backup og meta

မိခင်နို့ရည် မှာ ဘာတွေပါနေလို့ ကလေးအတွက် အကောင်းဆုံးဖြစ်ရတာလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိခင်နို့ရည် မှာ ဘာတွေပါနေလို့ ကလေးအတွက် အကောင်းဆုံးဖြစ်ရတာလဲ။

    ကလေးမွေးပြီးလို့ ဆရာမတွေက ကလေးအသက် ၆လပြည့်တဲ့အထိ မိခင်နို့ရည် ပဲတိုက်နော်။ မိခင်နို့က အကောင်းဆုံးပဲနော်လို့ ပြောလိုက်ရင် အင်းလို့သာ ခေါင်းညိတ်လိုက်ရတာ တကယ်က ဘာလို့ ကောင်းမှန်းလဲ မသိပါဘူး။ လူကြီးတွေ သောက်တဲ့ နို့လိုပဲ မဟုတ်ဘူးလားလို့ ထင်မှာပါ။ အိမ်ရောက်လို့ လူကြီးတွေက နင့်ကလေးကို နို့ပဲတိုက်တာလား။ တခြား ဘာမှ မတိုက်ဘူးလားလို့ မေးရင်လည်း မတိုက်ဘူး၊ မိခင်နို့က အကောင်းဆုံးပဲလို့ ပြောတယ်။ ကဲ ဘာကောင်းလို့လဲလို့ မေးရင် ကလေးဗိုက်ပြည့်တယ်လောက်ပဲ ပြောတတ်မှာပေါ့နော်။

    တကယ်က မိခင်နို့က တော်တော်ဆန်းကျယ်တဲ့အရာပါ။ ကလေးတွေအတွက် လိုလေသေးမရှိအောင် အာဟာရတွေရော တခြား ကောင်းကျိုးတွေရော အများကြီး ရှိနေတဲ့အရာပါ။ ဒါတွေက ဘာတွေလဲဆိုတာ မေမေတို့ကို ပြောပြပေးပါ့မယ်။ ဒါမှ မေမေတို့ သံသယကင်းကင်းနဲ့ မိခင်နို့က အကောင်းဆုံးဆိုတာ ယုံနိုင်မှာပါ။

    မိခင်နို့ရည် 

    မိခင်နို့အကြောင်း မပြောခင် အရင်ဆုံး မိခင်နို့ ဘယ်နှမျိုးရှိလဲ အရင် ပြောပြပေးပါ့မယ်။ မေမေတွေ သတိထားမိလား မသိဘူး။ ကလေးမွေးမွေးချင်းတိုက်တဲ့ နို့ရည်နဲ့ နောက်ပိုင်း တစ်လလောက်နေလို့ တိုက်တဲ့ နို့ အရောင် မတူဘူးဆိုတာ။

    မွေးမွေးချင်းတိုက်တဲ့နို့ကို နို့ဦးရည်လို့ ခေါ်ပါတယ်။ ဝါကျဲကျဲလေးပါ။ ဒီနို့ဦးရည်က တစ်ပတ်လောက်ထိပဲ ထွက်ပါတယ်။ စစချင်းဆို နည်းနည်းပဲ ထွက်ပါတယ်။ တစ်နေ့လုံးနေမှ ၄၀၊ ၅၀ မီလီလီတာ (ရေသန့်ဘူးကြီးရဲ့ အပုံ၂၀ပုံ ၁ပုံ)လောက်ပဲ ထွက်ပါတယ်။ ဒါပေမယ့် ပြဿနာ မရှိပါဘူး။ အဲ့ဒီအချိန်မှာ ကလေးလေး ဗိုက်ကလည်း ဂေါ်လီလုံးအရွယ်သာသာလောက်ဆိုတော့ ဒီလောက်ဆို လုံလောက်ပါတယ်။

    နည်းနည်းလေးပဲ ထွက်ပေမယ့် နို့ဦးရည်ကို အထင်မသေးသင့်ဘူးနော်။ နို့ဦးရည်က နောက်ပိုင်းထွက်မယ့် မိခင်နို့နီးပါး အာဟာရတွေ အားလုံးပါပါတယ်။ နို့ဦးရည်ကို ကလေးတွေရဲ့ ပထမဆုံး ကာကွယ်ဆေးလို့တောင် ပြောကြတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ ရောဂါပိုးတွေ တိုက်ထုတ်မယ့် ပဋိဇီဝပစ္စည်းတွေ၊ သွေးဖြူဥဆဲလ်တွေက နောက်ပိုင်းထွက်မယ့် မိခင်နို့ထက်တောင် ပိုများနေလို့ပါ။ နောက်ပြီး နို့ဦးရည်သောက်လိုက်တာက ကလေးရဲ့ နုနယ်တဲ့ အစာလမ်းကြောင်းကို အပေါ်ကနေ တစ်လွှာအုပ်ပြီး ကာကွယ်ပေးလိုက်သလိုပါပဲ။

    ကလေးက အပြင်ကို ရောက်လာပြီဆိုတော့ သိပ်မကြာခင်မှာ အစာခြေလမ်းကြောင်းထဲကို ပိုးတွေ ဝင်လာတော့မှာပါ။ နို့ဦးရည်က ဒါတွေကို ခံနိုင်ရည်ရှိအောင် ကြိုကာပေးထားတာပါ။ ဗိုက်ထဲမှာတုန်းက မေမေ့စောင့်ရှောက်မှုနဲ့ ကြီးလာတဲ့ ကလေးလေးဟာ အပြင်ရောက်တော့ ကိုယ့်ကိုယ်ကို ကြိုးစားပြီး ရှင်သန်ရမှာပါ။ ဒါပေမယ့် မေမေ့နို့ဦးရည်က ကလေးလေးကို စောင့်ရှောက်ပေးမှာမို့လို့ သိပ်တော့ စိုးရိမ်စရာ မရှိပါဘူး။ ကလေးက လမစေ့လေလေ ပိုနုနယ်လေလေ မေမေ့နို့ဦးရည်ကို ပိုလိုလေလေပါပဲ။ ဒါကြောင့် မေမေတို့ မွေးပြီးပြီးချင်း ကလေးကို တတ်နိုင်သမျှ နို့မြန်မြန်တိုက်ပေးပါ။

    နို့ဦးရည်ထွက်တာ တစ်ပတ်လောက်နေရင် နောက်ထပ်တစ်မျိုး ပြောင်းသွားပါတယ်။ ဒါကို transition milkလို့ ခေါ်ပါတယ်။ နောက်တစ်လလောက်နေရင်တော့ မေမေတို့ ခုတိုက်နေတဲ့ နို့ဖြစ်လာပါတယ်။ ဒီလိုပြောင်းလာရတာက ကလေးရဲ့ အာဟာရလိုအပ်ချက်ကို လိုက်ညှိဖို့ပါတဲ့။ ဒါကြောင့် ဆန်းကျယ်တယ်လို့ ပြောတာပေါ့။

    မိခင်နို့မှာ ဘာတွေပါသလဲ။

    မိခင်နို့မှာ ဘာတွေပါနေလဲလို့ ခွဲခြမ်းစိတ်ဖြာကြည့်လိုက်တဲ့အခါမှာတော့

    • ရေ

    မိခင်နို့မှာ ရေက ၉၀ရာခိုင်နှုန်းနီးပါး ပါပါတယ်။ကျန်တဲ့အာဟာရတွေကတော့ ရေမှာ ပျော်ဝင်နေတာပေါ့။ ဒါကြောင့် ကလေးတွေကို မိခင်နို့တိုက်နေရင် ရေထပ်တိုက်စရာမလိုဘူးလို့ ပြောတာပါ။ မိခင်နို့မှာ ရေရော အာဟာရရော ပါပေမယ့် ရိုးရိုးရေမှာတော့ ဘာအာဟာရမှ မပါဘူးလေ။

    • ကာဘိုဟိုက်ဒရိတ်

    ကလေးလေးတွေလည်း အသက်ရှင်ဖို့ စွမ်းအင်လိုပါတယ်။ လူကြီးတွေ ထမင်းစားရင် ကာဘိုဟိုက်ဒရိတ်ရသလို ကလေးတွေလည်း နို့သောက်ရင် ကာဘိုဟိုက်ဒရိတ်ရပါတယ်။ မိခင်နို့မှာပါတဲ့ ကာဘိုဟိုက်ဒရိတ်ကတော့ လက်တို့စ်ပါ။ နွားနို့ထက်တောင် ပိုများပါတယ်။ လက်တို့စ်က ကလေးကိုယ်ခန္ဓာကြီးထွားဖို့ရော ဦးနှောက်ဖွံ့ဖြိုးဖို့ရော ကူညီပေးပါတယ်။

    နောက်ထပ်ပါတဲ့ ကာဘိုဟိုက်ဒရိတ်ကတော့ oligosaccharidesပါ။ ဒါက ဘက်တီးရီးယားအစာပါ။ ကလေးတွေ အူလမ်းကြောင်းမှာရှိတဲ့ ကောင်းကျိုးပြုဘက်တီးရီးယား (probiotics) တွေရဲ့ အစာ prebioticsပါ။ ဒီလိုပြောရင် မေမေတို့ ရှင်းသွားပါပြီ။ ဒါလေးတွေကြောင့် မိခင်နို့သောက်တဲ့ကလေးတွေ အလွယ်တကူ ဝမ်းမလျှောတာပါ။

    • အဆီ

    မိခင်နို့ရဲ့ ၄ရာခိုင်နှုန်းက အဆီပါ။ ကလေးလိုအပ်တဲ့ ကယ်လိုရီရဲ့ တစ်ဝက်နီးပါးကို ဒီအဆီတွေက ရတာပါ။ ဒါမှ ကလေးက အသက်အလိုက် ဝိတ်တက်လာမှာပါ။ ဒါ့ပြင် ဒီအဆီတွေက ကလေးရဲ့ ဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးဖို့လည်း လိုအပ်ပါတယ်။

    • ပရိုတိန်း

    ဒီမှာ ပရိုတိန်းလို့ ပြောတာ လူတွေ သိထားပြီးသား ဖြစ်တဲ့ အသားဓာတ်ထက်ပိုပါတယ်။ အင်ဇိုင်းတွေ၊ ပဋိဇီဝပစ္စည်းတွေ၊ ဟော်မုန်းတွေ အားလုံးပါပါတယ်။ ဒီတော့ တစ်ခုချင်းစီ ပြန်ကြည့်ရအောင်။

    အင်ဇိုင်း – အင်ဇိုင်းမှာ တချို့က နို့မှာပါတဲ့ အဆီတွေ၊ ပရိုတင်းတွေကို ချေဖျက်ပေးသလို တချို့ကလည်း ပိုးမွှားတွေ ဒဏ်ကနေ ကာကွယ်ပေးပါတယ်။

    ပဋိဇီဝပစ္စည်း – ပဋိဇီဝပစ္စည်းဆိုတာ ပိုးမွှားတွေကို တိုက်ထုတ်ပေးတဲ့အတွက် ကလေးကို မကြာခဏ ဖျားနာတာမျိုး၊ ဝမ်းလျှောတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မိခင်နို့မှာ အဓိကပါတဲ့ ပဋိဇီဝပစ္စည်းက IgAဖြစ်ပြီးတော့ ကလေးရဲ့ အဆုတ်နဲ့ အစာခြေစနစ်ကို အဓိက ကာကွယ်ပေးပါတယ်။ ကလေးက လမစေ့ဘဲ မွေးရင် ပဋိဇီဝပစ္စည်းပိုလိုပါတယ်။ ဆက်စပ်ပြီး ပြောရရင် မိခင်နို့မှာ သွေးဖြူဥဆဲလ်တွေလည်း ပါတဲ့အတွက် ကလေးကို ပိုးမွှားတွေ ဒဏ်ကနေ ဘက်ပေါင်းစုံက ကာပေးနေတာပါ။

    ဟော်မုန်း – အမေနို့မှာ သိုင်းရွိုက်ဟော်မုန်းတွေ၊ ကြီးထွားဟော်မုန်းတွေ၊ နို့ထွက်စေတဲ့ ပရိုလက်တင်တွေ ပါပါတယ်။ ဒီဟော်မုန်းတွေက ကလေးကြီးထွားစေဖို့အပြင် ကလေးအိပ်တဲ့ပုံစံ၊ စားတဲ့ပုံစံနဲ့ အမေနဲ့ ကလေးကြားက စိတ်ခံစားမှု (သံယောစဉ်)ကိုပါ ကောင်းစေပါတယ်။

    နောက်ထပ် အမေနို့မှာပါတဲ့ နာမည်ကြီး ပရိုတင်းကတော့ lactoferrinလို့ ခေါ် ပြီး ကလေးရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကာကွယ်ပေးပါတယ်။

    • ဗီတာမင်နဲ့ သတ္တုဓာတ်

    လူကြီးတွေလိုပဲ ကလေးတွေလည်း ဗီတာမင်နဲ့ သတ္တုဓာတ်စားရပါတယ်။ ကလေးတွေကတော့ အမေနို့က ရတာပေါ့။ အမေနို့မှာ ကလေး အရိုးတွေ သန်မာဖို့၊ မျက်လုံးနဲ့ အရေပြားတွေ ကျန်းမာဖို့ လိုအပ်တဲ့ ဗီတာမင်တွေ ပါပါတယ်။ သတ္တုဓာတ်မှာဆိုလည်း သံဓာတ်၊ ဇင့်၊ ကယ်ဆီယမ်၊ ဆိုဒီယမ်၊ ကလိုရိုက်၊ မဂ္ဂနီဆီယမ်၊ ဆီလီနီယမ် စတာတွေ ပါပါတယ်။

    ဒါပေမယ့် အမေက အစားရှောင်မယ်ဆိုရင်တော့ နို့ထဲမှာ တချို့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့ နေမှာပေါ့။ ဒါဆိုရင်တော့ ကလေးက သူငယ်နာဖြစ်ပြီး စိုးရိမ်ရတတ်ပါတယ်။ ဒါကြောင့် အမေတွေကို အစားမရှောင်နဲ့။ စုံအောင်စားလို့ မှာတာပါ။ တကယ်လို့ ကိုယ်က စုံအောင် မစားနိုင်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေး သောက်ဖို့ အကြံပေးချင်ပါတယ်။

    ဒီလောက်ဆိုရင်တော့ မေမေတွေ မိခင်နို့ရည် ကို စိတ်ချလက်ချ တိုက်လို့ ရပါပြီ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement