Paraben ဆိုတာ ဘာလဲ
Paraben ဆိုတာ အလှကုန်နဲ့ဆေးဝါးထုတ်ကုန်တွေမှာ အသုံးပြုလေ့ရှိတဲ့ တာရှည်ခံပစ္စည်းတစ်မျိုးဖြစ်ပြီး ကလေးအသားအရေ အသုံးအဆောင်တွေမှာလည်း ပါဝင်လာတတ်ပါတယ်။ Paraben တွေက ကုန်ကျစရိတ်သက်သာပြီး အချိန်အတိုင်းအတာတစ်ခုအတွင်း ပိုးမွှားတွေရန်က ကာကွယ်ပေးနိင်ပါတယ်။methyl ၊ propyl နဲ့ butylparaben တို့က အလှကုန်တွေမှာ အသုံးများတဲ့ parabenအမျိုးအစားတွေဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကင်ဆာဖြစ်စေနိုင်တဲ့အထိ Paraben ရဲ့ ကျန်းမာရေးဆိုးကျိုးတွေအကြောင်းကို သုတေသနတွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။
ကလေးအသုံးအဆောင်တွေမှာ Paraben ပါဝင်မှု
Paraben တွေဟာ စရိတ်သက်သာပြီး တာရှည်ခံနိုင်စွမ်းမြင့်မားတဲ့အတွက် ကလေးအရေပြားအသုံးအဆောင်ပစ္စည်းတွေမှာတော်တော်များများသုံးကြပါတယ်။ Paraben က အသုံးဝင်ပေမယ့်ဘေးထွက်ဆိုးကျိုးတွေနဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ်။
Paraben ကဟော်မုန်းစနစ်ရဲ့ လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် သွေးလည်ပတ်မှုအတွင်း စိမ့်ဝင်ရောက်ရှိနိုင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ပုံမှန်လုပ်ဆောင်ချက်တွေကို ထိခိုက်စေနိုင်ပါတယ်။ Paraben အသုံးပြုခြင်းကြောင့်ဖြစ်တဲ့ သက်ရောက်မှုတွေကို မွေးကင်းစနဲ့ ကလေးတွေမှာ ပိုခံစားရလေ့ရှိပြီး ငယ်ရွယ်ချိန်မှာ Paraben နဲ့ထိတွေ့ရခြင်းဟာ သင်ယူလေ့လာနိုင်စွမ်းပြဿနာရှိလာတာလိုမျိုး ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာတွေအပြင် မျိုးဆက်ပွားခြင်းဆိုင်ရာရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ အရေပြားပွန်းထားတာရှိရင် ပေါင်ကြားဧရိယာကတဆင့် Parabenတွေပိုစုပ်ယူမိနိုင်ပါတယ်။
ကလေးအသားအရေ ကို Paraben နဲ့မထိတွေ့ရအောင် ဘယ်လိုကာကွယ်မလဲ
Paraben ပမာဏနည်းနည်းနဲ့တော့ အတည်ပြုနိုင်လောက်အောင် သိသာတဲ့ကျန်းမာရေးအန္တရာယ်မရှိတဲ့အတွက် တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းတွေမှာ အသုံးများကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ဆိုးကျိုးတွေကို သိလာကြတာနဲ့အမျှ paraben-freeဖြစ်တဲ့ ကုန်ပစ္စည်းတွေပေါ်ထွက်လာပါတယ်။ အထူးသဖြင့် ကလေးငယ်တွေအတွက်ပေါ့။ ကလေးအတွက် ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာတွေ စတဲ့ အသုံးအဆောင်တွေထဲparaben မပါဘူးဆိုရင် label မှာဖော်ပြထားတတ်ပါတယ်။
ဒါ့ကြောင့် ကလေးအသုံးအဆောင်ပစ္စည်းတွေဝယ်ရင် label မှာ paraben ပါမပါ ကြည့်ပြီးစစ်ပါ။ သတိထားသင့်တဲ့ paraben ရဲ့အသုံးများတဲ့ အမျိုးအစားတွေက –
- methylparaben
- ethylparaben
- propylparaben
- butylparaben
- isobutylparaben
- isopropylparaben တို့ဖြစ်ပါတယ်။ ဒါကြောင့် ကလေးအတွက် အသုံးအဆောင်ပစ္စည်းတွေဝယ်ယူမယ်ဆိုရင် လေဘယ်အညွှန်းမှာ အထက်ပါပစ္စည်းတွေပါမပါကြည့်ပြီး ရှောင်ရှားဝယ်ယူသင့်ပါတယ်။
ကလေးအသုံးအဆောင်တွေမှာ ပါဝင်တတ်တဲ့ အန္တရာယ်ရှိဓာတုပစ္စည်းများ
ကလေးအသုံးအဆောင်တွေမှာ Paraben အပြင် ဆိုးကျိုးဖြစ်စေနိုင်တဲ့ တခြားဓာတုပစ္စည်းတွေလည်း ပါဝင်တတ်ပါတယ်။ ကလေးအသားအရေမှာ ထိခိုက်မှုဖြစ်စေတဲ့ –
- Talc
- Fragrance (အမွှေးနံ့ပါရှိခြင်း။ ကလေးနဲ့ ဓာတ်မတည့်တာအဖြစ်များပါတယ်)
- Proplyene glycol
- Formaldehyde
- Mineral Oil
- Triclosan တို့လိုဓာတုပစ္စည်းတွေကို သတိထားသင့်ပါတယ်။
ကလေးငယ်တွေရဲ့ အသားအရေဟာ လူကြီးတွေလိုမျိုးမဟုတ်ပါဘူး။ နူးညံ့ပြီး ပြစ်မျိုးမှဲ့မထင်တဲ့ ချောမွေ့တဲ့အသားလေးတွေဟာ အသေအချာသတိမထားဘဲ အန္တရာယ်ရှိတာတွေ သုံးစွဲမိရင် အထိအခိုက်က လူကြီးတွေထက် ပိုဆိုးတတ်ပါတယ်။ ကလေးရဲ့အသားအရေကို တစ်သက်လုံးထိခိုက်သွားနိုင်တာလည်းဖြစ်နိုင်တယ်။ ဒါကြောင့် ကလေးတွေရဲ့ အသားနုနုလေးမှာ အဆိပ်သင့်ဓတုပစ္စည်းတွေနဲ့ မထိတွေ့ရအောင် ဒီပါဝင်ပစ္စည်းတွေမပါတဲ့ ကုန်ပစ္စည်းတွေကိုရွေးချယ်အသုံးပြုပေးပါ။
[embed-health-tool-vaccination-tool]