ကိုယ်ဝန်ဆောင်မေမေတွေ စိတ်အပူဆုံး ကိစ္စလေး တစ်ခု ရှိတယ်နော်။ ဒါကတော့ ကလေးကို မွေးဖွားချိန်မှာ အာဟာရ ပြည့်ဝတဲ့ နို့ဦးရည် ရပါ့မလား။ ကလေးအတွက် လုံလောက်တဲ့ မိခင်နို့ရည် ပြည့်ပြည့်ဝဝ ရရှိပါ့မလား ဆိုတာဟုတ်။ ဒီစိတ်ပူမှုတွေက မိခင်တိုင်း အထူးသဖြင့် ဘေဘီလေးကို ပထမဆုံး မွေးဖွားမယ့် မေမေတွေမှာ ပိုအဖြစ်များပါတယ်။ ဒီလိုမျိုး နို့ဦးရည် အာဟာရပြည့်ဝပြီး နို့ထွက်ကောင်းစေဖို့ ကိုယ်ဝန်ဆောင်ချိန်ကစပြီး ပြင်ဆင်ပေးလို့ ရပါတယ်နော်။ နို့ဦးရည် အာဟာရပြည့်ဝပြီး နို့ထွက်ကောင်းစေဖို့ ကိုယ်ဝန်ဆောင်ချိန်ကစ လို့ ဘယ်လို ပြင်ဆင်ပေးရမလဲဆိုတာကို အခုတစ်ခေါက် ပြောပြပေးသွားဖို့ ရှိနေပါတယ်။
နို့ဦးရည် အရေးကြီးသလား!
နို့ဦးရည်ဆိုတာက ကလေးမီးဖွားပြီးချိန်မှာ ပထမဆုံး ထွက်လာတဲ့ နို့ရည်ပါ။ နို့ဦးရည်က ကိုယ်ဝန်ဆောင်ချိန် ကတည်းက ဖြစ်ပေါ်နေတဲ့ မိခင်နို့ရည် တစ်မျိုးပါ။ ကလေးရဲ့ ကိုယ်ခံအား တည်ဆောက်ဖို့အတွက်လည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
နို့ဦးရည်မှာ ပရိုတင်း ကြွယ်ဝစွာ ပါဝင်ပြီး နောက်ပိုင်းထွက်မဲ့ နို့ရည်နဲ့ ယှဉ်ရင် အဆီ နဲ့ သကြားဓာတ် ပါဝင်မှု နည်းပါတယ်။ ဒါပေမဲ့ antibodies တွေကို ထုတ်ပေးနိုင်တဲ့ သွေးဖြူဥဆဲလ်တွေ ပါဝင်နေပါတယ်။ antibodies တွေက ကလေးကို ကိုယ်ခံအား ကောင်းစေပြီး ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးပါတယ်။
နို့ဦးရည်မှာ ပရိုတင်း အပြင် ဘေဘီလေးရဲ့ အမြင်အာရုံနဲ့ အသားအရေ ကျန်းမာစေပြီး ကိုယ်ခံအား ကောင်းစေနိုင်တဲ့ ဗီတာမင် A နဲ့ ဘေဘီလေးရဲ့ နှလုံး ကျန်းမာစေပြီး အရိုးတွေကို သန်မာစေမယ့် မဂ္ဂနီဆီယမ်၊ copper နဲ့ ဇင့်ဓာတ်တို့လိုမျိုး သတ္တုဓာတ်တွေနဲ့ antibodies ကြွယ်ဝမှုက ကလေးကို ကောင်းကောင်းမွန်မွန် ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့်လည်း မေမေတွေက နို့ဦးရည်မှာ အာဟာရ ပြည့်ဝမှု ရရှိဖို့ ကိုယ်ဝန်ရှိချိန်ကတည်းက အစစအရာရာ ဂရုစိုက်ရတာပေါ့။
နို့ဦးရည် အာဟာရပြည့်ဝပြီး နို့ထွက်ကောင်းစေဖို့ ကိုယ်ဝန်ဆောင်ချိန်ကစ ပြင်ဆင်ကြစို့
နို့ဦးရည် အာဟာရ ပြည့်ဝမှ ကလေးက ကျန်းမာပြီး ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးလာမှာပါ။ နို့ဦးရည်မှာ အာဟာရ ပြည့်ဝစေဖို့ဆိုရင် မေမေ အနေနဲ့ ကိုယ်ဝန်ဆောင်ကာလကတည်းက သေချာလေး ပြင်ဆင်ထားဖို့ လိုပါတယ်။ ပြောချင်တာကတော့ နို့ဦးရည်ကို အာဟာရ ပြည့်ဝစေဖို့နဲ့ မိခင်နို့ချို ထွက်ရှိမှု ကောင်းစေဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့အနေနဲ့ အာဟာရပြည့်ဝအောင် စားသုံးပေးဖို့လိုမယ်ဆိုတာပါ။
ဒီလို ကိုယ်ဝန်ဆောင်ချိန်ကတည်းက မေမေက အစာအာဟာရကို ပြည့်ဝအောင် စားသုံးမယ်ဆိုရင် နို့ချို ထွက်ရှိမှု ကောင်းမှာ ဖြစ်သလို မိခင်နို့ထွက် ကောင်းမှလည်း ကလေးကို လုံလုံလောက်လောက် နို့တိုက်နိုင်မှာပါ။ ဒါမှလည်းး ကလေးက ဖျားနာမှု ကင်းစေပြီး ကောင်းကောင်း ကြီးထွားမှာပါ။
မိခင်နို့ရည် ဆိုတာက ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝနေတဲ့ သဘာဝရဲ့ အာဟာရ တစ်ခုဆိုလည်း မမှားပါဘူး။ ပထမ ၆ လပတ်လုံး အာဟာရအဖြစ် မှီဝဲရတဲ့ မိခင်နို့ရည်ကို ပြည့်ပြည့်ဝဝ ရရှိမှလည်း ကလေးက ကောင်းကောင်း ဖွံ့ဖြိုးလာမှာပါ။
ဒီနေရာမှာ နောက်တစ်ခု ပြောချင်တာက နို့ဦးရည်မှာရော မိခင်နို့ရည်မှာပါ antibodies တွေနဲ့ ကောင်းကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်နေတာကြောင့် ကလေးကို
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ
- နားပိုးဝင်တာ၊
- ဆီးချို၊
- အဝလွန်တာနဲ့
- အမျိုးမျိုးသော ကင်ဆာတွေနဲ့
- ကလေးကို မွေးကင်းစကလေး ရုတ်တရက် သေဆုံးမှုတွေကနေ ကာကွယ်ပေးပါတယ်။
ဒါတင် မကသေးပါဘူး ဖွံ့ဖြိုးမှုပိုင်း အနေနဲ့
- ဦးနှောက် ကောင်းကောင်း ဖွံ့ဖြိုးစေဖို့
- ကလေးရဲ့ အမြင်အာရုံကို ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့
- စကားကောင်းကောင်း ပြောတတ်စေဖို့နဲ့
- မေးရိုးတွေနဲ့ ပါးစပ်ဖွံ့ဖြိုးမှုတွေကို အကောင်းဆုံး ထောက်ကူပေးပါတယ်။ နောက်ပြီး မိခင်နို့က ကလေးအတွက် လုံလောက်တဲ့ အာဟာရဓာတ်ကိုရော ရေဓာတ်ကိုပါ ဖြည့်ဆည်းပေးနိုင်ပါတယ်။