုသဖို့နဲ့ ကာကွယ်ဖို့ ထိရောက်မှုရှိပါတယ်။ ဒါ့အပြင် ကလေးတွေမှာေလနာဝေဒနာ၊ အဆုတ်ပိုးဝင်ခြင်း၊ulcerative colitis(အစာခြေလမ်းကြောင်းအနာဖြစ်ခြင်း)၊ Irritable Bowel Syndrome ( နာတာရှည်အူလမ်းကြောင်းရောဂါစု)တို့ကို ကုသနိုင်ပါတယ်။

ကလေးကို Probiotics ဘယ်လိုပေးမလဲ

ကလေးတွေအတွက် အကျိုးကျေးဇူးများလှတဲ့ probiotics ကို ကလေးအတွက်သီးသန့်ထုတ်တဲ့ အစက်ချဆေးတွေကနေ ရရှိနိုင်ပါတယ်။ ကလေးကို တိုက်မယ့် နို့ရည် သို့မဟုတ်ဖျော်ရည်တစ်ခုခုထဲကို အစက်ချပြီး ထည့်တိုက်ရုံပါပဲ။ တစ်နေ့တစ်ကြိမ် ဆေးရည် ငါးစက်တိုက်လို့ရပါတယ်။ ဘက်တီးရီးယားလေးတွေပျက်စီးကုန်မှာ စိုးရတာကြောင့် အပူထဲတော့ ထည့်မဖျော်ပါနဲ့။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/09/2022 ဖြစ်ပါသည်။