backup og meta

ကလေးများတွင်ဖြစ်သော မျက်လုံးတိမ်စွဲခြင်း

မျက်လုံးတိမ်စွဲတဲ့ရောဂါ (Cataracts) ဟာ များသောအားဖြင့် အသက်အရွယ်ကြီးရင့်သူတွေမှာသာ အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ၁ ဖက် ဒါမှမဟုတ် ၂ ဖက်စလုံး အမြင်အာရုံ ဆုံးရှုံးသွားလောက်အောင်ကို ဘေးအန္တရာယ်များပါတယ်။

မျက်လုံးတိမ်စွဲတယ်ဆိုတာက မျက်ဆံအနက်နဲ့ သူငယ်အိမ်တို့ရဲ့နောက်က မှန်ဘီလူး (Lens) မှာ တိမ်စွဲတာကို ဆိုလိုတာပါ။ ဒီလိုတိမ်စွဲတဲ့အခါမျိုးမှာ မျက်လုံးဟာ ကြည်လင်မှု လျော့ကျလာတာ ဒါမှမဟုတ် အမြင်နှစ်ထပ်ဖြစ်လာတာမျိုးတွေအပြင် မျက်လုံးရဲ့ အမြင်အာရုံဝေဝါးတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါမျိုးကို Cloudy Vision ဒါမှမဟုတ် Misty Vision လို့ ခေါ်ပါတယ်။ ပိုမိုဆိုးရွားလွန်းတဲ့ အခြေအနေမျိုးမှာ မျက်လုံးရဲ့ အမြင်အာရုံ လုံးဝဆုံးရှုံးသွားမှာဖြစ်ပါတယ်။

ဒီရောဂါဟာ အသက်အရွယ်နဲ့ အများဆုံးသက်ဆိုင်ပြီး အသက်ကြီးရင့်သူတွေရဲ့ ၄၀% လောက်ဟာ မျက်စိတိမ်စွဲတဲ့ ရောဂါကို ခံစားကြရပါတယ်။ ဒါပေမယ့်လည်း အသက်ကြီးရင့်သူတွေသာမက ငယ်ရွယ်တဲ့ကလေးတွေမှာလည်း ဒီရောဂါ စွဲကပ်နိုင်ပါတယ်။ ဒါကို Childhood Cataracts လို့ ခေါ်ဆိုပါတယ်။

Childhood Cataracts မှာ မွေးဖွားချိန်ကတည်းက ဒါမှမဟုတ် မွေးပြီးသိပ်မကြာခင်မှာ စွဲကပ်လာတဲ့ Congenital Cataracts နဲ့ ကလေး အရွယ် အနည်းငယ်ရောက်ချိန်မှ ဖြစ်ပွားတတ်တဲ့ Developmental, Infantile or Juvenile Cataracts ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကလေးတွေမှာ မျက်လုံးတိမ်စွဲတဲ့ရောဂါဟာ ရှားပါးပြီး ဖြစ်ပွားနှုန်းသိပ်မများဘူးဆိုပေမယ့် ပျမ်းမျှ ကလေး ၁၀၀၀၀ မှာ တစ်ဦးခန့်ဖြစ်နိုင်ချေရှိပါတယ်။ အများဆုံးဖြစ်နိုင်တဲ့ အသက်အရွယ်ကတော့ ၃ နှစ်နဲ့ ၄ နှစ်ကြားအရွယ်ဖြစ်ပါတယ်။

Childhood Cataracts ရောဂါလက္ခဏာများ

Cataracts ဟာ ကလေးတွေမှာလည်း လူကြီးတွေလိုပဲ မျက်လုံး တစ်ဖက်တည်း သီးသန့် သို့မဟုတ် ၂ ဖက်စလုံးဖြစ်ပွားနိုင်ပါတယ်။ တစ်ခါတရံမှာ တိမ်အရွယ်အစားကြီးထွားနိုင်ချေမြန်ဆန်တာမို့ ကလေးရဲ့ အမြင်အာရုံကို ထိခိုက်နိုင်ချေမြင့်မားပါတယ်။

အမြင်အာရုံချို့ယွင်းမှု ပြင်းပြင်းထန်ထန်ဖြစ်နိုင်ပြီးတော့ Childhood Cataracts ကြောင့် မျက်လုံး သူငယ်အိမ်စောင်းတာနဲ့ မျက်စိစွေတာမျိုးတွေပါ ထပ်ပြီး ဖြစ်ပွားနိုင်ပါသေးတယ်။ ကလေးတွေမှာ မျက်လုံးတိမ်စွဲတဲ့အခါမှာ ရောဂါလက္ခဏာတွေကို သိနိုင်ဖို့ ခက်ခဲပါတယ်။ ကလေးရဲ့ အသက်အရွယ် ငယ်လေလေ သိနိုင်ဖို့ ပိုခက်လေလေပါပဲ။

ဘာကြောင့် Cataracts ဖြစ်တာလဲ?

ငယ်ရွယ်စဉ် ဒါမှမဟုတ် မွေးရာပါ မျက်လုံးတိမ်စွဲတဲ့ရောဂါဟာ အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ချေရှိပါတယ်။

  • တစ်ချက်က မျိုးရိုးလိုက်တာဖြစ်ပါတယ်။ ရောဂါဖြစ်ပွားဖူးတဲ့ မျိုးရိုးရှိတယ်ဆိုရင် Lens ပုံမှန်မဟုတ်ပဲ မွေးဖွားနိုင်ချေမြင့်မားပါတယ်။
  • နောက်ပြီး Down’s syndrome ရှိသူတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။
  • မွေးဖွားပြီးနောက်ပိုင်းမှာ မျက်လုံးထိခိုက်မိတာကြောင့်လည်း Cataracts ဖြစ်နိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ဂျိုက်သိုးနဲ့ ရေကျောက်ရောဂါတွေဖြစ်ပွားခဲ့မယ်ဆိုရင်လည်း ရောဂါကူးစက်သက်ရောက်မှုကနေတဆင့် ကလေးအသက် ငယ်ရွယ်စဉ်မှာ Cataracts ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုကာကွယ်၊ ကုသမလဲ

ငယ်ရွယ်စဉ်အချိန်မှာ မျက်လုံးတိမ်စွဲတာဟာ တစ်ခါတရံမှာ ပြင်းထန်မှုမရှိတတ်ပဲ အမြင်အာရုံကို သိသိသာသာ မထိခိုက်စေပါဘူး။ ဒါပေမယ့်လည်း ဒါကိုမသိဘဲ ဒါမှမဟုတ် ဂရုမမူဘဲထားမိမယ်ဆိုရင် ရေရှည်မှာ မျက်လုံးမှေးတာ၊ အမြင်အာရုံလုံးဝ ဆုံးရှုံးသွားတာတွေလိုမျိုး ကုသရခက်ခဲတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ဖြစ်နိုင်ရင် ကလေးရဲ့ မျက်စိကို မွေးဖွားပြီး ၇၂ နာရီအကြာမှာ တစ်ကြိမ်၊ ၆ ပတ် နဲ့ ၈ ပတ်ကြားမှာတစ်ကြိမ် စနစ်တကျ စစ်ဆေးပေးသင့်ပါတယ်။ တစ်ခါတရံမှာ အဆိုပါအချိန်တွေမှာ စစ်ဆေးပြီးမှ ရောဂါလက္ခဏာပြသတာမျိုးလည်းဖြစ်နိုင်တာမို့ သတိထားသင့်ပါတယ်။

တကယ်လို့ မိမိတို့ရဲ့ ရင်သွေးမှာ ရောဂါလက္ခဏာတွေပြလာပြီဆိုတာ သိရရင် တတ်နိုင်သမျှ အစောဆုံး ကုသဖို့ တိုက်တွန်းပါရစေ။ စောစီးစွာကုသတာဟာ ရေရှည် အမြင်အာရုံပြဿနာတွေကနေ ကင်းဝေးနိုင်စေဖို့ အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/eye-health/cataracts-in-babies-and-children#1

https://www.nhs.uk/conditions/childhood-cataracts/

https://centerforsightlv.com/cataracts-in-young-people/

ယခုပုံစံ

06/07/2022

Ye Zon Aung မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိပ်ရာထလို့ မျက်လုံးမို့အစ်နေတာမျိုး မဖြစ်ချင်ရင် ဒါတွေကိုရှောင်ပါ

မျက်လုံး ပြဿနာပေါင်း သောင်းခြောက်ထောင် ။ ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Zon Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement