brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘေဘီလေးကို သန်ချမယ်ဆိုရင်

ဘေဘီလေးကို သန်ချမယ်ဆိုရင်

ဘေဘီလေးကို သန်ချမယ်ဆိုရင်

ကလေးတစ်ယောက်ကောင်းစွာကြီးပြင်းလာစေဖို့ နဲ့ ကျန်းမာစေဖို့အတွက်ပြည့်စုံလုံလောက်တဲ့ အာဟာရရှိဖို့လိုအပ်သလို စားလိုက်တိုင်းအာဟာရဖြစ်စေဖို့အတွက်ကလည်း အချိန်မှန် သန်ချပေးဖို့လိုအပ်မှာပါ။ ဒီအချက်ကို ကလေးကြီးထွားဖွံ့ဖြိုးနေတဲ့အချိန်ဖြစ်တဲ့ ပထမ ၅ နှစ်အတွင်းမှာသေချာဂရုစိုက်ပေး ဖို့လိုအပ်မှာပါ။ ဒီဆောင်းပါးလေးမှာ ကလေးသန်ချတဲ့အကြောင်းနဲ့ ပတ်သက်ပြီးမေမေတို့စဉ်းစားရခက်နေတဲ့ပြဿနာလေးအကြောင်းကိုပြောပြပေးပါရစေ။

သန်ကောင်တွေဘယ်မှာနေကြလဲ

သန်ကောင်တွေက လူသားတွေရဲ့ အစာခြေစနစ်ထဲမှာနေပြီး စားလိုက်တဲ့ အစာအာဟာရတွေကိုခေါင်းပုံဖြတ်နေကြတာပါ။ ကိုယ်ကစားရင်း သူကထွားရင်းပါ။ အရွယ်ရောက်ပြီးသူတွေမှာသိပ်မသိသာပေမယ့် ဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့ဘေဘီလေးတို့မှာတော့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ အခန့်မသင့်ရင် အန္တရာယ်ရှိတဲ့အနေအထားတွေဖြစ်စေနိုင်ပါတယ်။ ဥအခြေအနေနဲ့ ကိုယ်တွင်းကိုဝင်ရောက်သွားပြီး ကိုယ်တွင်းထဲမှာပေါက်ဖွားရှင်သန်ကြတာပါ။

ဘယ်လိုနည်းနဲ့ သန်ကောင်တွေကူးစက်တာလဲ

မြေကြီးတွေထဲမှာ သန်ကောင်ဥတွေရှိနေတတ်ပြီး ကလေးက စားရင်းကနေတဆင့် လက်တွေ၊ လက်သည်းတွေထဲမှာ ကပ်ပါလာရာက ခန္ဓါကိုယ်ထဲကို ကူးစက်နိုင်ပါတယ်။ ညစ်ပေတဲ့လက်တွေနဲ့ အစားစားတာ၊ သန့်ရှင်းမှုနည်းတဲ့ စားတွေစားမိတာ၊ မသန့်တဲ့ရေတွေသောက်မိတာကြောင့်လည်း သန်ကောင်တွေကူးစက်နိုင်ပါတယ်။ လူသားတွေနဲ့တိရစ္တာန်တွေရဲ့ အညစ်အကြေးတွေထဲမှာလည်းသန်ကောင်ဥတွေရှိနေနိုင်ပါတယ်။ အိမ်သာ၊ အိမ်သာတံခါးလက်ကိုင်တွေမှာလည်း သန်ကောင်ဥတွေကရှိနေနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေမှာလည်းရှိနေနိုင်ပါတယ်။

သန်ကောင်တွေရှိနေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ

တစ်ခါတလေမှာ သန်ကောင်တွေက ရှိနေလို့ ရှိနေမှန်းမသိရပါဘူး။ ကလေးတော်တော်များများက သန်ကောင်တွေရှိနေပေမယ့် ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်ပါပဲ။ သန်ကောင်ကူးစက်ခံထားရတာ အရမ်းကြာမြင့်လာတော့မှ

  • ဝမ်းပျက်တာ၊
  • ဝမ်းအရည်တွေသွားတာ၊
  • ဝမ်းကအရမ်းနံတာ၊
  • ဝမ်းခဏခဏသွားတာ
  • လေပွပြီး ဗိုက်အောင့်တာ၊
  • ဗိုက်ထဲက စူးစူးနဲ့အောင့်တာ
  • ကလေးက အစားတွေအရမ်းစားပြီး ဝမလာတာ၊
  • တံထွေးတွေ တစ်ချိန်လုံးထွက်နေတာ
  • အစားလုံးဝကျွေးမရတာ၊
  • စအိုတဝိုက်ယားယံနေတာတွေကလည်း ကလေးမှာ သန်ကောင်တွေရှိနေတာပါနော်။

ဘယ်အရွယ်ဆိုသန်ချလို့ရပြီလဲ

သန်ထနေပြီဆိုတော့ဘေဘီလေးကို ကျန်းမာစေချင်တာကြောင့် သန်ချချင်ပေမယ့် သန်ချလို့ရရဲ့လား။ ကလေးဘယ်အရွယ်မှ သန်ချရမလဲမသိဘူးဆိုပြီး ဇဝေဇဝါဖြစ်နေတာမျိုးရှိနိုင်ပါတယ်။ ကလေးက အသက်တစ်နှစ်ပြည့်ပြီဆိုရင် သန်ချလို့ရပါပြီ။ ကလေးက ငယ်သေးတဲ့အတွက် ဆရာဝန်ကညွှန်ကြားတဲ့အတိုင်းလုပ်ဖို့တော့လိုပါမယ်။ သန်ချတယ်ဆိုတာက တစ်ခါတည်းချရုံနဲ့ မလုံလောက်ပါဘူး။ သန်ချလိုက်တဲ့အခါ သန်ကောင်တွေကျသွားပေမယ့်လည်း သန်ဥတွေကတော့ကျန်ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့် သန်တွေပြန်ဖြစ်လာပြီး သံသရာလည်တာမျိုးမဖြစ်စေဖို့ ပုံမှန် ၆ လတစ်ကြိမ် သန်ချပေးဖို့လိုပါမယ်။

ဘယ်လိုကာကွယ်မလဲ

  • အလွယ်ကူဆုံးနည်းလမ်းက လက်သန့်ရှင်းရေးကိုဂရုစိုက်တာပါ။
  • အိမ်သာအဆင်း၊ အစာမစားခင်၊ ညစ်ပေတာတွေကို ကိုင်တွယ်ပြီးတိုင်း လက်ကို သန့်စင်အောင်ဆေးကြောပေးပါ။ အပြင်ကနေ အိမ်ပြန်ရောက်ချိန်မျာလည်း လက်ကိုဆေးကြောပေးပါ။
  • သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကိုသေချာသန့်စင်အောင်ဆေးကြောပေးပါ။
  • ပြင်ဆင်ချက်ပြုတ်တဲ့အခါ သန့်သန့်ရှင်းရှင်းလုပ်ပါ။
  • သန့်ရှင်းမှုအားနည်းတဲ့ အစားအစာတွေမကျွေးပါနဲ့။
  • အစားအစာတွေကို ကျက်အောင်ချက်ပါ။
  • သောက်သုံးရေ သန့်ရှင်းမှုကို ဂရုပြုပါ။
  • ၆ လတစ်ကြိမ် ပုံမှန်သန်ချပါ။
  • ကလေးကိုတွေ့ကရာပါးစပ်ထဲကောက်ထည့်တာမျိုးမလုပ်အောင် ဂရုစိုက်ပါ။
  • အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း ၆ လတစ်ကြိမ် သန်ချပါ။

ဒီအချက်လေးတွေကဘေဘီလေးကို သန်ချဖို့အတွက် ဘာလုပ်ရမှန်းမသိတဲ့မေမေတို့ကို အကောင်းဆုံး အထောက်အပံ့ဖြစ်စေဖိုပမျှော်လင့်ပါတယ်။ဘေဘီလေးတိုင်း သန်ပြဿနာကင်းပြီး ကျန်းမာကြပါစေကြောင်း……….

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 27/06/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။