backup og meta

မျက်စိပါဝါကို လေဆာပစ်ပြီးဖျောက်ရာဝယ် (About LASIK treatment)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 24/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်စိပါဝါကို လေဆာပစ်ပြီးဖျောက်ရာဝယ် (About LASIK treatment)

    ကွန်ပြူတာ၊ စမတ်ဖုန်းအသုံးပြုသူတွေ အခုခေတ်ထဲများလာတာနဲ့အမျှ ဒါတွေကို အာရုံစိုက်ကြည့်ရတဲ့သူတွေအနေနဲ့ မျက်လုံးနဲ့ပတ်သက်ပြီး အဝေးမှုန်အနီးမှုန်တွေ အဖြစ်များလာကြတယ်။ ဒါပေမဲ့လည်း ခေတ်မီတိုးတက်မှုက ဆိုးကျိုးတင်မက ကောင်းတဲ့အချက်လေးတွေပါ တွဲပါလာလေတော့ ဒီလို မျက်စိမှုန်တာ၊ ဝါးတာတွေကို ပြန်ဖျောက်တဲ့နည်းလမ်းတွေလည်း ရှိလာပါတယ်။ အခုဒီမျက်စိပါဝါဖျောက်တဲ့ ကုသနည်းကိုတစ်ချက်လောက်လေ့လာကြည့်ရအောင်ပါ။

    မျက်လုံးကို လေဆာပစ်ပြီး ပါဝါဖျောက်တာကို အင်္ဂလိပ်လို LASIK (Laser-assisted in situ keratomileusis) လို့ခေါ်ပါတယ်။ ၁၉၈၅ ခုနှစ်လောက်က စပြီးကျင့်သုံးခဲ့တဲ့ ဒီနည်းဟာ အခုဆို တစ်ကမ္ဘာလုံးမှာ အတော်လေးလေးကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပါပြီ။ လေဆာနဲ့မျက်လုံးကို ကုသရာမှာ တခြားနည်းတွေလည်း ရှိပေမဲ့ ဒီနည်းက အတော်လေးအသုံးများပါတယ်။ သူ့ကို မျက်စိ အနီးမှုန်၊ အဝေးမှုန်နဲ့ မျက်စိသူငယ်အိမ်စောင်းတာတွေကိုပါ ကုသရာမှာသုံးပါတယ်။ တခြားမျက်စိအမြင်အာရုံကို ပြုပြင်ပေးတဲ့ ကုသနည်းတွေလိုပဲ ဒီနည်းမှာလည်း မျက်ကြည်လွှာကိုပြန်ပုံသွင်းပေးတဲ့နည်းနဲ့ ကုသပါတယ်။ မျက်ကြည်လွှာကို ပြန်ပုံသွင်းလိုက်ခြင်းဖြင့် အမြင်အာရုံစုစည်းတဲ့ retina အလွှာပေါ်ကို ပုံရိပ်တွေကောင်းကောင်းထင်ဟပ်ပြီး ကြည်ကြည်လင်လင် မြင်ရစေပါတယ်။

    ကုသတဲ့နည်းကတော့ ဒီလိုပါ။ အရင်ဆုံး မျက်လုံးကိုအပေါ်ကနေ ကွင်းလေးတစ်ခုနဲ့ ထိန်းထားပေးတယ်။ ပြီးရင် လေဆာ ဒါမှမဟုတ် ဓါးသေးသေးလေးတစ်ချောင်းကို သုံးပြီး မျက်ကြည်လွှာရဲ့အပေါ်ယံလွှာကို ဘေးတိုက်လှီးလိုက်ပါတယ်။ ဒီလိုလှီးရာမှာ လုံးဝပြတ်တောက်သွားအောင် လှီးလိုက်တာမဟုတ်ဘဲ အစွန်းဖက်မှာ အနည်းငယ်ချန်ထားပေးတယ်။ ပြောရရင် တံခါးပတ္တာတစ်ခုလိုပါပဲ။ လှီးလိုက်တဲ့ မျက်ကြည်လွှာကို အဖွင့်အပိတ်လုပ်လို့ရအောင် နေရာနည်းနည်းချန်ထားခဲ့ပါတယ်။ ပြီးရင်တော့ ဒီဟလိုက်တဲ့နေရာအောက်က မျက်ကြည်လွှာကို လေဆာသုံးပြီး ပြန်ပုံဖော်ပေးပါတယ်။ ဒီလေဆာက သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့၊ အင်မတန်တိကျတဲ့ လေဆာရောင်ခြည်တွေဖြစ်ပါတယ်။ ဒီလိုပြန်ပုံဖော်ပေးလိုက်တာကြောင့် မျက်ကြည်လွှာကို ဖြတ်ဝင်လာတဲ့ အလင်းရောင်တွေက အမြင်အာရုံစုစည်းတဲ့ အလွှာ retina ပေါ်မှာ ကောင်းကောင်းစုစည်းသွားနိုင်ပါတယ်။ ဒီနည်းအားဖြင့် မျက်စိအဝေးမှုန်၊ အနီးမှုန်တွေကို ပြုပြင်ပေးပါတယ်။ (အဝေးမှုန်သူတွေရဲ့မျက်ကြည်လွှာကို ပြားအောင်လုပ်ပေးရပြီး အနီးမှုန်တဲ့သူတွေကိုတော့ မောက်မောက်လေးဖြစ်အောင်လုပ်ပေးရပါတယ်)

    ဒါ့အပြင် မျက်စိသူငယ်အိမ်စောင်းတဲ့သူတွေမှာဆိုလည်း မညီမညာဖြစ်နေတဲ့ မျက်ကြည်လွှာကို ချောမွေ့အောင် လုပ်ပြီး ပုံမှန်အရွယ်အစားအတိုင်းဖြစ်အောင်လုပ်ပေးပြီး ကုသပါတယ်။

    မကုသခင် ပြင်ဆင်စရာလေးတွေတော့ရှိပါတယ်။ အရင်ဆုံး ကုသမှုခံယူမယ့် လူနာက လေဆာပစ်ပြီး ကုသမှုခံယူဖို့သင့်တော်ရဲ့လားဆိုတာ စမ်းသပ်စစ်ဆေးရပါတယ်။ မျက်ကြည်လွှာက ရှိသင့်တဲ့အထူ၊ အရွယ်အစားရောရှိရဲ့လား၊ မျက်လုံးတိမ်စွဲနေတာမျိုးတွေရော ရှိသလား စတာတွေရှိမရှိသေချာစစ်ဆေးရပါတယ်။ နောက်ပြီး မျက်လုံးက လိုအပ်တဲ့အစိုဓာတ်ရှိရဲ့သလားဆိုတာကိုလည်း ကြည့်ရပါသေးတယ်။ ခြောက်သွေ့လွန်းတဲ့ မျက်စိဆိုရင်လည်းလေဆာပစ်ဖို့သိပ်အဆင်မပြေပါဘူး။

    မျက်ကြည်လွှာရဲ့ ကွေးကောက်မှုကို တိုင်းတာဖို့ corneal topographer လို့ခေါ်တဲ့ကိရိယာကိုလည်း သုံးလေ့ရှိပါတယ်။ ဒါ့အပြင်လူနာမှာ တခြားရောဂါတွေရှိမရှိ သေချာအောင်စစ်ဆေးမှုလုပ်ရပါတယ်။ အဝေးမှုန်၊ အနီးမှုန်လူနာတွေအနေနဲ့ လေဆာမပစ်ခင် ၂ ပတ်လောက်ကြိုပြီး ကိုယ်တပ်နေတဲ့ မျက်မှန်တွေ၊ မျက်ကပ်မှန်တွေကို ဖြုတ်ထားဖို့လိုအပ်တယ်။ ဒါ့အပြင်ဒီအချိန်အတွင်းမှာ ဂိမ်းဆော့တာ၊ ကွန်ပြူတာအသုံးပြုတာ၊ တီဗီကြည့်ရှုတာတွေကို ရှောင်ရှားသင့်ပါတယ်။

    ဒီလိုလေဆာနဲ့ ကုသတဲ့နည်းက မိနစ်ပိုင်းပဲကြာပြီး နာကျင်မှုလည်း မရှိပါဘူး။ ပစ်ပစ်ပြီး ၂၄ နာရီအတွင်းမှာကို တိုးတက်မှုကိုသိသိသာသာခံစားရစေပါတယ်။ မျက်လုံးက အနည်းငယ် ပူစပ်ပူလောင်ဖြစ်သလိုလို၊ ယားသလိုဖြစ်နိုင်ပါတယ်။ လေဆာပစ်ပြီး တစ်ရက်လောက်တော့ ကောင်းကောင်းအနားယူသင့်တယ်။ ဆေးရုံကနေ တစ်ယောက်တည်း ကားမောင်းပြန်တာမျိုးမလုပ်ပါနဲ့။ ဒီလောက်မြန်မြန်ကြီး ပြန်အသုံးပြုတာမကောင်းပါဘူး။

    လေဆာပစ်ပြီးပြီးချင်းတော့ အမြန်အာရုံက ဝါးနေတာမျိုး၊ အရိပ်လေးတွေထင်နေတာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုဖြစ်တာကလည်း တစ်ရက်၊ နှစ်ရက်လောက်ပဲ ကြာပြီး သက်သာသွားမှာပါ။ ပစ်ပြီး တစ်ပတ်လောက်အထိ မျက်လုံးကို ပွတ်တာ၊ အလင်းရောင်စူးစူးကို စိုက်ကြည့်တာ၊ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တာ စတာတွေ ရှောင်ရှားရပါမယ်။ ကုသမှုပြီးတဲ့ ရက်ပိုင်းလောက်အထိ မျက်လုံးခြောက်သွေ့မှုမဖြစ်အောင် မျက်စဉ်းခပ်ရနိုင်တယ်။

    ကောင်းပြီ၊ ဒါဆိုပစ်ပြီးရင်ကော လုံးဝကောင်းသွားမှာလား၊ တော်တော်များများသော လူနာတွေကတော့ ပုံမှန်အမြင်အာရုံပြန်ရသွားပါတယ်။ လူတိုင်းအပေါ်သက်ရောက်ပုံချင်းမတူညီတာကြောင့် တချို့ကျတော့လည်း မျက်မှန်လုံးဝမပျောက်ဘဲ မျက်မှန်  ဆက်တပ်ရတတ်ပါတယ်။ ပါဝါတော့ လျော့သွားတာပေါ့လေ။ ကုသမှုလုပ်ပြီးတာတောင်မှ မျက်လုံးက ကြည့်ရတာ ပုံရိပ် ၂ ထပ်မြင်ရတာတွေ၊ ညဖက်ဆို အလင်းပြန်တာတွေဖြစ်နေမယ်ဆိုရင်တော့ နောက်တစ်ခါ ထပ်ပြီးလေဆာပစ်ဖို့လိုအပ်နိုင်ပါတယ်။ ဒီလို ဒုတိယအကြိမ်ပစ်ပြီးရင်တော့ လုံးဝကောင်းသွားတာများပါတယ်။ တစ်ခုရှိတာက အရင်တုန်းက လေဆာပစ်ခဲ့ပြီးပေမဲ့ အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှမျက်စိပြန်မှုန်လာတတ်ပါတယ်။ ဒါဟာ ကုသမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတော့မဟုတ်ပါဘူး။

    ဒါကတော့ အခုခေတ်က တိုးတက်လာတဲ့ ကုသမှုတစ်ခုဖြစ်တဲ့ မျက်လုံးကိုလေဆာပစ်ပြီး ပါဝါဖျောက်တဲ့အကြောင်းနည်းပတ်သက်ပြီး သိသင့်သိထိုက်တာလေးတွေပဲ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ အဓိက မှာချင်တာကတော့ လူအတော်များများလည်း အဆင်ပြေပြေလုပ်နေတဲ့ နည်းဆိုပေမဲ့ ကုသပေးတဲ့ ဆရာဝန်ရဲ့ ကျွမ်းကျင်မှုအပေါ်လည်း မူတည်သေးတာကြောင့် လေဆာမပစ်ခင် ကိုယ်လုပ်မယ့် ဆေးခန်း၊ ဆေးရုံ၊ ဆရာဝန် စတာတွေကို သေချာရွေးချယ်ပါလို့ အကြံပြုရင်း နိဂုံးချုပ်ပါတယ်။

    ရေးသားသူ – Dr. Htoo Tint Ko Ko

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 24/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement