backup og meta

အဝလွန်နေတဲ့ကလေး ဆီးချိုဖြစ်နိုင်ပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဝလွန်နေတဲ့ကလေး ဆီးချိုဖြစ်နိုင်ပါတယ်

    မျှတတဲ့ အစာအာဟာရကို နေ့စဉ်စားသုံးဖို့နဲ့ နေ့စဉ် ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ဆောင်နေမှသာ ကိုယ့်ရဲ့ ကိုယ်အလေးချိန်ကို သေချာထိန်းထားပေးနိုင်မှာပါ။ ကလေးတွေအတွက် နေ့စဉ် ပြီးပြည့်စုံတဲ့ အစာအာဟာရ ရရှိဖို့ ပိုပြီးတောင် အရေးကြီးပါတယ်။ အစားအသောက်မမှန်တဲ့ ကလေးတွေဟာ အဝလွန်လာမယ်။ ကိုယ်လက်လေးလံ ထိုင်းမှိုင်းလာမယ်။ နောက်ဆက်တွဲအနေနဲ့ ဆီးချိုရောဂါကိုပါ စောစီးစွာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေး တစ်နေ့တာ စားသောက်ရမယ့် အစားအစာကို အစီအစဉ်သေချာရေးဆွဲပြီး ချမှတ်ပေးပါ။

    အစားအစာနဲ့ ကိုယ်အလေးချိန်

    ကလေးတိုင်းနီးပါးဟာ အချိုပါဝင်မှုများတဲ့ အစားအစာတွေ၊ အအေးတွေ ကြိုက်နှစ်သက်ကြပါတယ်။ အာဟာရဖြစ်စေတဲ့ အစာထက် မုန့်ပဲသွားရေစာတွေကို စားရတာကို ပိုသဘောကျပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါပဲ။ ဒါပေမဲ့ မိဘတွေဘက်က ဂရုမစိုက်ပဲ ကိုယ့်ကလေး စားပါစေဆိုပြီး လွှတ်ထားလိုက်ရင်တော့ နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေ ကြုံလာရနိုင်ပါတယ်။

    အချိုများတဲ့ အစားအသောက်တွေဟာ ကလေးကို အဝလွန်စေတဲ့ အဓိက တရားခံတွေပါပဲ။ ကလေးတွေဟာ ချိုတဲ့အရသာဆိုရင် ပိုပြီး စွဲလမ်းကြတယ်။ မိဘတွေဘက်က သေချာဂရုမစိုက်မိလိုက်တဲ့အချိန်မျိုးမှာ ကလေးတွေ အချိုတအားစားမိပြီး တဖြည်းဖြည်းနဲ့ အဝလွန်လာနိုင်ပါတယ်။

    လုံးဝမစားရဘူးလို့ ကန့်ကွက်တာထက် တစ်နေ့ကို ပမာဏတစ်ခု သတ်မှတ်ပေးပြီး ကလေးကို ကျွေးပါ။ ကလေးကိုလည်း အချိုတွေအများကြီးစားရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာကို အမြဲရှင်းပြပေးပါ။

    အဝလွန်ကလေးတွေနဲ့ အမျိုးအစား (၂) ဆီးချိုရောဂါ

    အချိုအစားများပြီး အဝလွန်နေတဲ့ ကလေးတွေမှာ အများဆုံးတွေ့ရတတ်တဲ့ ရောဂါကတော့ အမျိုးအစား (၂) ဆီးချိုရောဂါပဲ ဖြစ်ပါတယ်။

    ဂလူးကို့စ် – glucose ဆိုတာ ကိုယ်ခန္ဓာက လိုအပ်တဲ့ အားအင်တွေကိုဖြည့်တင်းပေးဖို့ သကြားဓာတ်တစ်မျိုးပါ။ ဂလူးကို့စ်တွေကို အင်ဆူလင် – insulin လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးက ထိန်းချုပ်ပေးပါတယ်။ အင်ဆူလင်ဟော်မုန်းကို အဓိက ပန်ကရိယ – pancreas ကနေ ထုတ်လုပ်ပေးပါတယ်။

    အမျိုးအစား (၂) ဆီးချိုရောဂါတွေမှာ တွေ့ရတဲ့ ပြဿနာကတော့ ပန်ကရိယက အင်ဆူလင်ဟော်မုန်း ထုတ်လုပ်ပေးနေပေမယ့်လည်း အင်ဆူလင်ဟာ ခန္ဓာကိုယ်ထဲမှာ ပုံမှန်လို အလုပ်မလုပ်နိုင်တော့တာပါ။

    အင်ဆူလင်ကောင်းစွာ အလုပ်မလုပ်နိုင်တော့တဲ့အခါမှာ သွေးတွင်းသကြားဓာတ်တွေဟာ အဆမတန် မြင့်တက်လာပါတယ်။ ကိုယ်အလေးချိန်အရမ်းတက်ပြီး အဝလွန်နေတဲ့ ကလေးတွေမှာ အမျိုးအစား (၂) ဆီးချိုဖြစ်နိုင်ခြေ ပိုများတဲ့အပြင် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းချုပ်ရတာ ပိုခက်နိုင်ပါတယ်။

    အမျိုးအစား (၂) ဆီးချိုရောဂါမှာ အင်ဆူလင် မတိုးတော့တဲ့ အခြေအနေ (insulin resistance) ဖြစ်လာပါတယ်။ ခန္ဓာကိုယ်က အင်ဆူလင်ကို ထုတ်ပေးနေသည့်တိုင်အောင် အလုပ်ကောင်းကောင်း မလုပ်နိုင်တဲ့အတွက် သွေးတွင်းဂလူးကို့စ်တွေ များလာတယ်။ အဲ့ဒီအခါမှာ ပန်ကရိယက အင်ဆူလင်ကို နဂိုကထက် ပိုထုတ်ပေးနေရတော့ ဒဏ်ဖြစ်လာပါတယ်။

    ကလေးတွေ ဆီးချို မဖြစ်အောင် ဘယ်လိုဂရုစိုက်ပေးမလဲ။

    ကလေးတွေကို ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခိုင်းတာမျိုး၊ မကြာခဏ အားကစားလုပ်ခိုင်းတာ၊ ညနေဘက်တွေမှာ ဆော့ကစားစေပြီး ကိုယ်အလေးချိန်ကျအောင် လုပ်ပေးပါ။

    အိမ်ထဲမှာ လှောင်ပိတ်ထားပြီး တီဗီကြည့်တာမျိုး၊ ဖုန်း၊ ကွန်ပျူတာ အသုံးပြုနေတာတွေ့ပြီဆိုရင်လည်း အပြင်ထွက် ကစားခိုင်းပါ။ လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ အစရှိတဲ့ လေ့ကျင့်ခန်းတွေ အတူလုပ်လို့ရသလို အားကစားလိုက်စားစေဖို့လည်း မမေ့ပါနဲ့။

    အစာအာဟာရဟာ ကျန်းမာရေးအတွက် အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာကြောင့် ကိုယ့်ကလေးရဲ့ နေ့စဉ်အာဟာရမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လုံလောက်စွာ ရရှိစေဖို့ မိဘတွေအနေနဲ့ ဂရုစိုက်ပေးပါ။

    အချိုများတဲ့ ကိတ်မုန့်၊ သကြားလုံး၊ ရေခဲမုန့်၊ ဆိုဒါအအေးတွေကို တစ်နေ့လျှင် ပမာဏ နည်းနည်းသာ စားစေဖို့ ပြောပေးပါ။ အချိုကို လုံးဝမစားတာထက် ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်ထိန်းပြီး စားနိုင်ဖို့အတွက် အလေ့အကျင့်လုပ်ထားပေးဖို့ အရေးကြီးပါတယ်။

    မိသားစုဝင်တွေအပါအဝင် ကိုယ့်ကလေးရဲ့ ကျန်းမာရေးကို မျက်ခြေမပြတ်စေဖို့ နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးပါ။ ကိုယ့်ရဲ့ ကလေး စားတတ်တဲ့ အစားအစာတွေ၊ မုန့်ပဲသွားရေစာတွေကို မှတ်ထားပြီး ဆရာဝန်ကို ပြောပြပေးပါ။ ဘယ်ရောဂါမဆို မဖြစ်ခင် ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါပဲ။

    ကလေးတွေအတွက် မရှိမဖြစ်အာဟာရ

    ကလေးတွေကို ကျွေးတဲ့ အစားသောက်တွေမှာ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ(Prebiotics) တွေပါသင့်ပါတယ်။ ဒါမှ အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ အားကောင်းလာပြီး အပြင်ကဝင်လာတဲ့ ရောဂါပိုးတွေကို မြန်မြန်တိုက်ထုတ်နိုင်မှာပါ။

    ဒါ့အပြင် ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးစေဖို့အတွက် အရေးပါတဲ့ ဓာတ်တွေဖြစ်တဲ့ DHA၊Omega-3နဲ့ Omega-6 ပါဝင်တဲ့ အစားအသောက်တွေကိုလည်း ကျွေးသင့်ပါတယ်။ ကလေးတွေကိုကြီးထွားဖွံဖြိုးစေတဲ့ နို့တွေထဲမှာDHA၊ Omega-3၊ Omega-6 နဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ (Prebiotics) တို့ ကြွယ်ဝစွာ ပါဝင်လို့ ကိုယ့်ရဲ့ ကလေးကို ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာစေလိုတဲ့ မေမေတွေအနေနဲ့ သေချာတိုက်ကျွေးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement